တက္ကသိုလ်တက်ခွင့်ရဖို့ မိုင် ၂၅၀၀ ကျော် စက်ဘီးခရီးနှင်ခဲ့သူကို ဝီလ်စမစ်က စက်ဘီးသစ်နဲ့ လက်ပ်တော့သစ် လက်ဆောင်ပေး

10.1.24-yyl-2.jpg

အီဂျစ်နိုင်ငံမှာ တက္ကသိုလ်တက်ခွင့်ရဖို့ အာဖရိကနိုင်ငံတွေကို ကျော်ဖြတ်ပြီး မိုင် ၂၅၀၀ ကျော် စက်ဘီးခရီးနှင်ခဲ့တဲ့ ဂီနီနိုင်ငံသားကို ဟောလိဝုဒ်ကြယ်ပွင့် မင်းသား ဝီလ်စမစ်က ဗီဒီယိုကော ခေါ်ဆိုကာ စက်ဘီးသစ်နဲ့ လက်ပ်တော့သစ် လက်ဆောင်ပေးခဲ့ပါတယ်။

မာမာဒူဘာရီဟာ ဘီနင်၊ မာလီ၊ တိုဂို၊ ချက်ဒ်၊ ဘာကီနာဖာဆို၊ နိုင်ဂျာ အစရှိတဲ့ နိုင်ငံတွေနဲ့ ဆာဟာရသဲကန္တာရကို ကျော်ဖြတ်ပြီး ခရီးကြမ်းနှင်ခဲ့သူပါ။ သူဟာ ဘာကီနာဖာဆိုနိုင်ငံမှာ ၂ ကြိမ်၊ တိုဂိုနိုင်ငံမှာ တစ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ချက်ဒ်နိုင်ငံမှာ လေပြင်းတိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ပါတယ်။

အဲဒီနောက်မှာ ဒေသခံဂျာနယ်လစ် တစ်ယောက်က သူ့အကြောင်း ရေးသားခဲ့လို့ လူသိများသွားပြီး အလှူရှင်တစ်ဦးက သူ့ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကိုသွားဖို့ လေယာဉ်လက်မှတ် ဝယ်ပေးခဲ့ပါတယ်။ မာမာဒူဘာရီဟာ အီဂျစ်နိုင်ငံရဲ့ နာမည်ကျော် Al-Azhar တက္ကသိုလ်မှာ ပညာသင်ဆု အပြည့်အဝ ရခဲ့ပြီး အစ္စလာမ်ဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်တွေကို သင်ယူလျက် ရှိပါတယ်။

” သူ့ကို မြင်လိုက်တော့ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေးသွားတယ်။ ဒီလူ့ကို ငါ မြင်ဖူးပါတယ်လို့ ထင်နေတာ။ နောက်မှ ဝီလ်စမစ် ဖြစ်နေတာပဲ။ သူ့ဇာတ်ကားတွေ ကျွန်တော် ကြည့်ဖူးတယ်လေ။ ဟာ . . . . ငါ အခု ဝီလ်စမစ်နဲ့ စကားပြောခွင့်ရနေတာပဲဆိုပြီး အရမ်းပျော်သွားတယ်” လို့ မာမာဒူဘာရီက ဆိုပါတယ်။

Ref: Guy Cycles Across Africa Hoping to be Accepted at Prestigious University in Egypt–Gets Full Scholarship

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top