ဥပဒေရေးရာဆုံးဖြတ်မှုမှာ လူသားရှေ့နေတွေထက်အပြတ်အသတ်သာလွန်နေတဲ့ ဉာဏ်ရည်တုစနစ်

AI-Legal-Ethics-1078x516-1078x480.jpg

တိုးတက်လာတဲ့နည်းပညာတွေဟာ လူသားတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပိုအဆင်ပြေ၊ လွယ်ကူမြန်ဆန်အောင်ကူညီပေးနေခဲ့တာက ကြာပါပြီ။ လုပ်ငန်းခွင်မှာဆိုရင်လည်း စက်ရုပ်တွေ၊ AI (ဉာဏ်ရည်တုစနစ်) တွေ ကို စက်ရုံ၊ အလုပ်ရုံတွေမှာ ထပ်တလဲလဲလုပ်ရတဲ့ ပျင်းရိဖွယ်အလုပ်တွေမှာ ခိုင်းစေထားပြီး လူသားတွေကတော့ စဉ်းစားတွေးခေါ်ကြီးကြပ်ရတဲ့အပိုင်းတွေမှာ တာဝန်ယူလုပ်ဆောင် နေကြပါတယ်။ ဒါပေမဲ့ မကြာခင်ကာလအတွင်းမှာ AI တွေဟာ စဉ်းစားတွေးခေါ်ရတဲ့အပိုင်းမှာပါ လူသားတွေထက် သာလွန်လာနိုင်မလားဆိုတာ တွေးစရာရှိလာပါတယ်။

LawGeex လို့ခေါ်တဲ့ ဥပဒေဆိုင်ရာနည်းပညာကုမွဏီတစ်ခုက လေ့လာချက်တစ်ခုပြုလုပ်ခဲ့ပြီး အဲဒီလေ့လာချက်မှာ အတွေ့အကြုံရှိပြီးရှေ့နေအယောက် (၂၀) ကို AI နဲ့ ယှဉ်ပြိုင် ဆုံးဖြတ်မှုတစ်ခုလုပ်ခိုင်းခဲ့ပါတယ်။ ရှေ့နေအယောက် (၂၀) ထဲမှာ ကမ္ဘာ့နာမည်ကြီး ဥပဒေအကြံပေးကုမ္ပဏီတွေဖြစ်တဲ့ Goldma Sachs, Cisco နဲ့Alston & Bird စတဲ့ ကုမ္ပဏီတွေက ရှေနေ့တွေလည်းပါဝင်နေခဲ့ပါတယ်။

ယှဉ်ပြိုင်ခဲ့ရတာကတော့ လျှို့ဝှက်စာချုပ်စာတမ်းသဘောတူညီမှု (၅) စောင်ထဲက အန္တရာယ်ရှိနိုင်တဲ့အချက်တွေကို အမှန်ဆုံးနဲ့ အမြန်ဆုံးဖော်ထုတ်ပေးရမှာပါ။ မှန်ကန်မှုအပိုင်းမှာ AI က အတော်ဆုံးရှေ့နေနဲ့ (၉၄%) တူညီနေခဲ့ပါတယ်။ လူသားရှေ့နေတွေရဲ့ပျှမ်းမျှတွက်ချက်မှန်ကန်မှုကတော့ (၈၅% ) ရှိခဲ့ပြီး လူသားရှေ့နေဘက်က အညံ့ဆုံးမှန်ကန်မှုက (၆၇%) ဖြစ်ပါတယ်။

မြန်ဆန်မှုအပိုင်းကိုကြည့်ရင်လည်း လူသားရှေ့နေတွေက စာချုပ်စာတမ်း (၅) စောင်ကိုသုံးသပ်ဖို့ ပျှမ်းမျှအချိန် (၉၂ ) မိနစ်ယူခဲ့ရပေမဲ့ AI ကတော့ (၂၆) စက္ကန့်ပဲ လိုအပ်ခဲ့ပါတယ်။ လူသားဘက်က အမြန်ဆုံးစံနှုန်းဖြစ်တဲ့ (၅၁) မိနစ်ကတောင် AI ရဲ့စံချိန်ထက် အဆ (၁၀၀) ကျော် နှေးနေခဲ့တာပါ။

ဒီစမ်းသပ်မှုမှာ AI ရဲ့လုပ်ဆောင်ချက်ဟာ လူသားထက်သာနေတယ်ဆိုတာကတော့ သိသာလွန်းခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေကုမ္ပဏီတစ်ခုဖြစ်တဲ့ McKinsey ရဲ့ခန့်မှန်းချက်အရ ဥပဒေရေးရာမှာ အယ်လ်ဂိုရစ်သမ်နဲ့ လုပ်ဆောင်နိုင်တဲ့ပမာဏဟာ (၂၃%) ပဲ ရှိပါသေးတယ်။ အမှုသည်တွေကို အမှုနဲ့ပတ်သက်ပြီးရှင်းပြတာ၊ တရားခွင်မှာ အမှုသည်ကိုယ်စားလျှောက်လဲပေးတာ အစရှိတဲ့ ရှေ့နေတစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာ အားလုံးကို AI နဲ့အစားထိုးလိုက်ဖို့က အခုချိန်မှာမဖြစ်နိုင်သေးပါဘူး။

AI တွေနဲ့ စက်ရုပ်၊ စက်ပစ္စည်းတွေကိုအသုံးပြုမှုဈေးကွက်က နှစ်စဉ်တိုးတက်နေပြီး ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၁.၂ )ထရီလီယံဖိုးထိရှိခဲ့ကာ ၂၀၂၂ ခုနှစ်အရောက်မှာ (၃.၉) ထရီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ သူတို့ကို စက်ရုံတွေ၊ လုပ်ှုန်းခွင်တွေမှာ လူသားတွေအစား အသုံးပြုနေခဲ့တာကြာပါပြီ။ အဆိုပါနည်းပညာများဟာ အခုချိန်မှာတော့ ပိုရှုပ်ထွေးတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်လာပြီ ဖြစ်ပါတယ်။ ဒီဇိုင်း၊ ဘဏ္ဏာရေး စတဲ့နယ်ပယ်တွေမှာလည်း AI လုပ်ဆောင်ချက်အသစ်တွေပေါ်ထွက်လာသလို ဆေးပညာနယ်ပယ်မှာလည်း ရောဂါအမျိုးအမည်ကိုဖော်ထုတ်နိုင်တဲ့ AI တွေပေါ်ထွက်လာနေပြီဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးညီလာခံရဲ့ ၂၀၁၈ ခုနှစ် “အလုပ်အကိုင်ဆိုင်ရာမှတ်တမ်း” အရ စတုတ္ထအကြိမ်မြောက် စက်မှုတော်လှန်ရေးရဲ့နည်းပညာတွေဟာ လူသားတွေရဲ့ အလုပ်အကိုင် အတော်များများကို သိမ်းပိုက်နေရာယူ သွားမှာဖြစ်ပေမဲ့ လူသားတွေအတွက် နည်းပညာသစ်တွေကြောင့် ဆုံးရှူံးလိုက်တဲ့အလုပ်အကိုင်တွေအစား တခြားအလုပ်အကိုင်အသစ်တွေထပ်ပေါ်ပေါက်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: World Economic Forum “This AI outperformed 20 corporate lawyers at legal work”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top