အချိန်ကို နောက်ပြန်ဆွဲနိုင်ပြီလား

reverse_time_1552474484.jpg

သိပ္ပံပညာရှင်တွေဟာ လျှပ်စစ်သံလိုက်ကွန်ပျူတာတစ်လုံးကိုအသုံးပြုပြီး အချိန်ရဲ့လားရာ ပြောင်းလဲပစ်တဲ့အခြေအနေတစ်ရပ်ကို ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကြောင့် ကျွန်တော်တို့သိထားတဲ့ ရူပဗေဒဆိုင်ရာသိမှုတွေ၊ တရားသေအမှန်တရားတွေဟာ ပြောင်းလဲသွားနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ။

ရူပဗေဒဆိုင်ရာသိမှုတွေ၊ တရားသေအမှန်တရားတွေဟာ ပြောင်းလဲသွားနိုင်မလားဆိုတာက စိတ်ဝင်စားစရာပါ

သိပ္ပံပညာရှင်တွေဟာ သေသေသပ်သပ်စီထားတဲ့ ဘိလိယက်ဘောလုံးတွေကို ကြူတံနဲ့ ထိုးလိုက်ပြီးနောက် မူလအခြေအနေအတိုင်းပြန်ဖြစ်သွားတဲ့ အခြေအနေမျိုးကို အီလက်ထရွန်တွေ၊ အဓိကအားဖြင့် လျှပ်စစ်သံလိုက်အမှုန်တွေကိုသုံးထားတဲ့ ကွန်ပျူတာတွေကိုသုံးပြီး ဖန်တီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒီစမ်းသပ်ချက်ကို Moscow Institute of Physics and Technology University (MIPT) က လေ့လာသူတွေနဲ့ Switzerland နဲ့ US ရဲ့ ကောလိပ်တွေက ကျွမ်းကျင်သူတွေပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတာဖြစ်ကာ ပိုယုံကြည်လောက်ပြီး ပိုလည်းတိကျတဲ့ အချိန်နောက်ပြန်ဆွဲခြင်းဖြစ်ရပ်ကို ပြနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ”အချိန်ပြကိန်းညွှန်းမျဉ်းက ပြောင်းပြန်ပြနေတဲ့အခြေအနေကို အတုအယောင်အနေနဲ့ ဖန်တီးနိုင်ခဲ့တယ်လို့တော့ ယူဆရပါတယ်” လို့
ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Dr Jordy Lesovik (ဂျော်ဒီ လက်ဆိုဗစ်ခ်) က ပြောပြခဲ့ပါတယ်။

လေ့လာသူတွေအသုံးပြုခဲ့တဲ့ကွန်ပျူတာမှာ ”Qubit” လို့အမည်ရတဲ့ အီလက်ထရွန်အမှုန်ကို အသုံးပြုခဲ့တာဖြစ်ပြီး ”Qubit” ဆိုတာကတော့ 1 နဲ့ 0 ကြားက အခြေအနေတစ်မျိုးဖြစ်ပြီး ရံဖန်ရံခါ 1 နဲ့ 0 နဲ့ နှစ်ခုစလုံးအခြေအနေမှာ တစ်ပြိုင်နက်တည်းရှိနေတာမျိုးဖြစ်ပါတယ်။ (1 ဆိုတဲ့ အခြေအနေဟာ ပြည့်ပြည့်ဝဝ တစ်စုံတစ်ခုတည်ရှိတဲ့အခြေအနေဖြစ်ပြီး 0 ကတော့ လုံးဝမရှိတဲ့ အခြေအနေဖြစ်ပါတယ်) ဒီလို အခြေအနေ ၂ ခုစလုံးနဲ့ ရပ်တည်နေတယ်ဆိုတာ အတော်လေး ဆန်းကြယ်လှပါတယ်။ စမ်းသပ်မှုပြုလုပ်တဲ့ အခါမှာတော့ ဒီ Qubit အမှုန်တွေကို 0 အခြေအနေနဲ့ 1 အခြေအနေကြား အလွန်လျှင်မြန်တဲ့နှုန်းနဲ့ ပြောင်းလဲစေပြီး အခြေအနေ ၂ ခုကို ရှုပ်ထွေးသွားအောင် ရောယှက်ပစ်လိုက်တာဖြစ်ပါတယ်။

စမ်းသပ်ခံကွန်ပျူတာမှာပါတဲ့ ဗီဒီယိုအရတော့ ခုံပေါ်မှာသေချာစီထားတဲ့ ဘိလိယက်သီးတွေကို ကြူတံနဲ့ ထိုးပြီး ပုံစံပျက်ပြားစေတာကို မြင်ရပါတယ်။ ဒီအခြေအနေမှာ ကွန်ပျူတာထဲထည့်သွင်းထားတဲ့ Qubit အမှုန်တွေကိုသုံးပြီး အချိန်ရဲ့လားရာကို လှည့်စားစေရာမှာ ဘိလိယက်သီးတွေက မူလသေသေသပ်သပ်စီထားတဲ့ အခြေအနေကို ပြန်ရောက်သွားခဲ့တာဖြစ်ပါတယ်။ Qubit အမှုန်တွေဟာ အခြေအနေတစ်ခုကနေ မူလခြေအနေတစ်ခုဆီ ပြန်ရောက်သွားတာဖြစ်တယ်လို့ ယူဆရပါတယ်။

ရူပဗေဒနိယာမတွေအရ ဖြစ်စဉ်တစ်ခုဟာ နောက်ဖြစ်စဉ်တစ်ခုပြောင်းသွားပြီးရင် မူလအခြေအနေကို ပြန်မရောက်နိုင်တော့ပါဘူး

ကျွန်တော်တို့သိနိုင်တဲ့ ရူပဗေဒနိယာမတွေအရ ဖြစ်စဉ်တစ်ခုဟာ နောက်ဖြစ်စဉ်တစ်ခုပြောင်းသွားပြီးရင် မူလအခြေအနေကို ပြန်မရောက်နိုင်တော့ပါဘူး။ အတင်းကြံစည်မယ်ဆိုရင်တောင် မတူညီတဲ့ နောက်ထပ်အချိန်ကာလ အတွင်းမှာသာ ပြန်ရောက်နိုင်တော့မှာပါ။

အခုစမ်းသပ်ချက်မှာတော့ ကွန်ပျူတာကလည်း မူလအခြေအနေကိုပြန်ရောက်တဲ့အပြင် အချိန်ပြကိန်းညွှန်းကလည်း မူလအခြေအနေကို ပြန်ရောက်တယ်လို့ ယူဆရမှာ ဖြစ်ပြီး တစ်နည်းအားဖြင့် အချိန်ကို နောက်ပြန်ဆွဲနိုင်ခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ လေ့လာသူတွေရဲ့ အပြောအရ ဒါဟာ ၈၅ % ပဲအောင်မြင်တာဖြစ်ပြီး Qubit အမှုန်တွေထဲက ၃ ခုလောက်သာ မူလအခြေအနေကိုပြန်မသွားခဲ့ရင်တော့ ၅၀ % သာ အောင်မြင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့တွေဟာ အလျား၊ အနံ၊ အမြင့် နဲ့ အချိန်ဆိုတဲ့ Dimensions လေးမျိုးနဲ့ ပုံဖော်ခြင်းခံထားရတာပါ

အချိန်ဆိုတဲ့ အရာဟာ အင်မတန်ဆန်းကြယ်ပါတယ်။ ကျွန်တော်တို့တွေဟာ အလျား၊ အနံ၊ အမြင့် နဲ့ အချိန်ဆိုတဲ့ Dimensions လေးမျိုးနဲ့ ပုံဖော်ခြင်းခံထားရတာပါ။ ဥပမာအနေနဲ့ပြောရရင် အရာဝတ္ထု တစ်ခုဟာ လောလောလတ်လတ် ပစ္စုပ္ပန်အခြေအနေမှာ ဒီ Dimension ၄ မျိုးနဲ့ ရပ်တည်နေတယ် ဆိုပါစို့။ နောက်ထပ် (၅) မိနစ်လောက်မှာ ပြန်လာကြည့်မယ်ဆိုရင် အလျား၊ အနံ၊ အမြင့် ဟာ မူလအတိုင်းရှိနေစေဦးတော့၊ အချိန်ကတော့ ပြောင်းသွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၅) မိနစ်ဆိုတဲ့ Dimension ကို လုံးဝပြန်မရောက်နိုင်တော့ပါဘူး။

ကျွန်တော်တို့တွေဟာ အချိန်ဆိုတဲ့အရာကို သိချင်စိတ်ပြင်းပြင်းပြပြလွန်းကြလို့ အခုလို ထူးဆန်းတဲ့စမ်းသပ်မှုတွေလုပ်ပြီး အချိန်ရဲ့အကြောင်းကို ပိုနားလည်နိုင်ဖို့၊ နောက်တစ်ဆင့်အနေနဲ့ အချိန်ကို လိုသလိုချုပ်ထိန်းနိုင်ဖို့ (တစ်နည်းအားဖြင့် အချိန်ကို အနိုင်ယူနိုင်ဖို့) ကြိုးစားနေကြတာဖြစ်ပါတယ်။

Refrence: Independent ”Scientists ”reverse time” with quantum computer
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top