အီတလီနိုင်ငံရဲ့ အသက်အကြီးဆုံး တက္ကသိုလ်ဘွဲ့ရကျောင်းသားဖြစ်ခဲ့တဲ့ အသက် (၉၆) နှစ်အရွယ် အဘိုးအို

14-9-2020-yyl-009.jpg

“ပညာရှာ အိုသည်မရှိ” ဆိုတဲ့စကားအတိုင်းပါပဲ။ အီတလီနိုင်ငံက အသက် (၉၆) နှစ်အရွယ် အဘိုး ဂူဆက်ပီ ပါတာနို (Giuseppe Paterno) ဟာ အသက်ကြီးပေမယ့်လည်း တက္ကသိုလ်ဘွဲ့ရအောင် ယူပြနိုင်ခဲ့ပါတယ်။ အဘိုး ဂူဆက်ပီဟာ ဆင်းရဲမွဲတေမှု၊ စစ်ပွဲနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါလို ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။ သူက အဲဒီဘဝစိန်ခေါ်မှုတွေကို တွန်းလှန်ကျော်လွှားနိုင်ခဲ့ပါတယ်။ အခုဆိုရင် သူက တက္ကသိုလ်စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ကာ အီတလီရဲ့အသက်ကြီးဆုံးဘွဲ့ရကျောင်းသား ဖြစ်လာခဲ့ပါတယ်။

အရင်က ရထားလမ်းအလုပ်သမားဖြစ်ခဲ့တဲ့ အဘိုးက ဇူလိုင်လကုန်လောက်က ဒီပလိုမာဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။ သူ ဘွဲ့ယူတော့ မိသားစုဝင်၊ ဆရာ၊ ဆရာမတွေနဲ့ သူ့ထက် အသက် (၇၀) ကျော်ငယ်တဲ့ ဂျူနီယာကျောင်းသား/ သူတွေကလည်း လက်ခုပ်တီးကာ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ “ကျွန်တော် အခြားလူတွေလိုပဲ သာမန်ပုဂ္ဂိုလ်တစ်ယောက်ပါ။ အသက်အရွယ်အရတော့ ကျွန်တော် အခြားသူတွေထက် သာလွန်ပေမယ့် စာလေ့လာဖို့ကျတော့ နောက်ကျနေတယ်”လို့ အဘိုး ဂူဆက်ပီယာက ဆိုပါတယ်။ University of Palermo တက္ကသိုလ်မှာ History and Philosophy ဘာသာရပ်နဲ့ ဘွဲ့ရဖို့ ဝင်ခွင့်လျှောက်ထားခဲ့တဲ့အချိန်က သူ့အသက် (၉၀) ပြည့်နှစ်ဖြစ်နေပါပြီ။ အဘိုးဂူဆက်ပီယာက စာအုပ်ဖတ်ရင်နဲ့ ကြီးပြင်းခဲ့ရပေမယ့် ဘယ်တော့မှ စာလေ့လာဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဘဝစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရလို့ပါပဲ။

“အခုမှာ စာမလေ့လာရင် ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် တက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘွဲ့ရဖို့ နည်းနည်းနောက်ကျနေပြီဆိုတာကျွန်တော် နားလည်ပါတယ်ယ။ ငါ ဒါကို လုပ်နိုင်လားဆိုတာ ကြည့်ရအောင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တာပါ”လို့ ဆိုပါတယ်။ ဇူလိုင်လကုန်မှာ အဘိုးဂူဆက်ပီက သူ့အတန်းမှာ အရင်ဆုံးဘွဲ့ရခဲ့ကာ တက္ကသိုလ်အဓိပတိဆီကနေလည်း ဂုဏ်ပြုလွှာလက်ခံရရှိခဲ့ပါတယ်။

အဘိုးဂူဆက်ပီဟာ ကမ္ဘာ့ပျက်ကပ်ကြီးမတိုင်ခင်က ဆင်းရဲတဲ့မိသားစုကနေ ကြီးပြင်းခဲ့ရတဲ့အတွက် စာကို အခြေခံလောက်ပဲ သင်ယူခဲ့ရါတယ်။ ရထားလမ်းအလုပ်သမားမလုပ်ခင် ဒုတိယကမ္ဘာစစ်အတွင်းမှာ ရေတပ်ထဲဝင်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ လက်ထပ်ခဲ့ပြီး ကလေး (၂) ဦးကို ပြုစုပျိုးထောင်ပေးရမှာဖြစ်တဲ့အတွက် မီးရထားဘူတာမှာ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အလုပ်နဲ့မိသားစုက သူ့အတွက် ဦးစားပေးဖြစ်တဲ့အတွက် ပညာရေးဘက်မလိုက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ စာလေ့လာသင်ယူချင်တဲ့အတွက်ကြောင့် အသက် (၃၁) နှစ်မှာ အထက်တန်းအောင်မြင်ခဲ့ပါတယ်။ “ဗဟုသုတဆိုတာ ကျွန်တော်နဲ့အတူ သယ်လာတဲ့အိတ်တစ်ခုလိုပါပဲ။ ရတနာတစ်ခုပါပဲ”လို့ အဘိုးက ဆိုပါတယ်။

အဘိုးက နောက်ပိုင်းမှာ စာဆက်လက်လေ့လာဆည်းပူးခဲ့ပါတယ်။ အရင်က ၁၉၈၄ခုနှစ် ရထားလမ်းအလုပ်ကနေ အနားယူတဲ့အခါက သူ့အမေပေးခဲ့တဲ့ လက်နှိပ်စက်နဲ့ အက်ဆေးရေးခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ စာရိုက်နှိပ်ထားတဲ့စာအုပ်တွေကို ဦးစားပေးဖတ်ဖြစ်ခဲ့ပါတယ်။ ကြားထဲမှာ ကျန်းမာရေးအခြေအနေကြောင့် စာမလေ့လာဖြစ်ခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ ၂၀၂၀ခုနှစ်မှာတော့ ဘွဲ့ရအောင်ယူနိုင်ခဲ့ပါတယ်။ “မင်းက လူငယ်ကျောင်းသား/သူတွေအတွက် စံနာမူပါပဲ” လို့ အဘိုးဂူဆက်ပီ ဇွန်လမှာ နောက်ဆုံးနှုတ်ဖြေစာမေးပါ အောင်မြင်ခဲ့ပြီးတဲ့နောက်မှာ ပါမောက္ခက ပြောကြားခဲ့ပါတယ်။

အဘိုးဂူဆက်ပီက ကပ်ရောဂါအတွင်း အွန်လိုင်းကနေ စာသင်ကြားမှုလုပ်တဲ့ Video Call မှာ နည်းနည်းတော့ စိတ်မအေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဘဝတစ်လျှောက်မှာ စစ်ပွဲနဲ့ အခြားအရာများစွာကြုံတွေ့ခဲ့ဖူးတဲ့အတွက် ဒီရောဂါက သူ့ကို ကြောက်ရွံ့အောင် မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ အဘိုးရဲ့နောက်ထပ်အစီအစဉ်နဲ့ပတ်သက်ပြီးတော့ ပြောထားတာက “အနာဂတ်အတွက် ကျွန်တော့်အစီအစဉ်က စာရေးခြင်းမှာ သူ့ဘဝကို မြှုပ်နှံထားဖို့နဲ အခွင့်အရေးမရခဲ့တဲ့စာအားလုံးကို ပြန်လေ့လာဖို့ပါ။ ဒါက ကျွန်တော့်ရဲ့ရည်မှန်းချက်ပန်းတိုင်ပါပဲ”တဲ့။

Ref: ABCNews “96-year-old student graduates after surviving WWII and now a pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top