သမီးဖြစ်သူရဲ့တက္ကသိုလ်ကနေ ဘွဲ့ရအောင်ယူပြီး မိသားစုကို အံ့အားသင့်စေခဲ့တဲ့ ဖခင်တစ်ဦး

18-1-2021-yyl-03.jpg

အီလီနွိုင်းပြည်နယ်က အသက် ၄၇ နှစ်အရွယ် မိုက် လိုဗန် (Mike Loven) ဆိုတဲ့ ဖခင်တစ်ဦးကတော့ သူ့ရဲ့သမီး တက်ခဲ့တဲ့ တက္ကသိုလ်ကနေပဲ ဘွဲ့ရယူနိုင်ခဲ့တဲ့အတွက် မိသားစုကို အံ့အားသင့်စေခဲ့ပါတယ်။ မိုက်က Grand Canyon University ကနေ GPA ရမှတ် ၃.၉၉ နဲ့ ဘဏ္ဍာရေးနဲ့စီးပွားရေးဘွဲ့ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာမှာ ရရှိခဲ့တာပါ။

သူ့ရဲ့သမီး တာလိန်ချ် လိုဗန် (Taleigh Loven) ကတော့ အဲဒီတက္ကသိုလ်ကနေ စိတ်ပညာနဲ့ဘွဲ့ရခဲ့တာဖြစ်ပါတယ်။ မိုက်က သူ့သမီးနဲ့အတူ တက္ကသိုလ်တစ်ခုတည်းမှာ ဘွဲ့ရခဲ့တာပါပဲ။ အိမ်မှာ မိသားစုဝင်တွေရှိနေချိန်မှာ မိုက်က GCU တီရှပ်ကို ဝတ်ဆင်ကာ အခန်းထဲဝင်လာပြီး နောက်တော့ သူ့သမီးရဲ့ဘွဲ့ဝတ်စုံနဲ့တူညီတဲ့ ဘွဲ့ဦးထုပ်နဲ့ဝတ်စုံတို့ကို ဝတ်ဆင်ခဲ့တာပါ။ “ဝရုန်းသုန်းကားဖြစ်တာက အတော်လေးပျော်ဖို့ကောင်းတယ်။ ကျွန်တော် လျှို့ဝှက်ချက်တွေကို မထိန်းနိုင်ဘူး။ GCU က သမီးရဲ့ဒီပလိုမာဘွဲ့လက်မှတ်ကို ပို့ပေးခဲ့တာလို့ ကျွန်တော့်ဇနီးက ထင်ခဲ့တာပါ။ ပြီးမှ ဘွဲ့လက်မှတ်မှာ ကျွန်တော့်နာမည်ဖြစ်နေတယ်” လို့ မိုက်က ပြောပါတယ်။

မိုက်က ဝန်ထမ်းရှာဖွေရေးကုမ္ပဏီရဲ့ပိုင်ရှင်ပါ။ ၂၀၁၆ခုနှစ်မှာ တက္ကသိုလ်ကနေ ဘွဲ့တစ်ခုခုရအောင် ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့ဇနီး၊ သားနဲ့ သမီးတို့အားလုံးက မတူတဲ့တက္ကသိုလ်တွေကနေ ဘွဲ့တွေရရှိထားပြီးသားဖြစ်ပါတယ်။ မိုက် လျှို့ဝှက်စွာနဲ့ စာလေ့လာနေတာကိုတော့ မိသားစုတွေက နည်းနည်းတော့ သတိထားမိခဲ့ပါတယ်။ သူတို့ကတော့ အလုပ်အတွက် စာလေ့လာနေတယ်လို့ ထင်ခဲ့ကြတာပါ။ “ကျွန်တော် ဘွဲ့ရတာက အံ့အားသင့်စရာဖြစ်တော့မယ်လို့ ကျွန်တော်သိတယ်။ ဘာလို့လဲတော့မသိဘူး။ ကျွန်တော် (၄) နှစ်ခွဲလောက် လျှို့ဝှက်စွာ တက္ကသိုလ်တက်ခဲ့ရပေမဲ့ အခုတော့ မိသားစုအတူတူ ဂုဏ်ပြုပွဲဆင်နွှဲရပါပြီ” လို့ မိုက်က ပြောပါတယ်။

သမီးဖြစ်သူတာလိန်ချ်ကလည်း သူ့အဖေရဲ့အောင်မြင်မှုကို သိရပြီးတဲ့နောက်မှာ အရမ်းပီတိဖြစ်မိခဲ့တယ်လို့ ဆိုပါတယ်။ “အဖေက ဘွဲ့ရဖို့ လုပ်နေတဲ့အချိန်အတွင်းမှာတောင် ကျွန်မတို့အတွက် မိသားစုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပေးတယ်။ အဖေအတွက် ဘယ်လောက်ဂုဏ်ယူတယ်ဆိုတာကို စကားလုံးနဲ့တောင် ဖော်ပြလို့မရနိုင်ပါဘူး” လို့ တာလိန်ချ်က ပြောပါတယ်။ တာလိန်ချ် ပိုပြီးအံ့အားသင့်ခဲ့ရတာက သူ့ရဲ့အဖေက သူတက်ခဲ့တဲ့ တက္ကသိုလ်ကိုပဲ ရွေးချယ်ခဲ့လို့ပါပဲ။

Ref: ABCNews “Dad surprises family with bachelor’s degree from same university as daughter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top