ကားမှာရေးထားတဲ့ကြော်ငြာစာကို တွေ့ပြီး ကျောက်ကပ်လှူဒါန်းခဲ့သူ

starr-gardy-daniel-jones-kidney-01-ht-jc-190513_hpMain_4x3_992.jpg

ကယ်ရိုလိုင်းနားပြည်နယ်တောင်ပိုင်း၊ ချားလ်စ်တမ်မြို့က ကလေးနှစ်ယောက်မိခင် စတား ဂါဒီ (Starr Gardy) က ဒန်နီရယ် ဂျုန်း ဂျူနီယာ (Daniel Jones Jr.) ဆိုတဲ့ လူငယ်လေးတစ်ဦးကို မေလ (၁) ရက်နေ့က ကျောက်ကပ်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလူငယ်လေးရဲ့မိခင် လက်ဟွန်ဒါ ပတ်ချ် (Lashonda Pugh) က သူ့ရဲ့ကားမှန်မှာ ကျောက်ကပ်လှူဒါန်းဖို့ အသနားခံစာရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဂါဒီက သူ့သမီးမွေးနေ့ပါတီအတွက် လိုအပ်တဲ့ပစ္စည်းတွေကို Walmart မားကတ်မှာ သွားဝယ်တဲ့အချိန်မှာ ပတ်ချ်ရဲ့ကားမှန်က စာကို မြင်သွားခဲ့တာပါ။

ပတ်ချ်ရဲ့စာလေးက “ကျေးဇူးပြုပြီး…ကူညီပေးပါ။ ကျွန်မရဲ့သားလေး ကျောက်ကပ်လိုအပ်နေပါတယ်”ဆိုတာအပြင် သွေးအမျိုးအစားကိုလည်း ထည့်ရေးထားပါတယ်။ ဂါဒီက “ကျွန်မ စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ ကျွန်မ ဘယ်လိုကူညီနိုင်မလဲလို့ တွေးမိခဲ့ပါတယ်”လို့ ပြောပြပါတယ်။

ဒန်နီရယ်က ကလေးဘဝကတည်းက ကျောက်ကပ်လုပ်ဆောင်မှု ဆုံးရှုံးစေတဲ့ အယ်ပေါ့ ဆန်ဒရုန်းရောဂါ (Alport syndrome) လို့ ခေါ်တဲ့ မျိုးရိုးဗီဇအေရ ဖြစ်တဲ့ရောဂါကို ခံစားခဲ့ရပါတယ်။

၂၀၁၇ခုနှစ် မတ်လ (၂၇) ရက်နေ့မှာ သူ့ကျန်းမာရေးက ဆိုးရွားလာခဲ့ပြီး အရေးပေါ်ကျောက်ကပ်သန့်စင်ခဲ့ရပါတယ်။ “ကျွန်မ အသည်းတွေ ကြေမွပျက်စီးသွားခဲ့တယ်။ သူ့ကို ကျွန်မ မကူညီပေးနိုင်သလို ခံစားခဲ့ရပါတယ်။ သူ့မိခင်ဖြစ်တဲ့အတွက် ဒီဖျားနာမှုကနေ ကျော်လွှားနိုင်တဲ့အရာမှန်သမျှကို ကျွန်မလုပ်ဆောင်နေခဲ့တယ်”လို့ ပတ်ချ်က ဆိုပါတယ်။

ဒန်နီရယ်က ကျောက်ကပ်လိုအပ်တာကြောင့် ပတ်ချ်က သူ့ရဲ့ကားမှန်မှာ စာရေးသားခဲ့တာဖြစ်ပါတယ်။ ကျောက်ကပ်လှူဒါန်းပေးဖို့ မြို့ခံ (၁၂) ဦးကျော်လောက် ပေါ်ထွက်လာခဲ့ပေမဲ့ ဂါဒီနဲ့သာ ကိုက်ညီခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မရဲ့ ကလေးတွေကို မာမီ တစ်စုံတယောက်ကို ကျောက်ကပ်လှူမယ်ဆိုရင် ဘယ်လိုလဲ” လို့ မေးခဲ့ပါတယ်။ သူတို့ကလည်း အဆင်ပြေတယ်၊ ကျွန်မရဲ့ခင်ပွန်းကလည်း “မင်း လုပ်တဲ့အရာရာတိုင်း ငါ အဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်”လို့ ဂါဒီက ပြောပြပါတယ်။

ဂါဒီနဲ့ ဂျုန်းတို့က ချားလ်စ်တမ်ဆေးရုံမှာ ကျောက်ကပ်အစားထိုးကုသမှုပြုလုပ်ခဲ့ပြီး ခွဲစိတ်ကုသမှုပြီးမှသာ မိသားစုနှစ်ဖွဲ့လုံးက ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

“သူ့ကို မိသားစုလို ခံစားရပါတယ်။ ကျွန်မတို့ ပွေးဖက်ငိုကြွေးခဲ့ကြပြီး ကျွန်မရဲ့သားလေးကို ဘဝမှာ ဒုတိယအခွင့်အရေး ပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ပါတယ်” လို့ ပတ်ချ်က ဆိုပါတယ်။ “အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာခဲ့တာပါ။ အဲဒီအတွက် ပြန်ပေးဆပ်လို့တောင် မရနိုင်ပါဘူး။ ကျွန်တော်လုပ်နိုင်တာအားလုံးက သူ့ကို ကျေးဇူးတင်ဖို့ပါပဲ”လို့ ဂျုန်းကလည်း ပြောပါတယ်။

လက်ရှိမှာတော့ ဂျူန်းနဲ့ ဂါဒီတို့က ကျန်းမာရေးပြန်လည်ကောင်းမွန်နေပါပြီ။ ဂျူန်းက လမ်းတံတားဆောက်လုပ်ရေးမှာ သူ့ရဲ့အလုပ်ကို ပြန်ရဖို့ မျှော်လင့်လို့နေပါတယ်။

Ref: Mom of 2 gives kidney to 24-year-old after seeing plea written on his mother’s car
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top