Lockdown ကာလမှာ ဇနီးဖြစ်သူအတွက် အရက်ဘားတစ်ခုကို နာရီအနည်းငယ်အတွင်းဆောက်လုပ်ပေးခဲ့သူ

25-8-2021-yyl01.jpg

အရက်ဘားဆိုင်ကို မသွားရတာကြာပြီဖြစ်တဲ့ သူတွေထဲမှာ ဆစ်ဒနီမြို့က ကေလင် (Kaylyn) ဆိုတဲ့ အမျိုးသမီးတစ်ယောက်လည်း အပါအဝင်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတာကြောင့် သူနေထိုင်ရာ ဒေသမှာ Lockdown ချထားတဲ့အတွက်ကြောင့်ပါ။ အရက်ဘားဆိုင်မသွားရလို့ လွမ်းတဲ့အကြောင်း သူ့ခင်ပွန်းဖြစ်သူကို ပြောဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ခင်ပွန်းဖြစ်သူ ဒန်နီရယ်ကလည်း အရက်ဘားဆိုင်တစ်ခုကို သူ့အိမ်မှာပဲ ဖန်တီးပေးခဲ့ပါတော့တယ်။

ဒန်နီရယ်နဲ့ ကေလင်တို့က သူတို့ရဲ့ကားဂိုဒေါင်မှာ ဘားတစ်ခုကို ဖန်တီးလို့ရမရ Facebook Marketplace နဲ့ ဒေသတွင်းက အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွေကနေတဆင့် ရှာဖွေကြည့်ခဲ့ပါတယ်။ ဒန်နီရယ်က ဒေါ်လာ ၃၀၀ တည်းနဲ့ နာရီအနည်းငယ်အတွင်းမှာပဲ ဘားတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကေလင်က သူ့ခင်ပွန်း ဆောက်လုပ်နေတာကို ထိုင်ကြည့်နေရုံပါပဲ။

“ကျွန်မတို့တွေက ပုံမှန်ဆိုရင် တစ်ပတ်တစ်ခါလောက် သူငယ်ချင်းတွေနဲ့အတူ ဘားသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်က ကျွန်မတို့ကို အိမ်မှာပဲ နေစေချင်တာကြောင့် ဘားသွားခဲ့တာကို လွမ်းနေရတယ်” လို့ ကေလင်က ပြောပါတယ်။ ဘားဆောက်လုပ်တာမှာ ဈေးအကြီးဆုံးအစိတ်အပိုင်းက ဘားကောင်တာဖြစ်ပြီး ဈေးအနည်းဆုံးက အရက်တွေတင်တဲ့ ခင်းပြားပါပဲ။

ဒန်နီရယ်က ဘားနဲ့ ပိုပြီးတူအောင်လို့ အရက်ပုလင်းတွေထားလို့ရတဲ့ စင်ကိုလည်း တပ်ဆင်ခဲ့ပါသေးတယ်။ အရင်လို သူငယ်ချင်းတွေနဲ့အတူ ဘားမထိုင်ရပေမဲ့ ဒန်နီရယ်တို့က သူတို့လိုအပ်တဲ့အချိန်တိုင်း သူတို့ရဲ့ကိုယ်ပိုင်ဘားမှာတော့ ထိုင်နိုင်မှာပါ။ ကေလင်က ဘားတစ်ခု ဆောက်လုပ်နေတဲ့ ဒန်နီရယ်ရဲ့ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ တင်ခဲ့ပါသေးတယ်။ ကေလင်က Lockdown ကာလမှာ ပျော်စရာကောင်းတဲ့အရာတစ်ခုခုကို ဖန်တီးနိုင်တယ်ဆိုတာကို အခြားသူတွေသိသွားဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

Ref: Ladbible “Sydney Man Builds Wife A $300 Pub In Their Garage In Just A Few Hours”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top