ပျက်စီးပြီးသောဂြိုဟ်သားအဖွဲ့အစည်းများအားရှာဖွေခြင်းက လူသားများကိုကယ်တင်နိုင်မလား

Alien_tunnel.jpg

ဟားဗတ်ဒ်ကသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ပရော်ဖက်ဆာ Avi Loeb က ကျွန်တော်တို့ဟာ သက်ရှိဂြိုဟ်သားအဖွဲ့အစည်းများကိုရှာသင့်သလိုပဲ သေဆုံးပြီးအဖွဲ့အစည်းများကိုလည်းရှာဖွေသင့်တယ်လို့ ဆိုလိုက်ပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ The Humans to Mars Summit ပွဲမှာတင်ပြခဲ့တဲ့ သူ့ရဲ့ Presentation အတွင်း အခုလိုပြောကြားခဲ့တာဖြစ်ပြီး ပျက်စီးသေဆုံးသွားပြီးဖြစ်တဲ့ ဂြိုဟ်သားအဖွဲ့အစည်းတွေကိုရှာဖွေခြင်းဟာလည်း ကျွန်တော်တို့ရှင်သန်နိုင်ဖို့အတွက် ရှောင်ရှားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ခြင်းဖြစ်ပါတယ်။

ဒီမှာ သူအဓိကဆိုလိုချင်တာကတော့ အခုလိုလေ့လာရှာဖွေရင်းနဲ့လဲ ကျွန်တော်တို့ဟာ အများကြီး learn လုပ်ပြီးသားဖြစ်သွားနိုင်တယ် ဆိုတဲ့အချက်ပါ။ ကျွန်တော်တို့ဟာ အချင်းချင်း နျူကလိယလက်နက်များနဲ့ ရန်စခြင်းတွေပြုလုပ်မသွားဖို့၊ သယံဇာတတွေကိုလည်း အမြော်အမြင်ရှိစွာအသုံးချဖို့၊ လူလုပ်ဘေးအန္တရာယ်တွေကို တတ်နိုင်သမျှလျှော့ချသွားဖို့ဟာ ကျွန်တော်တို့ကမ္ဘာပေါ်မှာ ရေရှည်နေထိုင်နိုင်ဖို့အတွက် အဓိကကျတယ်လို့လဲ ထပ်ပေါင်းပြောကြားသွားပါတယ်။

ရှေးဟောင်းဂြိုဟ်သားအဖွဲ့အစည်းတွေ သဲလွန်စတွေကိုရှာဖွေဖို့အတွက် နည်းလမ်းပေါင်းများစွာရှိပါတယ်

အခုလို ရှေးဟောင်းဂြိုဟ်သားအဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်းရှာဖွေလေ့လာခြင်းကို အာကာသရှေးဟောင်းသုတေသနပညာ(space archeology) လို့ခေါ်ခဲ့ပါတယ်။ ရှေးဟောင်းဂြိုဟ်သားအဖွဲ့အစည်းတွေ သဲလွန်စတွေကိုရှာဖွေဖို့အတွက် နည်းလမ်းပေါင်းများစွာရှိပါတယ်။ ဥပမာအားဖြင့် ဂြိုဟ်မျက်နှာပြင်အနေအထားပေါ်မှာ ယိုယွင်းမှုများ၊ လေထုအတွင်းမှ နျူကလိယဓာတ်ငွေ့ဆန်ဆန်အဆိပ်ဓာတ်ငွေ့များ၊ ပျက်စီးပြီးတဲ့နည်းပညာအကြွင်းအကျန်များ စသဖြင့် အများကြီးရှိတယ်လို့ Loeb က ပြောကြားခဲ့ပါတယ်။

အခုလို သဲလွန်စတွေကို တွေ့ရှိခြင်းဟာ သိပ္ပံပညာရဲ့ အကြီးမားဆုံးတွေ့ရှိမှုတွေထဲက တစ်ခုဖြစ်နိုင်ပြီးတော့ ကျွန်တော်တို့လူသားမျိုးစိတ်အတွက် ပိုမိုကောင်းမွန်တဲ့လမ်းညွှန်မှုများကို ရရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိအဆင့်မြင့်နည်းပညာများ (radio technology) ဟာ နှစ်ပေါင်း (၁၀၀) ခန့်သာ သက်တမ်းရှိသေးပြီးတော့ အချို့သော ဂြိုဟ်သားအဖွဲ့အစည်းများရဲ့ နည်းပညာများကတော့ နှစ်ပေါင်းသန်းချီရှိနှင့်ပြီးလည်းဖြစ်နိုင်ပါတယ်။ ဒီကတစ်ဆင့် ကျွန်တော်တို့ဟာ ကိုယ်ပိုင်နည်းပညာများအတွက်လည်း အလွန်ကောင်းမွန်တဲ့ breakthrough တွေ့ရှိမှုများကို ရရှိနိုင်ပါတယ်။

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့နေအဖွဲ့အစည်းအတွင်း ပုံမှန်ပုံသဏ္ဍာန်မဟုတ်တဲ့ ဥက္ကာခဲတွေက ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတွေနဲ့ လှည့်ပတ်နေတာကို တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် Oumuamua လို့အမည်ရတဲ့ ဥက္ကာခဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းကတွေ့ရှိခဲ့ပြီး အစမှာ သိပ္ပံပညာရှင်များက အခြားဂြိုဟ်သားအဖွဲ့အစည်းတစ်ခုရဲ့ယာဉ်ဖြစ်နိုင်တယ်လို့ တွေးထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူဟာ သာမန်ဥက္ကာခဲတစ်လုံးသာဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ပြီးဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ အခုလိုဥက္ကာခဲများဟာ ရှေးဟောင်းဂြိုဟ်သားအဖွဲ့အစည်းတွေ သွားလာလှုပ်ရှားမှုများက ကျန်ရစ်ခဲ့တဲ့ သဲလွန်စလည်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့အရင်က သွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး traffic အနည်းငယ်ကို ကိုယ်တွေ့ကြုံတွေ့ဖူးပြီးတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်အခုလို ဥက္ကာခဲတွေ၊ ပုံမှန်မဟုတ်တဲ့ဂြိုဟ်တွေ၊ ကြယ်တွေကို ထောက်လှမ်းမိတာနဲ့ ကျွန်တော်တို့ဟာ အပေါ်ယံလေ့လာရုံတင်သာမကပဲ အသေးစိတ်လေ့လာခြင်းနဲ့ ရှေးဟောင်းဂြိုဟ်သားအဖွဲ့အစည်းတွေနဲ့ပတ်သတ်ပြီး သဲလွန်စတွေရနိုင်ပါတယ်လို့ Loeb က ပြောကြားခဲ့ပါတယ်။

မူရင်းလင့်ခ် – https://tinyurl.com/yxboahhq

Ref: Curiosity

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top