ထီနံပါတ် တစ်ခုတည်းကို ၂၅ နှစ်တိုင်တိုင်ထိုးပြီး ဆုကြေးအမြင့်ဆုံး ကံထူးသွားခဲ့တဲ့ အငြိမ်းစား အဘိုးအို

46384966_354841765272570_3993992527815376896_n.jpg

ဘဝမှာ ဘယ်အရာမှ ကံသေကံမ မပြောနိုင်ချိန်မှာ အမေရိကန်ပြည်က နယူးယောက်မြို့သားကြီး ရောဘတ်ဘေလီ (Robert Bailey) ဟာ Powerball ထီလက်မှတ်ကို ကံစမ်းပြီး နယူးယောက်ရဲ့သမိုင်းမှာ အမြင့်ဆုံး ဆုကြေးငွေ အပုံလိုက်ကို ဆွတ်ခူးနိုင်သူဖြစ်လာခဲ့ပါတယ်။

တကယ်တော့ ကံထူးရှင် ဘေလီဟာ ထီနံပါတ် အောင်ဂဏန်းတွေကို လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက မိသားစုဝင်တစ်ဦးဆီကရရှိခဲ့တာဖြစ်ပြီး ဒီနံပါတ်အတိုင်း တသဝေမတိမ်းသာ ၂၅ နှစ်ဆက်တိုက် စိတ်ရှည်လက်ရှည် ထီထိုးလာခဲ့သူပါ။ နောက်ဆုံးမှာတော့ အမှန်တကယ်ပဲ ထီပေါက်ပြီး ကံပေါ်သွားခဲ့ပါတယ်။

အသက် ၆၇ နှစ်အရွယ်မှာ သူရမယ့် ထီပေါက်ငွေက အမေရိကန်ဒေါ်လာ ၃၄၃.၉ သန်း ဖြစ်ပါတယ်။ သူဟာ အစိုးရဝန်ထမ်းအဖြစ်က ပင်စင်ယူခဲ့သူဖြစ်တာမို့ အိုဇာတာကောင်းပြီး ဘဝနောင်ရေးအတွက် စိတ်အေးလက်အေး ရှိသွားခဲ့ရလို့ ဝမ်းသာစရာသတင်းလို့ ဆိုပါရစေ။ ဘေလီရဲ့ မိခင်ကလည်း သက်ရှိထင်ရှားရှိနေသေးတာကြောင့် ဒီပိုက်ဆံထဲကနေ သူ့အမေအတွက် အိမ်အသစ်ကောင်းကောင်းလေးတစ်လုံး ဝယ်ပေးသွားမယ်လို့ ဘေလီက ဆိုပါတယ်။ သူက ခရီးတွေလည်းထွက်ဦးမယ့်အပြင် မိသားစုရဲ့နောင်ရေးအတွက် သင့်လျော်တဲ့လုပ်ငန်းမှာ ငွေရင်းနှီးမြှုပ်နှံမှုအတွက် စီစဉ်ခဲ့ဖို့ ရည်ရွယ်ထားပါတယ်။

သူ့ရဲ့ခံစားမှုတွေကိုတော့ ဘေလီက ” မိသားစုဝင်တစ်ယောက်က ဒီထီနံပါတ်တွေကို ပေးခဲ့တာလေ… ဒါကိုပဲ ၂၅ နှစ်လုံးလုံး သစ္စာရှိရှိ ထီထိုးလာတာပါ။ အောက်တိုဘာ ၂၇ ရက်နေ့က အွန်လိုင်းကနေ ထီပေါက်စဉ်ဖွင့်တာကို ထုံးစံအတိုင်း စောင့်ကြည့်နေချိန်ပေါ့။ တဖြည်းဖြည်းနဲ့ ဂဏန်းတွေထွက်လာတယ်။ တစ်ကိုယ်လုံး တလှပ်လှပ်ဖြစ်လာတယ်။ ငါ့ဂဏန်းတွေနဲ့ တူလိုက်တာနော်လို့ ကိုယ့်ကိုယ်ကိုယ် ပြောနေမိတယ်။ စိတ်တွေလှုပ်ရှားလိုက်တာဆိုတာ… ထိန်းလို့မရခဲ့ဘူး။ အဲဒီညက မိုးသာစင်စင်လင်းသွားတယ်။ ဘယ်လိုမှအိပ်လို့မပျော်ခဲ့ဘူးဗျ ” လို့ ရင်ဖွင့်သွားပါတယ်။

Ref: CBS NEWS “67-year-old man comes forward to claim $343.9 million Powerball prize”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top