၂၅ နှစ်ကြာ အိမ်မှုကိစ္စတွေ လုပ်ခဲ့ရတဲ့ ဇနီးဟောင်းကို နစ်နာကြေး ယူရို ၂၀၄၀၀၀ ပေးဖို့ စပိန်လုပ်ငန်းရှင်ကို တရားရုံး ချမှတ်

9.3.2023-yyl-iamge-5.jpg

အိမ်ထောင်သက်တမ်း ၂၅ နှစ်အတွင်း အိမ်မှုကိစ္စတွေလုပ်ခဲ့ရတဲ့ ဇနီးဟောင်းကို နစ်နာကြေး ယူရို ၂၀၄၀၀၀ ပေးဖို့ စပိန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို တရားရုံးက ချမှတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၉၅ ခုနှစ် ဇွန်လမှာ အိမ်ထောင်ပြုခဲ့ကြပြီး နောက်လမှာတော့ (ကွာရှင်းပြတ်စဲကြရင်) ပိုင်ဆိုင်မှု ခွဲခြမ်းစိတ်ဖြာရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

သူတို့လင်မယားဟာ သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်လုပ်ကိုင်နေချိန်မှာ ဇနီးကတော့ အိမ်မှုကိစ္စတွေနဲ့သာ လုံးပန်းနေခဲ့ရပြီး အိမ်ထောင်သက်တမ်းတစ်လျှောက် အိမ်အကူ ခေါ်ခဲ့ခြင်းလည်း မရှိပါဘူး။ ခင်ပွန်းသည်ရဲ့ အလုပ်ကြောင့် မာလာဂါမြို့တစ်ဝိုက် အကြိမ်ကြိမ် ရွှေ့ပြောင်းနေထိုင်ခဲ့ရပါသေးတယ်။

ဒါပေမဲ့ ၁၆ နှစ်အရွယ် သမီးဖြစ်သူရဲ့ အထက်တန်းပညာရေးစရိတ်ပေးဖို့ ခင်ပွန်းက ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ သူတို့လင်မယား စကားများခဲ့ပြီး ကွာရှင်းဖို့ အကြောင်းဖန်လာခဲ့တာပါ။ ပိုင်ဆိုင်မှု ခွဲခြမ်းစိတ်ဖြာရေးစာချုပ်အရ ခင်ပွန်းဖြစ်သူက သံလွင်ဆီလုပ်ငန်း၊ တန်ဖိုးကြီး ဇိမ်ခံကားတွေနဲ့ တခြားအိမ်ခြံမြေတွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပေမဲ့ ဇနီးဖြစ်သူကတော့ သူတို့နေအိမ် ပိုင်ဆိုင်ခွင့်တစ်ဝက်သာ ရရှိခဲ့ပါတယ်။

အဲဒီအတွက် အမျိုးသမီးက နစ်နာကြေးရလိုမှုနဲ့ တရားစွဲဆိုခဲ့ပြီး ၂ နှစ်ကြာ စဉ်းစားချင့်ချိန်ပြီးနောက်မှာတော့ စပိန်တရားရုံးက နစ်နာကြေး ယူရို ၂၀၄၀၀၀ ပေးဖို့ ချမှတ်ခဲ့တာပါ။ ဒါ့အပြင် သမီးနှစ်ယောက်အတွက် ယူရို ၁၀၀၀ ၊ မိခင်ဖြစ်သူအတွက် ယူရို ၅၀၀ လစဉ် ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားကတော့ ဒီဆုံးဖြတ်ချက်အပေါ် အယူခံဝင်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

Ref: Judge Orders Man to Pay Housewife 200,000 Euros as Compensation for 25 Years of Domestic Work

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top