ရုတ်တရက် နှလုံးခုန်ရပ်သွားတဲ့ ကလေးငယ်ကို ငါးနာရီကြာ ဆက်တိုက် CPR လုပ်ပေးပြီး အသက်ပြန်ဆယ်ပေးနိုင်ခဲ့တဲ့ တရုတ်ပြည်က ဆရာဝန်အဖွဲ့

42887271_331297417627005_4515527979912134656_n.jpg

ပြီးခဲ့တဲ့ သောကြာနေ့က တရုတ်ပြည်အရှေ့ပိုင်း၊ ချောင်ဂျိုးမြို့တော်၊ ဂျင်းဇု ကလေးဆေးရုံကို အသက်စိုးရိမ်ဖွယ်အဆင့် နှလုံးရောဂါဖောက်နေတဲ့ ကလေးလူနာတစ်ဦး ရောက်ရှိလာခဲ့ရာမှာ ဆေးရုံဟာ ဆရာဝန်အဖွဲ့ အယောက် (၃၀) အင်အားသုံးပြီး အရေးပေါ် နှလုံး-အဆုတ် အသက်ကယ်နည်း (CPR) နဲ့  ငါးနာရီကြာဆက်တိုက် ဇွဲနပဲကြီးစွာ ပြုစုပေးခဲ့ကာ ရှစ်နှစ်အရွယ်ကလေးငယ်လေးရဲ့ အသက်ကို မဆုံးရှုံးရအောင် ကယ်တင်ပေးနိုင်ခဲ့ပါတယ်။

ဂျင်းဇုဆေးရုံဟာ ကလေးငယ် ရှောင်ယူ (Xiao Yu) ကို စက်ကိရိယာ ပိုမိုပြည့်စုံတဲ့ ရှန်ဟိုင်းဆေးရုံကို လွှဲပေးဖို့ ပြင်ဆင်စောင့်ဆိုင်းနေစဉ်မှာပဲ ရှောင်ယူဟာ ရုတ်တရက် သွေးပေါင် ထိုးကျသွားခဲ့ပြီး နှလုံးခုန်ရပ်သွားခဲ့ပါတယ်။ အခြေအနေ ဆိုးရွားလာတဲ့ ရှောင်ယူရဲ့ အရေးပေါ် အခြေအနေအရ ဂျင်းဇုဆေးရုံကပဲ တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ သူနာပြု အယောက် ၃၀ ပါဝင်တဲ့ ဆရာဝန်အဖွဲ့ဟာ ရှောင်ယူရဲ့ ကုတင်ဘေးမှာ စုဝေးတန်းစီပြီး CPR နည်းနဲ့ တစ်ယောက်တစ်လှည့်စီ စက္ကန့်မခြား ငါးနာရီဆက်တိုက် စိတ်ရှည်လက်ရှည် ပြုစုကုသပေးခဲ့ကြပါတယ်။ ဆရာဝန်တွေဟာ ရှောင်ယူအတွက် နှလုံး-အဆုတ် ပြန်လည်အလုပ်လုပ်ဖို့ အရေးပေါ်ပြုစုရာမှာ လက်နဲ့ ရင်ဘတ်ကိုဖိခြင်း အကြိမ်ရေပေါင်း သုံးသောင်းအထိ ဆောင်ရွက်ခဲ့ကြတာပါ။ ချီးကျုးဂုဏ်ပြုစရာ လုပ်ရပ်ပါပဲ။

နောက်ဆုံးမှာတော့ နှလုံး ပြန်လည်အလုပ်လုပ်နိုင်ခဲ့တာကြောင့် ရှောင်ယူရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒီကုသမှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တစ်ဦးကတော့ ” ကလေးအသက်ကို ပြန်ရဖို့အတွက် လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ပေးခဲ့ကြတာပါပဲ။ ဆရာဝန်တွေဘက်က စောစောစီးစီး လက်လျှော့လိုက်ရင် ကလေးအတွက် သိပ်နှမျောစရာကောင်းပါတယ်။ ရှောင်ယူ အမြန်ဆုံး ကျန်းမာရေးပြန်လည်လာဖို့ ဆုတောင်းပေးနေပါတယ် “လို့ ဝမ်းသာပီတိစကား ပြောသွားပါတယ်။

ရှောင်ယူဟာ လက်ရှိမှာတော့ ရှန်ဟိုင်းမှာ ဆက်လက် ကုသမှုခံယူနေပြီး ဂျင်းဇုဆေးရုံရဲ့လုပ်ရပ်ဟာ အွန်လိုင်းပေါ်မှာတော့ သူရဲကောင်းဆန်လွန်းတဲ့ စွမ်းဆောင်ရည်အဖြစ် ချီးမွမ်းဖော်ပြမှုတွေရှိနေပါတယ်။ ဂျင်းဇုဆေးရုံက ဆရာဝန်တွေအပေါ် ဂုဏ်ယူနေတဲ့ တရုတ်ပြည်သူတွေက ဒီလို ပရော်ဖက်ရှင်နယ်ပီသတဲ့ ဆေးပညာရှင်တွေ များများလိုအပ်ကြောင်း ထုတ်ပြောခဲ့ပါသေးတယ်။

Ref: Dailymail “Nearly 30 doctors and nurses take it in turns to perform CPR for FIVE HOURS”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top