လာလီဂါနဲ့ ဆီဂန်ဒါကစားသမား ၅ ယောက်မှာ COVID-19 ရောဂါပိုးတွေ့ရှိ

11-5-2020-yyl-020.jpg

စပိန်နိုင်ငံ ထိပ်တန်းဘောလုံးလိဂ်ပြိုင်ပွဲ ၂ ခုဖြစ်တဲ့ လာလီဂါနဲ့ ဆီဂန်ဒါပြိုင်ပွဲတွေမှာ ကစားသမားအားလုံးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ပြီး ကစားသမား ၅ ယောက်မှာ ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ရာသီ ပြန်လည်စတင်ရေးနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းမယ့် အစီအစဉ်မတိုင်ခင် ပရော်ဖက်ရှင်နယ်ကစားသမားအားလုံးကို ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့တာပါ။ ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကစားသမား ၅ ယောက်လုံး ရောဂါလက္ခဏာ မပြဘူးလို့ လာလီဂါအဖွဲ့ချုပ်က ပြောပါတယ်။

ရောဂါပိုးရှိတဲ့ ကစားသမား ၅ ယောက်ထဲမှာ ၃ ယောက်ကတော့ လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်း ကစားသမားတွေဖြစ်တဲ့ ရိုဘလက်စ်၊ ပီဒရာဇာနဲ့ ဟွန်မီဂျင်မီနက်ဇ်တို့ ဖြစ်ပါတယ်။ ကျန် ၂ ယောက်ကိုတော့ စပိန်နိုင်ငံရဲ့ အချက်အလက်ကာကွယ်ရေးစည်းမျဉ်းတွေနဲ့အညီ ကာကွယ်ပေးထားပါတယ်။ လာလီဂါပြိုင်ပွဲမှာ ကစားသမားတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက် ပိုတဲ့ ကစားသမားတွေ နာမကျန်းဖြစ်ရုံနဲ့ တစ်သင်းလုံးကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှု လုပ်မှာမဟုတ်ဘူးလို့ စပိန်နိုင်ငံ ဘောလုံးဆရာဝန်များအသင်းဥက္ကဋ္ဌ ရာဖေးလ်ရာမို့စ်က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားတဲ့ လာလီဂါဘောလုံးပြိုင်ပွဲကို ဇွန်လ ၁၂ ရက်မှာ ပြန်လည်စတင်နိုင်ဖို့အတွက် လာလီဂါကလပ်အသင်းတွေ လေ့ကျင့်ခန်းပြန်ဆင်းနေကြပါပြီ။ ဘရာဇီး ဘယ်နောက်ခံလူ လိုဒီမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လို့ သတင်းထွက်နေပေမဲ့ အက်သလက်တီကိုအသင်းကတော့ ပြီးခဲ့တဲ့စနေနေ့မှာ လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top