အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးမှ ရွှေလက်တွဲခဲ့ရတဲ့ အာရှသားနဲ့ အာဖရိကန်စုံတွဲ

yyl69004.jpg

“စိတ်ရှည်သည်းခံခြင်းက အောင်မြင်ခြင်း” ဆိုသလိုပဲ စင်ကာပူ-တရုတ်လူမျိုးအမျိုးသားဟာ အခက်အခဲတွေကို စိတ်ရှည်ရှည်နဲ့ကြိုးစားကျော်ဖြတ်ခဲ့တာကြောင့် ရလဒ်ကောင်းကို ကြုံတွေ့ခံစားခဲ့ရပါတယ်။ အဲဒီအမျိုးသားက အနောက်အာဖရိကန်ကောင်မလေးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူ့ရဲ့ဖခင်က အဲဒီလူမည်းအမျိုးသမီးနဲ့ သူ့ကို သဘောမတူခဲ့တဲ့အတွက် သူ့ဖခင် သဘောတူလက်ခံလာအောင် ဖျောင်းဖျခဲ့ရပါတယ်။ သူ့ဖခင်ရဲ့ခွင့်ပြုချက်ရအောင် (၃) နှစ်ကြာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ကြိုးစားလာခဲ့ပြီးတဲ့နောက်မှာ အခုဆိုရင် သူတို့စုံတွဲက ရွှေလက်တွဲခွင့်ရခဲ့ပါပြီ။

အဲဒီစင်ကာပူ-တရုတ်လူမျိုး ကလာရန် တန် (Clarence Tan) ဆိုတဲ့ အမျိုးသားက သူနဲ့ သူ့ကောင်မလေး အက်နာ ဆိုဖီယာ မာတင်ဆန် (Edna Sophia Martinson) တို့ ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ အချစ်ခရီးလမ်းအကြောင်းကို ဖေ့စ်ဘွတ်ခ်အကောင့်မှာ ထုတ်ပြောပြခဲ့ပါတယ်။ တန်နဲ့ မာတင်ဆန်တို့က ယဉ်ကျေးမှုမတူတဲ့အချက်ကြောင့်ပဲ သူတို့ လက်ထပ်မှာကို သူ့ဖခင်က သဘောမတူခဲ့ပါဘူး။ တန်က စင်ကာပူ-တရုတ်လူမျိုးဖြစ်ပြီး မာတင်ဆန်ကတော့ ဂါနာနိုင်ငံက အာဖရိကန်လူမျိုးဖြစ်လို့ပါ။

တန်ရဲ့အဖေက မာတင်ဆန်ကို သဘောမကျတဲ့အတွက် တန်က စိတ်ဒုက္ခတော်တော်ရောက်ခဲ့ရပါတယ်။ တန်ကို သူ့ကောင်မလေးနဲ့ ဝေးရာ အခြားအာရှနိုင်ငံတွေမှာ အလုပ်သွားလုပ်စေခဲ့ပါတယ်။ အာရှနိုင်ငံက မိဘတွေရဲ့လက်သုံးစကားဖြစ်တဲ့ “မင်း ငါ့ဆီက ဘာမှမမျှော်လင့်နဲ့၊ မင်းရဲ့မင်္ဂလာပွဲကိုလည်း ငါ တက်မှာမဟုတ်ဘူး” လို့လည်း သူ့အဖေက တန်ကို ပြောခဲ့ပါတယ်။

မိဘတွေကို သူ့ကိုယ်တိုင် ဘယ်လိုမှ ဖျောင်းဖျလို့မရတဲ့အဆုံး မာတင်ဆန်နဲ့သူ့အဖေတို့ ရင်းနှီးသွားအောင် သူ့ကို နေ့တိုင်းလိုလို အိမ်အလည်ခေါ်ခဲ့ပါတယ်။ ဒါကတော့ တန်အတွက် စွန့်စားမှုကြီးတစ်ခုလိုဖြစ်နေပါတယ်။ သူ့မိဘတွေကို မာတင်နဲ့ အိမ်ခေါ်ပြီး မိတ်ဆက်ပေးခဲ့ပေမဲ့ သူ့ကို မကြိုဆိုတဲ့အရိပ်အယောင်တွေ ပြခဲ့ကြပါတယ်။ တန်က မာတင်ဆန်ကို သူ့မိဘတွေဆီ သွားလည်ဖို့ တွန်းအားပေးခဲ့တဲ့အတွက်၊ မိဘတွေက သူ့ကို ထမင်းစားဖိတ်တယ်လို့ ခဏခဏလိမ်ပြောခဲ့တဲ့အတွက် သူတို့စုံတွဲလည်း မကြာခဏဆိုသလို စကားများခဲ့ရပါတယ်။

အချိန်တွေကြာလာတဲ့အခါမှာ တန်ရဲ့မိသားစုက မာတင်ဆန်က တော်တယ်၊ ကြင်နာတတ်တယ်၊ ဂရုစိုက်တတ်တယ်၊ ယဉ်ကျေးတယ်ဆိုတာကို သိရှိနားလည်သွားခဲ့ပါတယ်။ မာတင်ဆန်က တန်နဲ့အတူလုပ်ကိုင်နေတဲ့ စီးပွားရေးအတွက် သူ့ရဲ့အချိန်တွေပေးထားသလို ငွေရေးကြေးရေးပိုင်းမှာလည်း တန်ကို ထောက်ပံ့ပေးနေတာကြောင့် တန်ကသာ မာတင်ဆန်နဲ့ ချစ်သူဖြစ်ရတာ ကံကောင်းတယ်လို့ တန်ရဲ့မိဘတွေက သိရှိသွားခဲ့ပါတယ်။

မကြာသေးခင်ကမှ သူတို့စုံတွဲက မိဘတွေရဲ့အပြည့်အဝထောက်ပံ့ပေးမှုနဲ့ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ တန်ရဲ့မင်္ဂလာပွဲမှာ သူ့အဖေ ပြုံးပျော်နေတာမျိုးကို အရင်ကမမြင်ခဲ့ဖူးဘူးလို့လည်း တန်က ပြောသွားခဲ့ပါတယ်။

Ref: Animal.mom.me “Malaysian King shows down-to-earth side as he enjoys casual meal at nasi lemak restaurant”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top