တော်ဝင်စားဖိုမှူးဟောင်း ပြောပြတဲ့ အင်္ဂလန် ဘုရင်မကြီးရဲ့ နေထိုင်စားသောက်မှုပုံစံ

Elizabeth_II_at_the_Queens_Birthday_Party_2018-e1565433714570.jpg

အင်္ဂလန် နိုင်ငံရဲ့ ဘုရင်မကြီး ဖြစ်တဲ့ ဒုတိယမြောက် အဲလစ်ဇဘက် (Elizabeth II) ဟာ သက်တော် ၉၁ နှစ် ရှိနေပြီဖြစ်ပြီး နန်းစံနှစ်ကလည်း ၆၅ နှစ်ရှိနေပါပြီ။ ဗြိသိသျှ သမိုင်းမှာတော့ သူမဟာ နှစ်အရှည်ကြာဆုံး အုပ်ချုပ်နေတဲ့ ဧကရာဇ် တစ်ပါးဖြစ်ပါတယ်။ ဘုရင်မကြီးက အလုပ်တာဝန် အလွန်များသူပါ။ ဒီလို တာဝန်တွေထမ်းဆောင်နေရင်း ကျန်းမာရေးအတွက် အစားအသောက်ကို ဘယ်လို ဂရုစိုက်သလဲ ဆိုတာ တကယ် စိတ်ဝင်စားစရာ ကိစ္စတစ်ခုပါပဲ။

“ဘုရင်မကြီးက အစားအသောက်နဲ့ပက်သက်ပြီး သိပ်စိတ်ရှုပ်မခံလှဘူး။ သူမ စိတ်ထဲ ပိုဂရုစိုက်တာက သူမရဲ့ မြင်းတွေနဲ့ခွေးတွေကိုပဲ ဖြစ်တယ်လို့” ဘုရင်မကြီးရဲ့ စာဖိုမှူးဟောင်းတစ်ဦး ဖြစ်တဲ့ Darren McGrady က ပြောပါတယ်။ ဘုရင်မကြီးအနေနဲ့ အင်မတန်ကောင်းမွန်လှတဲ့ ဟင်းလျာပေါင်းများစွာကို ဘာလို့ အများကြီး မသုံးဆောင်ရသလဲလို့ သူ ခဏခဏ မေးကြည့်ဖူးတယ်လို့ ဆိုပါတယ်။

ဘုရင်မကြီးဟာ သူမ ကိုယ်တိုင်စီစဉ်တဲ့ အခါမျိုးမှာဆိုရင်တော့ ငါးကို ကင်တာပဲ ဖြစ်ဖြစ် ရေနည်းနည်းနဲ့ ပြုတ်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး အသီးအရွက်သုပ်နဲ့ တွဲစားတာမျိုးကို စားလေ့ရှိတယ်လို့ ဆိုပါတယ်။ အာလူးနဲ့ ကစီဓာတ်တွေမပါဝင်ပဲ ရိုးရိုးရှင်းရှင်းသာ စားလေ့ရှိပါတယ်။ ဘုရင်မကြီးက အသက်ရှင်နေထိုင်ဖို့ အတွက်သာ အစားအစာကို စားသုံးတာဖြစ်ပြီး အစားအစာအတွက် အသက်ရှင်နေသူမဟုတ်ဘူးလို့လဲ တော်ဝင်စားဖိုမှူးဟောင်း ဒါရန်က ဆိုပါတယ်။

ဘုရင်မကြီးဟာ ဒေသထွက် အစားအစာတွေကို ပိုမိုနှစ်သက်သူဖြစ်ပါတယ်။ ခြံထွက် ဟင်းသီးဟင်းရွက်တွေ၊ ငါး အပြင် အခြား ဒေသထွက် အစားအစာတွေကို အလွန် နှစ်ခြိုက်ပါသတဲ့။ နောက်ထပ် ဘုရင်မကြီး အလွန် နှစ်သက်တဲ့ အစားအစာကတော့ ချောကလက်ပါ။ ချောကလက်မှာတောင် ခါးတဲ့ အနက်ရောင် ချောကလက်ကိုမှ ပိုကြိုက်နှစ်သက်သူပါ။ နို့နဲ့ ပြုလုပ်ထားတဲ့ အဖြူရောင် ချောကလက်တွေကို ဘုရင်မကြီးက မကြိုက်ဘူးလို့ ဒါရန်က ပြောပြပါတယ်။ ဘုရင်မကြီးက ဂျင် အရက် နဲ့ Dubonnet ဝိုင် ကို ကြိုက်နှစ်သက်သူဖြစ်တယ်လို့ သိရပါတယ်။

ဘုရင်မကြီး အနေနဲ့ အားကစားလုပ်ဖို့ အတွက်တော့ တကူးတက လုပ်တာမျိုး မရှိပေမယ့် သူမက မြင်းစီးရတာနဲ့ ခွေးတွေနဲ့အတူ လမ်းလျှောက်ရတာကို ကြိုက်သူပါ။ အခု အသက် ၉၁ နှစ်ထိတောင် မြင်းစီးထွက်နေတုန်းပါပဲ။ နောက်ပြီး ဘက်မင်ဟမ်နန်းတော်မှာ ရှိတဲ့ ပန်းခြံတွေမှာ ခွေးတွေနဲ့အတူ မိုင်ပေါင်းများစွာ လမ်းလျှောက်လေ့ရှိပါတယ်။

Ref: CNN: Royal chef sets record straight on what Queen Elizabeth eats and drinks

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top