စဉ်းစားချင့်ချိန်ကာ သနားကြင်နာ ကိုယ်ချင်းစာ

o-KINDNESS-facebook.jpg

တစ်ခါက လူတစ်ယောက် ယာဉ်တိုက်မှုအသေးစားလေးဖြစ်ပွားပြီး သူ့ကားကို ဝပ်ရှော့ပို့ထားလိုက်ရပါတယ်။ ဒီအခါ သူဟာ အလုပ်ကို ရထားနဲ့သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ရက် ရထားဘူတာမှာ ညအချိန် အိမ်ခြေရာမဲ့ လူတစ်ယောက်ကို သူသတိပြုမိသွားပါတယ်။ အဲဒီလူကို သနားမိသွားပြီး သူ့အိတ်ကပ်ထဲကနေ ငွေအကြွေတချို့ ပေးလိုက်ပါတယ်။ အဲဒီလူက သူ့ကို ကျေးဇူးတင်စကားဆိုပါတယ်။

နောက်တစ်ခါမှာလည်း အဲဒီနရာမှာပဲ အဲဒီလူကို သူတွေ့ပြန်ပါတယ်။ ဒီတစ်ခါတော့ သူ့ကို စားစရာတစ်ခုခုပေးမှပဲ ဆိုပြီး ဘူတာအပြင်ထွက်ပြီး ထမင်းတစ်ဘူးဝယ် ပေးလိုက်ပါတယ်။ သူ့ရဲ့သနားကြင်နာမှုအတွက် အိမ်ရာမဲ့လူက ကျေးဇူးတင်စကား ဆိုပြန်ပါတယ်။ ဒါပေမဲ့ သူက စိတ်ဝင်စားလာပြီး “ခင်ဗျား ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ?” လို့ မေးလိုက်ပါတယ်။

အိမ်ရာမဲ့လူက သူ့ကိုမော့ကြည့်ပြီး ပြုံးပြုံးလေးနဲ့ “ချစ်ခြင်းမေတ္တာကို ပြသလို့ပေါ့ဗျာ” လို့ ပြောလိုက်ပါတယ်။ သူက နားမလည်ဘဲ ဘာကိုဆိုလိုကြောင်း မေးကြည့်ပါတယ်။ အိမ်ရာမဲ့လူက ဒီလိုဖြေပါတယ်။ “ကျုပ်တစ်ဘဝလုံး ကျုပ်ကြောင့် လူတွေအားလုံးကို ပျော်ရွှင်စေခဲ့တယ်။ ကျုပ်ဘဝမှာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လူတိုင်းကို ကျုပ် ကူညီပေးခဲ့တယ်”

“ခင်ဗျားနောင်တ မရဘူးလား” လို့ သူက မေးလိုက်တော့ အိမ်ရာမဲ့လူပြန်ဖြေလိုက်တာက “မရပါဘူးဗျာ..ကျုပ်ဝတ်ထားတဲ့ အင်္ကျီကိုတောင် ချွတ်ပေးလိုက်တဲ့သူက ကျုပ်လိုအပ်လာချိန်မှာ အဲဒီအင်္ကျီရဲ့လက်တစ်ဖက်ကိုတောင် မပေးလို့ စိတ်မကောင်းဖြစ်ရရုံပဲ ရှိပါတယ်။ တကယ်တော့ဗျာ လူတွေဆို ကိုယ်တည်ဆောက်မယ့် အဆောက်အဦရဲ့အုတ်တွေကို သူတို့ကို ပေးကမ်းတာထက် ကိုယ့်ကိုယ်ပိုင်အိမ်ကို ကိုယ်ဆောက်ပြီး သူတို့ကို အလည်လာဖို့ ဖိတ်တာက ပိုကောင်းတာပါ။ ဒီတော့မှသာ တစ်နေ့မှာ ကိုယ်အိမ်ဆောက်ဖို့ ရည်ရွယ်ခဲ့တဲ့နေရာမှာ ကိုယ့်အိမ်လေးကို မြင်တွေ့ရမှာပါ။ အုတ်တွေကိုသာ ပေးပစ်ခဲ့ရင် ဘာမှမရှိတဲ့ နေရာလပ်တစ်ခုပဲ မြင်တွေ့ရပြီး အုတ်တွေကို အစကနေ ပြန်ရှာနေရမှာပေါ့” လို့ ဖြေလိုက်ပါတယ်။ သူလည်း အိမ်ရာမဲ့လူ ဆိုလိုရင်းကို နားလည်သဘောပေါက်သွားပြီး အကြံကောင်းပေးတဲ့အတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ သူတစ်ပါးကို ကူညီခြင်းဟာ မကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါတစ်လေမှာ လူတွေဟာ တခြားသူတွေကို ကူညီပေးနေရင် ကိုယ့်ရဲ့ကိုယ်ပိုင်ပြဿနာ ကိုယ်ပိုင်လိုအပ်ချက်တွေကို မေ့လျော့နေတတ်ကြပါတယ်။ အလကား ပေးကမ်းစွန့်ကြဲလိုက်တာထက် ဝေမျှသုံးစွဲခြင်းဟာ တစ်ခါတစ်ရံမှာ ပိုကောင်းတဲ့အချက်ဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆင်မပြေ ဒုက္ခဖြစ်စေမဲ့ ဖြစ်ရပ်မျိုးအထိ မရောက်စေဘဲ စဉ်းစားချင့်ချိန်ပြီးမှ ကူညီပေးသင့်တယ်ဆိုတဲ့ သင်ခန်းစာကို တွေ့ရှိရမှာပါ။

Ref: Knowledge: A limit of your Kindness

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top