၈ နှစ်ကြာ ကင်ဆာရောဂါ ခံစားနေရသူက အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန် ထီဆုကြီး ဆွတ်ခူး

30.4.24-yyl-5.jpg

Powerball ထီသမိုင်းမှာ စတုတ္ထအများဆုံး ဆုကြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန် ဆုကြီး ဆွတ်ခူးသွားသူဟာ ကင်ဆာရောဂါကို ၈ နှစ်ကြာ ခံစားနေရသူဖြစ်ပြီး မိတ်ဆွေတစ်ဦးနဲ့အတူ စပ်တူထိုးရင်း ထီပေါက်ခဲ့တာပါ။ အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့မှာ နေထိုင်တဲ့ ချန်းချာလီဆေဖန်ဟာ လေကြောင်းနဲ့အာကာသကုမ္ပဏီမှာ စက်ပြင်သူအဖြစ် အလုပ်လုပ်ကိုင်သူပါ။

လိုင်ဇာချောင်လို့ အမည်ရတဲ့ သူ့မိတ်ဆွေ အမျိုးသမီးက ထီစပ်တူထိုးဖို့ ဒေါ်လာ ၁၀၀ ပေးခဲ့တာဖြစ်ပြီး ဆေဖန်က ထီဖွင့်ပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ သူ ထိုးချင်တဲ့ ဂဏန်းတွေကို စာရွက်ပေါ် ချရေးကာ သူ့အိပ်ရာခင်းအောက် ထားအိပ်ခဲ့ပါတယ်။ ထီလက်မှတ်တွေ ဝယ်ယူပြီးနောက်မှာ ဆေဖန်က လိုင်ဇာချောင်ကို ဓာတ်ပုံရိုက် ပို့ခဲ့ပြီး ငါတို့တွေ ဘီလျံနာဖြစ်ပြီလို့ ပြောခဲ့ပါသေးတယ်။

နောက်နေ့ ထီဖွင့်ပွဲမှာတော့ သူတို့က အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန် ထီဆုကြီးဆွတ်ခူးခဲ့တာပါ။ သူတို့ဟာ အခွန်ဆောင်ပြီးနောက် တစ်လုံးတခဲတည်း ဆုငွေ အမေရိကန်ဒေါ်လာ ၄၂၂ သန်း ရရှိခဲ့ပြီး တစ်ယောက်တစ်ဝက် ခွဲဝေယူခဲ့ကြပါတယ်။ ဆေဖန်ကတော့ ရရှိလာတဲ့ ထီဆုကြေးငွေတွေနဲ့ ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသဖို့ ဆရာဝန်ကောင်းကောင်း တစ်ယောက် ရှာဖွေသွားမယ်လို့ ဆိုပါတယ်။ ဆေဖန်ဟာ လာအိုနိုင်ငံမှာ မွေးဖွားပြီး ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကာ ၁၉၉၄ ခုနှစ်မှာ အမေရိကန်နိုင်ငံထံ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ထီသမိုင်းမှာ ဆုကြေးအများဆုံး ထီဆုကြီးကတော့ ၂၀၂၂ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ဆွတ်ခူးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၀၄ ဘီလျံ တန်ကြေးရှိပါတယ်။

Ref: Winner of $1.3bn jackpot plans to use money to ‘find a good doctor’

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top