သားဖြစ်သူနဲ့ ပေးစားဖို့ ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို ပြန်ပေးဆွဲခဲ့တဲ့ အမျိုးသမီး

1.5.24-yyl-1.jpg

သားဖြစ်သူနဲ့ ပေးစားဖို့ ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို ပြန်ပေးဆွဲခဲ့တာကြောင့် တရုတ်အမျိုးသမီးတစ်ဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ယန်လို့ အမည်ရတဲ့ အမျိုးသမီးဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၊ လျှို့ပန်းရွှေမြို့မှ ရွာငယ်လေးတစ်ရွာကို သွားလည်ရင်း မိန်းကလေးငယ်နဲ့ တွေ့ဆုံခဲ့တာပါ။

အရွယ်ရောက်လာရင် သူ့သားနဲ့ ပေးစားဖို့ မိန်းကလေးကို မြို့ခေါ်သွားချင်ကြောင်း သူ့မိဘတွေဆီက တောင်းပေမဲ့ မိန်းကလေးရဲ့ဖခင်က လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ ယန်က သူ့အစီအစဉ်ကို လက်မလျှော့ခဲ့ဘဲ နောက်နေ့မှာ မိန်းကလေးတစ်ယောက်တည်း အိမ်မှာရှိနေတုန်း ပြန်ပေးဆွဲခဲ့တာပါ။ ၂၇ နှစ်အရွယ်ရှိတဲ့ ယန်ရဲ့ သားဖြစ်သူကလည်း ဒီပြန်ပေးဆွဲမှုမှာ ပါဝင်ခဲ့ပါတယ်။

နောက် ၆ ရက်အကြာမှာ ယန်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ၄ ရက် ထပ်ကြာချိန်မှာတော့ သူ့သားဖြစ်သူလည်း ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သူတို့သားအမိကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ယန်ကို ထောင်ဒဏ် ၂ နှစ်၊ သူ့သားကို ထောင်ဒဏ် ၇ လ ချမှတ်ခဲ့တာပါ။ သူတို့က ဒီပြစ်ဒဏ်ကို အယူခံဝင်ခဲ့ပေမဲ့ အယူခံတရားရုံးကလည်း မူလပြစ်ဒဏ်ကိုပဲ အတည်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အသက်မပြည့်သေးတဲ့ သတို့သမီးတွေ ရှိခဲ့ဖူးပြီး အနာဂတ်ကာလမှာ သူတို့သားတွေနဲ့ ပေးစားဖို့ မိန်းကလေးငယ်တွေကို မွေးစားထားကြလေ့ရှိပါတယ်။ ဒီအလေ့အထ ၁၉၅၀ ပြည့်နှစ်ကတည်းက ပိတ်ပင်ခဲ့ပေမဲ့ ကျေးလက်ဒေသတွေမှာတော့ အခုချိန်အထိ ဒီအလေ့အထ ရှိနေဆဲပါပဲ။

Ref: Woman Kidnaps 11-Year-Old Girl to Raise as Perfect Wife for Her Son

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top