ပျော့ညံ့သူတို့၏ ဆင်ခြေဆင်လက်များနှင့် ကိုယ်ကျင့်သီလ

cheetah-on-a-mound-watching-around-in-serengeti-27EBV6A.jpg

သည်တစ်ခါတော့ ကိုယ်ကျင့်သီလနဲ့ ပတ်သတ်ပြီး ဆင်ခြင်နိုင်အောင် ဝကဇာတ်တော်လာ ဇာတ်ထုပ်လေး တစ်ပုဒ်ကို ဖော်ပြပေးလိုက်ပါသည်။

ဟိုးရှေးရှေးတုန်းက ဂင်္ဂါမြစ်ဖျားက တစ်ခုသောတောအုပ်မှာ သစ်ကြုတ် (ကျားသစ်) တစ်ကောင် နေထိုင်ကျက်စားလေသည်။ တစ်ရက်တော့ သစ်ကြုတ်ဟာ မြစ်စပ်နားက ကျောက်ဖျာ တစ်ချပ်ပေါ်မှာ အိပ်ပျော်နေသည်။ ထိုအချိန်မှာ ဂင်္ဂါမြစ်ဖျားဘက်မှာ ကွက်ကျားမိုးကြီး ရွာသတဲ့။ မြစ်ဖျားက ဆီးနှင်းခဲတွေဟာ မိုးရေနဲ့ထိပြီး အရည်ပျော်လာကာ ဂင်္ဂါမြစ်ထဲ စီးဝင်ကုန်တယ်။ မိုးနဲ့ဆီးနှင်းတွေကြောင့် ဂင်္ဂါမြစ်ရေကြီးလာတာ သစ်ကြုတ်အိပ်နေတဲ့ ကျောက်ဖျာအထိ ရေတွေဝိုင်းလာတော့သည်။

သစ်ကြုတ်နိုးလာတဲ့အခါ ရေပတ်လည်ဝိုင်းနေလို့ ဘယ်မှလဲသွားမရ၊ စားစရာကလဲ မရှိ၊ အလကားနေမယ့်အစား သီလစောင့်တည်ရင်း အိပ်နေမှဆိုပြီး ပြန်အိပ်တယ်။ သစ်ကြုတ်လို တောရိုင်းသတ္တဝါတစ်ကောင်က သီလစောင့်တယ်ဆိုတာ သိကြားမင်း သိသွားတော့ သစ်ကြုတ်ရဲ့ သီလခိုင်မခိုင် စမ်းသပ်ရန် လူ့ပြည်သို့ ဆင်းလာတယ်။ သိကြားမင်းက ဆိတ်ယောင်ဆောင်ပြီး ရေထဲကူးရင်း အသံပေးတယ်။ သစ်ကြုတ်လဲ အိပ်ပျော်နေရာက နိုးသွားပြီး ကျောက်ဖျာဆီ ရေကူးလာတဲ့ဆိတ်ကို တွေ့ပါလေရော။ “သည်နေ့ တစ်နေ့လုံး ဘာမှ မစားရသေးလို့ ဗိုက်ဆာနေတာ၊ စားစရာ ဆိတ်ကလေး ပေါ်လာပြီ။ ကျောက်ဖျားနားရောက်လာရင် ဖမ်းစားမှပဲ။ ဟယ် ငါ့မှာလဲ ဥပုသ်ကြီးနဲ့ မဖြစ်သေးပါဘူးလေ။ အို ဥပုသ်က ဘယ်နေ့စောင့်စောင့်ရတယ်။ ရေကဘယ်အချိန် ကျမယ်မှန်းမသိ။ သည်ဆိတ်ကို သတ်စားမှပဲ” ဆိုပြီး အိပ်နေရာမှ ဆိတ်ကိုခုန်အုပ်ဖို့ ထလိုက်သတဲ့။

သစ်ကြုတ်ထလာတာမြင်တော့ ဆိတ်လဲ ကျောက်ဖျာဘက် မသွားတော့ဘဲ သည်ဘက်ကမ်းဘက်ကိုပဲ ပြန်ပြေးလေ၏။ ထိုအခါ သစ်ကြုတ်က “ဆိတ်… ဆိတ်… ငါ့သီလကို ဖျက်မလို့ လာတဲ့ကောင်။ တော်ပါသေးရဲ့။ ဟိုဘက်ကမ်း ပြန်ကူးသွားလို့ ငါ့သီလ မပျက်တာ။ သီလပြန်စောင့်မှပဲ” လို့ပြောပြီး ကျောက်ဖျာပေါ်မှာပဲ ပြန်ခွေအိပ်ရန် ပြင်တော့သည်။ သည်အကြောင်းကို အစအဆုံး သိမြင်နေတဲ့ သိကြားမင်းက ဆိတ်အသွင်ကနေ မူလသိကြားမင်းအသွင် ကိုယ်ထင်ပြပြီး သစ်ကြုတ်အား “သည်လောက် အားနည်းတဲ့ ကုသိုလ်ကောင်းမှု ဆန္ဒပဲရှိတဲ့ သင်ဟာ ဥပုသ်စောင့်လို့ ဘာအသုံးကျတော့မှလဲ” လို့ ကဲ့ရဲ့ပြီး နတ်ပြည်သို့ ပြန်သွားသတဲ့။

မိမိရဲ့ ကိုယ်ကျင့်သီလသာ ခိုင်လုံမယ်ဆိုရင် မိမိရှေ့မှာ ငွေပုံကြီးမြင်နေရလဲ အချောင်လိုချင်စိတ်ကို ထိန်းနိုင်မှာပါ။ မမြင်ရမှသာ မလိုချင်ဘူးဆိုတာကတော့ ပျော့ညံ့လွန်းပါတယ်။ ကိုယ်ကျင့်တရားသာကောင်းရင် ဟိုပေါ်သည်ပေါ် ဝတ်စားဆင်ယင်မှုနဲ့ ကြုံတွေ့ရင်လည်း ကိုယ်အမူအရာ၊ နှုတ်အမူအရာ ထိန်းနိုင်မှာပါ။ ကိုယ်ကျင့်သီလ ပျော့ညံ့သူတို့မှသာ သူ့ဘာသာ နမော်နမဲ့နိုင်လို့ မေ့ကျန်ခဲ့တာ ငါရထိုက်လို့ ငါတွေ့တာမျိုးတို့၊ သူ့ဘာသာ အပြောအဆိုခံချင်လို့ ဟိုဖော်သည်ဖော်ဝတ်တာ ငါဗူးကျတာမဟုတ်ဘူးတို့ စသည်ဖြင့် မရိုးနိုင်တဲ့ ဆင်ခြေတွေ ပေးတတ်ကြလေသည်။ မိမိ ကိုယ်ကျင့်သီလသာ နိုင်နင်းမယ်ဆိုရင် ယုတ်ညံ့မှုဆိုတာ ပေါ်လာတော့မှာ မဟုတ်ပါဘူး။ တဖက်သားကို ဟိုလိုနေ၊ သည်လိုထိုင်ဟု မရေမရာ ပြောဆိုနေမည့်အစား သေချာရေရာတဲ့ မိမိကိုယ်တိုင်သာ ကိုယ်ကျင့်တရားကောင်းအောင် ထိန်းသိမ်း စောင့်ရှောက်ရမည် မဟုတ်ပါလော။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top