သင်ဦးချ၍ အမျှဝေရာ (စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို)

article-post-part-3.jpg

ကလောင်ရှင် မင်းထက်မြိုင်ရဲ့ “သင်ဦးချ၍ အမျှဝေရာ” အမည်ရ စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို ရသစာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ပတ်ဖော်ပြပေးလိုက်တာက ဝတ္တုရဲ့အပိုင်း (၃) ဖြစ်ပြီး အပိုင်းအားလုံးကို စုစည်းပြီး ပြန်လည်ဖော်ပြပေးသွာဦးမှာဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ ဖတ်ရှုခံစားကြည့်လိုက်ပါဦး…။
သင်ဦးချ၍ အမျှဝေရာ (အပိုင်း ၃)
‘ဟေ့ကောင် နားရအောင်ကွာ မောလာပြီ’’‘‘အေးဟုတ်တယ် ငါလည်း မောလာပြီ။ အန်တီကြီးပေးတဲ့ ရေနွေးနဲ့ လက်ဖက်သုပ်လည်း စားချင်လာပြီ’’
ကျွန်တော်တို့နှစ်ယောက်သည် မြက်ခင်းပေါ်ကို ခြေပစ်လက်ပစ်ထိုင်လိုက်ပြီး ချွေးများဖြင့် စိုရွှဲနေသော အင်္ကျ ီများကို ချွတ်လိုက်ကြသည်။ ထို့နောက် ခြေထောက်ကို စင်း၊ လက်ကို နောက်ပစ်၍ ခေါင်းကို မော့ကာ လေကို အကြာကြီးရှူလိုက်ပြီး ပါးစပ်မှ အသားကုန် မှုတ်ထုတ်လိုက်ရာ အနည်းငယ်မျှ အမောပြေသွားခဲ့သည်။ အမောပြေသွားသည့်အတွက် နောက်ပစ်ထားသော လက်တစ်ဖက်ကို မြေကြီးနှင့်ခွာလိုက်ရာ စပ်ဖျင်းဖျင်းအရသာတစ်ခုကို ခံစားလိုက်ရ၍ လက်ဝါးကို ကြည့်လိုက်မိသည်။

‘‘ဟေ့ကောင် ကိုဖြိုး၊ ငါ့လက်ဝါးတွေမှာ အရည်ကြည်ဖုတွေထနေတယ်ကွ။ တချို့အဖုတွေက ပေါက်တောင်ကုန်ပြီ’’‘‘ဟုတ်တယ်ကွ ငါ့လက်မှာလည်း အဲလိုပဲ’’‘‘အေးပေါ့ကွာ ငါတို့က လုပ်လေ့လုပ်ထမှမရှိတာ ဖြစ်မှာပဲ။ လက်ကို အဝတ်သာ စည်းထား လိုက်တော့’’

ကျွန်တော်တို့သည် အမောဖြေရင်းက အန်တီကြီးပေးသော လက်ဖက်သုပ်နှင့်ရေနွေးကို စားလိုက်သောက်လိုက် လုပ်နေကြသည်။ ထိုစဉ် ရပ်ကွက်ထဲမှလူများက ကျွန်တော်တို့အတွက် စားစရာများကို လာ၍ပေးကြ၏။ အချို့က လိုအပ်သည့်နေရာတွင်သုံးရန်အတွက်ဟုဆိုကာ အလှူငွေများ ပေးသွားတတ်ကြ၏။ အချို့က ကျွန်တော်တို့ကို သာဓုခေါ်သွားတတ်ကြ၏။ အချို့ လူကြီးများက ‘‘လုပ်ကြကွာ။ ဒီလိုကုသိုလ်ဆိုတာ ဒီလို အရွယ်ပဲ လုပ်လို့ရတာကွ။ အသက်ကြီးလာလို့ ဒီလိုကုသိုလ်ယူချင်ပါတယ် ဆိုရင်တောင် လုပ်နိုင်မှာမဟုတ်ဘူး’’ဟု အားပေးသွားတတ်ကြ၏။ ထို့အပြင် ရပ်ကွက်ထဲမှ လူငယ်လေး လေးယောက်ကလည်း ကျွန်တော်တို့နှင့်အတူ လုပ်အား ပေးချင်သည်ဟုဆိုကာ ဘောင်းဘီတိုလေးများဖြင့် ရောက်လာကြ၏။ ဤသည်များသည် ကျွန်တော်တို့ နှစ်ယောက်အတွက် အားဖြစ်စေခဲ့သည်။ အလုပ်များကို နှစ်ဆပိုလုပ်ချင်သည့်စိတ်များ ပေါ်ပေါက်လာစေခဲ့သည်။
ကျွန်တော်တို့အဖွဲ့တွင် လူအင်အား များလာခဲ့ပြီဖြစ်သောကြောင့် အလုပ်လုပ်ရသည်မှာ ယခင်ကထက် တက်တက်ကြွကြွဖြစ်လာခဲ့သည်။ လူငယ်များအချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောကြ ဆိုကြ၊ စကြနောက်ကြဖြင့် ပျော်ပျော်ရွှင်ရွှင် လုပ်ကြရသည့်အတွက် ပင်ပန်း၍ ပင်ပန်းမှန်းပင် မသိကြ။ စားချင်လျှင်စား၊ နားချင်လျှင်နား၊ လုပ်ချင်လျှင်လုပ်ကြသည်။ မည်သူမျှ ဆရာလုပ်မည့်သူမရှိပေ။

‘‘ကိုဇင် မင်းတို့လေးယောက် ကျောင်းဘယ်တော့တက်ရမှာလဲ’’ ကျွန်တော် ပေါက်ပြားပေါက်နေရင်းက လှမ်း၍မေးလိုက်ခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့က သမိုင်းဆိုတော့ နောက်ဆုံးအသုတ်ကိုကြီးရ။ သီတင်းကျွတ်ပြီးလောက်မှ သွားတက်ရမှာ’’‘‘လေးယောက်လုံး အတူတူပဲလား’’‘‘ဟုတ်တယ်ကိုကြီးရ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ လေးယောက်လုံးက ၁၀ တန်းမှာ အမှတ် ၂၄၀ ကျော်နဲ့ပဲ အောင်ကြတာလေ။ အဲတော့ သမိုင်းမေဂျာပဲရကြတာပေါ့ ဟဲ ဟဲ’’‘‘ဒါနဲ့ မင်းတို့က ဘယ်လိုလုပ်ပြီး လုပ်အားပေးချင်သွားကြတာလဲ’’‘‘ကိုကြီးတို့ကို အားကျလို့ပေါ့ဗျာ။ ခုဆိုရင် ကိုကြီးတို့ကို ကျွန်တော်တို့ အမေတွေကိုယ်တိုင်က တော်လိုက်ကြတာတဲ့။ ရပ်ကွက်ထဲက လူကြီးတွေများ ဒီကလေးတွေလောက်တောင် အသိစိတ်ဓာတ် မရှိကြဘူးတဲ့။ နင်တို့အဖွဲ့ရော အားအားယားယားနဲ့ နေနေကြတာ သူတို့လို မလုပ်ချင်ဘူးလားတဲ့။ ချီးမွမ်းလိုက်ကြတာများ စုံလို့။ အမှန်တကယ်ကတော့ ကျွန်တော်တို့လည်း ရပ်ကျိုးရွာကျိုး သယ်ပိုးချင်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ လူရာမသွင်းကြတာ။ ခုလိုဆိုတော့ ဘယ်သူမှ လူရာမသွင်းလည်း ကိုယ့်ဘာသာကိုယ်လုပ်လို့ ရတယ်လေ။ မဟုတ်ဘူးလား’’

ကျွန်တော်တို့သည် စကားများပြောနေကြသော်လည်း အလုပ်နှင့်လက် မပြတ်ကြပေ။ ‘‘ဟုတ်တယ်ကွ မင်းပြောတာဟုတ်တယ်’’ဟုဆိုကာ နဖူးကချွေးများကို လက်ဖျံဖြင့် သုတ်လိုက်ပြီး ကိုဖြိုးနှင့်ကျန်သည့်လူများကိုကြည့်လိုက်ရာ အားလုံးသည် ခေါင်းများမဖော်နိုင် အောင်ပင် အားကြိုးမာန်တက်ဖြင့် အလုပ် လုပ်နေကြသည်။ ကိုဖြိုးဆိုလျှင် ချွေးများကိုပင် မသုတ်နိုင်။ သူ၏ နဖူးမှချွေးများသည် ခြေဖမိုးပေါ်သို့ တစ်စက်စက်ကျနေလျက်ရှိသည်။ ယခုကဲ့သို့ တက်ညီ လက်ညီ ဆောင်ရွက်နေကြသည်ကို တွေ့ရသောအခါ စိတ်ထဲတွင် ကြည်နူးပီတိဖြစ်မိသည်။ ကျွန်တော် ပေါက်ပြားကို လွှတ်ချလိုက်ပြီး လက်အုပ်ချီလိုက်သည်။
‘‘တပည့်တော်တို့၏ ရည်မှန်းချက်လေး အောင်မြင်ပါစေဘုရား’’

‘‘ဟေ့ကောင် ကိုကျော်’’ ကျွန်တော့်ကိုခေါ်ခြင်းဖြစ်သောကြောင့် နောက်လှည့်ကြည့်လိုက်သည်။ သူကဆက်၍ ‘‘ငါတို့အဖွဲ့လည်း လုပ်အားပေးချင်လို့’’

ယခုပြောနေသူသည် ကိုဇော်ကြီးဖြစ်သည်။ သူသည် ရပ်ကွက်ထဲတွင် နာမည်ဆိုး မရှိသော်လည်း ဟိုနေရာစပ်စပ်၊ သည်နေရာစပ်စပ်ဖြင့် နေရာတကာ ဝင်ပါတတ်ပြီး ဆရာကြီး လုပ်ချင်သူတစ်ဦးဖြစ်သည်။ ကျွန်တော်နှင့် ကိုဖြိုးတို့ထက် နှစ်နှစ်ခန့်ကြီးသည်။ အလုပ်ဟူ၍ မယ်မယ်ရရ မရှိပေ။ သို့သော် လမ်းထိပ်တွင် ဇယ်တောက်ခုံလေး တစ်ခုံတော့ ဖွင့်ထားသည်။ သူနောက်တွင် ပါလာသည့် ကျွန်တော်တို့နှင့်မတိမ်းမယိမ်းလူများသည် သူ့ဇယ်ခုံတွင် အမြဲတမ်း ဇယ်တောက်နေသော သူများဖြစ်သည်။ တစ်ချိန်တစ်ခါက ကျောင်းတွင် သူငယ်ချင်း ဖြစ်ဖူးသူများလည်း ပါသည်။ ကိုဇော်ကြီးအပါအဝင် အားလုံးပေါင်း ခုနှစ်ယောက်ဖြစ်သည်။

‘‘ရပါတယ် ကိုဇော်ကြီးရဲ့ ပြောစရာမလိုပါဘူး။ ကျွန်တော်တို့ရပ်ကွက်ထဲကလူတွေချည်းပဲကိုး’’‘‘ကဲ .. ဟေ့ကောင်တွေ လုပ်ငန်းစမယ်’’ဟု သူ့အဖွဲ့ကို ညွှန်ကြားလိုက်ရာ အားလုံးသည် အသင့်ပါလာသော ပေါက်ပြားများ၊ ဓားများဖြင့် ခုတ်ကြ၊ ပေါက်ကြတော့သည်။

ကိုဇော်ကြီးတို့အဖွဲ့သည် စလုပ်စဉ်က အားကြိုးမာန်တက်လုပ်ကြသော်လည်း နောင်သောအခါ အလုပ်ကို ဟုတ်တိပတ်တိ မလုပ်ကြတော့။ အလုပ်လုပ်သည်က တစ်မိနစ်ဆိုလျှင် နားသည်က တစ်နာရီ ဖြစ်နေတတ်သည့်အတွက် လူများပြီး ပွဲမစည်သကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ရပ်ကွက် အတွင်းမှလူများ လာရောက်ပေးထားကြသော အစားအစာမျိုးစုံကိုလည်း သူတို့ကပင် စားပစ် တတ်ကြသည်။ ထိုသို့ လာရောက်ပေးထားသည်များကို စား၍အားမရ လမ်းမှဖြတ်လာသော အသိ မိတ်ဆွေများကို လုပ်အားပေးများအတွက်ဆိုပြီး ကွမ်း၊ ဆေးလိပ်များ တောင်းကြသည်။ လမ်းသွား လမ်းလာများက လိုအပ်သည့်နေရာတွင်အသုံးပြုရန်အတွက် လှူဒါန်းခဲ့ကြသည့် ငွေများကိုလည်း ကိုဇော်ကြီးကပင် သိမ်းထားတတ်သည်။ ထိုအချက်များကြောင့် ကျွန်တော်တို့သည် စိတ်ညစ်လာ သော်လည်း အားလုံးကို သည်းခံထားရသည်။ သို့သော် ကိုဇော်ကြီးတို့ အဖွဲ့သည် တစ်နေ့တခြား ပို၍ ဆိုးဆိုးလာသည်။

‘‘တော်ပြီဗျာ ကျွန်တော်တို့ မလုပ်တော့ဘူး’’‘‘ဘာဖြစ်လို့လဲ ကိုဇင်ရ’’‘‘ဘာဖြစ်ရမှာလဲကိုကြီးရ ကိုဇော်ကြီးလေ ဟိုနေရာပေါက်၊ ဒီနေရာပေါက်နဲ့ ဆရာကြီးလုပ်ပြီး ညွှန်ကြားနေတာ သူ့တပည့်ကျနေတာပဲ။ ပြီးတော့ နားရင်လည်း နားပြန်ပြီ၊ စားရင်လည်း စားပြန်ပြီနဲ့။ သူ့အဖွဲ့က လူတွေကျတော့ ဘာမှမပြောဘူး။ ဒီကြားထဲ ကွမ်းလေးသွားဝယ်ပေးပါဦး၊ ဆေးလိပ်လေး သွားဝယ်ပေးပါဦးဆိုပြီး ခိုင်းသေးတယ်။ တော်ပြီ၊ တော်ပြီ ဒီအတိုင်းသာ ဆက်သွားရင် ကျွန်တော် ရန်ထဖြစ်မိလိမ့်မယ်’’ဟုဆိုကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက်ရှိသည်။

‘‘ဟုတ်တယ်၊ ငါလည်း ကြာရင် ကိုဇော်ကြီးကို ဆွဲထိုးမိလိမ့်မယ်’’ဟု ကိုဖြိုးကပါ ဝင်ပြောသည်။‘‘နေကြပါဦးကွာ၊ ငါတို့ဆန္ဒပြည့်ခါနီးပါပြီ။ အိမ်ဝိုင်းဘက်တစ်ခြမ်းလေးပဲ ကျန်တော့တာပါ။ အဲဒါလေးတော့ ပြီးအောင်ရှင်းသွားရအောင်ကွာ။ ငါတို့သာမလုပ်ရင် တန်းလန်းကြီးဖြစ်နေလိမ့်မယ်။ သူတို့က လက်ကြောတင်းတဲ့ ကောင်တွေမဟုတ်တော့ ဒီအတိုင်းထားခဲ့ကြမှာ’’

‘‘ကျွန်တော်တို့ကလည်း ကိုကြီးတို့မျက်နှာကြောင့် သည်းခံနေတာကြာပြီ’’‘‘အေးပါ ကိုဇင်ရာ မင်းကို ကိုယ်ချင်းစာပါတယ်။ ငါတောင်မှ အစပိုင်းတွေးထားတာက ဒီစေတီလေးကို ထုံးသင်္ကန်းပြန်ကပ်၊ မုခ်ဦးကို သေချာပြန်လုပ်၊ အုတ်တံတိုင်းကိုလည်း ဆေးပြန်သုပ်၊ လျှပ်စစ်မီးထွန်းတာတွေအထိ လုပ်မလို့ ရည်ရွယ်ထားတာ။ ခုတော့ မလုပ်တော့ဘူးကွာ၊ ဆက်လုပ်ရင် သူတို့က ပါနေဦးမှာ။ ချုံတွေကိုပဲ ပြီးအောင်ရှင်းခဲ့တော့မယ်’’ဟုပြောပြီး ခေါင်းကိုငုံလိုက်ကာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
‘‘စိတ်မညစ်ပါနဲ့ သူငယ်ချင်းရာ’’ဟုဆိုပြီး ကိုဖြိုးတစ်ယောက် ကျွန်တော့်လက်မောင်းကို သူ့လက်များဖြင့် တင်းတင်းညှစ်ထားသည်။ ဝမ်းနည်းစိတ်တို့မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး မျက်ရည်ကျချင်လာသည်။ သို့သော် ကျွန်တော် ခေါင်းကိုပြန်မော့လိုက်ပြီး လက်အုပ်ချီ လိုက်သည်။ ထို့နောက် မျက်လုံးများကိုမှိတ်လိုက်သည်။

‘‘နောင်ဘဝဆက်တိုင်း၌ ကုသိုလ်ကောင်းမှုလုပ်လျှင် စိတ်ချမ်းချမ်းသာသာဖြင့်သာ လုပ်ရပါ လို၏’’ဟု စိတ်ထဲတွင် ရွတ်ဆိုလိုက်ရာ မျက်ရည်ပုလဲတစ်လုံးသည် အလျင်အမြန် လျောဆင်း သွားခဲ့သည်။

‘‘ကိုဇော်ကြီး ခင်ဗျားဗျာ လုပ်ရက်လိုက်တာ’’‘‘မင်းဟာက ပလိန်းကြီးပါရော။ ငါ ဘာလုပ်လို့လဲ’’‘‘ဘာ .. ငါ ဘာလုပ်လို့လဲ ဟုတ်လား။ ခင်ဗျား ရပ်ကွက်ထဲက လူအချို့ဆီကနေ အလှူငွေတွေ တောင်းထားတယ်ဆို’’‘‘မင်းကလည်း အဲဒါကို မျက်လုံးပြူး မျက်ဆံပြူးနဲ့ လာပြောနေသေးတယ်။ ဟုတ်တယ်လေ ဘာဖြစ်လဲ’’ ‘‘အဲဒါဆို ဘယ်မှာလဲ အဲဒီငွေတွေ’’‘‘ဟေ့ကောင် မင်းရော၊ ငါရော ဘုရားအတွက် လုပ်နေတာကွ။ အဲလို ဘုရားအတွက် လုပ်နေတာချင်း အတူတူကို လာပြီး စစ်လား၊ မေးလား လုပ်ရအောင် မင်းကဘာကောင်မို့လို့လဲ။ ဒါပေမဲ့ မင်းသိချင်ရင် ပြောပြမယ် ရော့’’

ကျွန်တော်ကို စာရွက်တစ်ရွက် လှမ်းပေးသည်။ ကျွန်တော်ယူ၍ ဖတ်ကြည့်လိုက်ရာ ပေါက်ပြားနှင့်ဓား ဝယ်သည့်စာရင်း၊ ကွမ်းနှင့်ဆေးလိပ် ဝယ်သည့်စာရင်း၊ လက်ဖက်ရည် ဝယ်သည့်စာရင်း၊ ထမင်းဝယ်စားသည့် စာရင်း စသည်တို့ကို တွက်ချက်ထားသော စာရင်းများသာ ဖြစ်သည်။‘‘သြော် .. ကျွန်တော်ကတော့ ခင်ဗျားတို့ပိုက်ဆံနဲ့ ခင်ဗျားတို့ လုပ်ကြတယ်အောင့်မေ့နေတာ။ လက်စသတ်တော့ ဘုရားအတွက်ဆိုပြီး ခင်ဗျားတို့က အပျင်းပြေအလုပ်လုပ်ရင်းနဲ့ ကိုယ့်အတွက် အမြတ်ထုတ်သွားကြတာပေါ့လေ’’

‘‘ဘာကွ .. ခွပ်’’ ကိုဇော်ကြီး ထိုးလိုက်၍ ကျွန်တော် လဲကျသွားသည့်အတွက် ကိုဖြိုးနှင့် ကိုဇင်တို့လေးယောက်က ကိုဇော်ကြီးကို ဝိုင်း၍ ထိုးကြသည်။ တစ်ဖန် ကိုဇော်ကြီးအား ဝိုင်းထိုးနေကြသည်ကို မြင်သည့် သူ့အဖွဲ့သားများကလည်း နီးရာတုတ်များကိုဆွဲ၍ ပြေးလာကြပြီး ရိုက်ကြနှက်ကြသည်။ ကျွန်တော်လည်း မနေနိုင်တော့ နီးရာတုတ်ဆွဲပြီး ဝင်ရိုက်တော့သည်။ အားလုံးမှာ လုံးထွေးနေကြပြီး ကိုယ့်လူ သူ့လူရွေးရန်ပင် အတော်ခက်ခဲသည့်အနေအထားဖြစ်သည်။ ထိုသို့ ရိုက်ကြနှက်ကြ၍ အနာတရကြီးကြီးမားမား ရပြီးလောက်သည့်အချိန်တွင် ရပ်ကွက်ထဲမှလူများ အော်ကြီးဟစ်ကျယ်ဖြင့် ပြေးလာကြသည်။ ထိုအချိန်တွင် ကိုဇော်ကြီးတို့အဖွဲ့သည် ကျွန်တော်တို့ကို အားရအောင်ရိုက်ပြီးကြပြီဖြစ်သည့်အတွက် ဦးအောင်ထွက်ပြေးကြတော့သည်။ ထို့နောက်တွင် ကျွန်တော်လည်း မည်သည့်အရာမှ မမြင်ရတော့ဘဲ‘‘ဒီကောင်တွေ ကုသိုလ်ကောင်းမှုလုပ်နေပြီးတော့’’‘‘ငါတို့က တည့်တည့်မတ်မတ်နဲ့ အတူတူလုပ်နေကြတယ် အောက်မေ့နေတာ’’‘‘အတူတူလုပ်နေရင်းက ဘယ်လိုဖြစ်သွားကြတာလဲမသိဘူး’’ဆိုသည့် အသံများကိုသာ ကြားနေခဲ့ရသည်။

ကျွန်တော်သတိရ၍ မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးနားတွင် ကိုဖြိုးနှင့် အမေ့ကို တွေ့ရသည်။ ကိုဖြိုးကို မေးကြည့်လိုက်သောအခါ ကျွန်တော်က ခေါင်းကွဲသွားပြီး ကိုဇင်က နဖူးကွဲသွားသည်မှလွဲ၍ ကျန်သောသူအားလုံးက ပွန်းရုံပဲ့ရုံသာရှိခဲ့သည်ဟု သိလိုက်ရသည်။ ထို့ကြောင့် အားလုံးစိတ်ချရ၍ မျက်လုံးမှိတ်ပြီး ပြန်မှေးမည်အလုပ်တွင် ”သား”ဟု ခေါ်လိုက်သော ကြောင့် မျက်လုံးပြန်ဖွင့်လိုက်ရာ အမေက‘‘ခိုက်တာလားမသိဘူးနော်’’‘‘ဟာ ဘယ်ကလာ ခိုက်ရမှာလဲအမေရာ။ အဲဒါတွေ မယုံစမ်းပါနဲ့’’‘‘အဲဒါဆိုလည်း ဘယ်လိုဖြစ်ကြတာလဲ ငါ့သားရဲ့’’‘‘ထားလိုက်ပါအမေရာ။ အဲဒါတွေ မပြောချင်တော့ဘူး။ အကုသိုလ်များတယ်’’ ဟု စိတ်မရှည်သော လေသံဖြင့် ပြန်ပြောလိုက်သည်ကို အမေက ‘‘အေးပါ အေးပါ သားရယ်၊ မပြောချင်လည်း မပြောပါနဲ့ နား နား’’ ဟု ကရုဏာသက်စွာဖြင့် ပြောရှာသည်။ ကျွန်တော်လည်း မျက်လုံးများကို အသာလေးပြန်မှိတ်လိုက်ရာ စိတ်ပင်ပန်းနေ၍လားမသိ ပြန်ပြီး အိပ်ပျော်သွားသည်။

နံနက်ခင်းအလင်းရောင်သည် နေ့ခင်းအလင်းရောင်ကဲ့သို့လည်း မပူလောင်၊ ညနေခင်း အလင်းရောင်ကဲ့သို့လည်း မနွေးထွေးပေ။ ထိုအလင်းရောင်သည် ကျွန်တော့်အတွက် အေးချမ်းသည်။ ကြည်နူးစရာ ကောင်းသည်။ သာယာလှပသည်။ ကိုဇော်ကြီးတို့နှင့် ရန်ဖြစ်ပြီးကတည်းက အပြင်သို့ မထွက်ဘဲ အိမ်ထဲမှာပင် နေခဲ့သည်မှာ တစ်လခန့် ကြာခဲ့ပြီဖြစ်သည်။ သို့သော် သူငယ်ချင်းကိုဖြိုးက သူ့မွေးနေ့တွင် ကျွန်တော်နှင့်အတူ ငါးသွားလွှတ်ချင်သည်ဟု တောင်းဆိုလာ၍ နေထိုင်ရာ မြို့အရှေ့ဘက်ရှိ ကန်တော်ကြီးတွင် သူနှင့်အတူ ငါးလွှတ်ခဲ့ကြသည်။ ယခုအခါ ငါးလွှတ်ပြီးပြန်လာ၍ ကိုဖြိုးတို့အိမ်ရှေ့က ထိုင်ခုံလေးပေါ်တွင် ထိုင်ကာ နံနက်ခင်း၏ အရသာကို ခံစားနေခြင်းဖြစ်သည်။ ထိုသို့ ခံစားနေစဉ်

‘သူငယ်ချင်း သီချင်းကျွတ်ဖို့ ၁၅ ရက်လောက်ပဲလိုတော့တယ်နော်’’‘‘အင်း ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ကိုဖြိုးရ’’
‘‘ငါ အရင်နှစ်တွေတုန်းကတော့ ဘာမှသိပ်ပြီး ခံစားချက်မရှိဘူး။ ဒါပေမဲ့ ခုနှစ်ကျတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲကွ။ ငါတို့တွေကိုယ်တိုင် မနည်းရှင်းလင်းထားရတဲ့အတွက်ကြောင့်လား မသိ”

အပိုင်း (၁) လင့်ခ် – https://bit.ly/2sbhzBX

အပိုင်း (၂) လင့်ခ် – https://bit.ly/2sdXESU

မင်းထက်မြိုင်

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top