ကလောင်ရှင် မင်းထက်မြိုင်ရဲ့ “သင်ဦးချ၍ အမျှဝေရာ” အမည်ရ စာပေဗိမာန် ဝတ္တုတိုပေါင်းချုပ် ဒုတိယဆုရဝတ္တုတို ရသစာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။ ယခုတစ်ပတ်ဖော်ပြပေးလိုက်တာက ဝတ္တုရဲ့အပိုင်း (၄) ဖြစ်ပြီး နောက်ထပ် အပိုင်းတွေကို ဖော်ပြဦးမယ့်အပြင် အပိုင်းအားလုံးကို စုစည်းပြီး ပြန်လည်ဖော်ပြပေးသွာဦးမှာဖြစ်ကြောင်းလည်း အသိပေးလိုက်ပါရစေ။ ဖတ်ရှုခံစားကြည့်လိုက်ပါဦး…။
သင်ဦးချ၍ အမျှဝေရာ (အပိုင်း ၄)
ကျွန်တော် ထိုင်ခုံပေါ်မှ ဆင်းလိုက်ပြီး နန်းတော်ဦးဘုရားဘက်သို့ ခြေသုံးလှမ်းပြည့်အောင် လျှောက်လိုက်သည်။ မတ်တပ်ရပ်သည့်အနေအထားမှ ဘုရားကို ငေးကြည့်နေရင်းက
‘‘အရင်တုန်းကဆိုရင် ချုံတွေနဲ့ ရှုပ်ရှပ်ခတ်နေတဲ့ နေရာ။ ခု..ကြည့်လိုက်စမ်း ဘာချုံမှ မရှိတော့ဘူး။ ပင်လယ်ကမ်းစပ်မှာ ရေပြန်ကျသွားသလိုပဲ ပြောင်တလင်းခါနေလိုက်တာ၊ ဘယ်လောက်ကြည်နူးစရာကောင်းလဲ။ ပြီးတော့ အရင်တုန်းကဆိုရင် တစ်ရက်နေလို့ တစ်ယောက် တက်ပြီး ဘုရားရှိခိုးကြတာမဟုတ်ဘူး။ ခုဆို နှစ်ယောက်၊ သုံးယောက် တွေ့နေရပြီ ဒါလည်း ကြည်နူးစရာပဲ’’
စကားကိုရပ်လိုက်ပြီး စေတီကိုသာ တွေတွေကြီး ငေးကြည့်နေမိလျက်ရှိသည်။ ခဏအကြာမှ ဆက်၍
‘‘ငါလည်း သိပ်ပြီး ထွန်းချင်တာပေါ့။ မင်းကခုမှပြောတာ ငါကအရင်ကတည်းက ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ ကိုဇော်ကြီးတို့တွေ ဒီရပ်ကွက်ထဲမှာ ရှိနေသရွေ့တော့ ဖြစ်တော့မယ် မထင်ပါဘူးကွာ’’ဟု ပြောရင်း ကိုဖြိုးဘေးနားသို့ ပြန်ထိုင်လိုက်သည်။
‘‘အဲဒါကတော့ မင်းအတွေးအခေါ်မှားတာပဲ။ ဖြစ်နိုင်အောင်နည်းလမ်းရှာရင် ဖြစ်မှာပါကွ၊ စဉ်းစားပါဦး။ လိုလျှင်ကြံဆ နည်းလမ်းရတဲ့။ ငါကတော့ ဒီနှစ် ထွန်းဖြစ်အောင်ကို ထွန်းလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့ဆိုတာက ငယ်သေးတယ် ဘဝမှာ အလုပ်တွေ လုပ်ရဦးမှာ။ အဲဒီ အခါကျရင် ဘယ်သောင်ဆိုက်လို့ ဘယ်ကမ်းကပ်မလဲဆိုတာ မပြောနိုင်ဘူး။ ရေလည်းမရေရာဘူး။ အဲဒါကြောင့် ခုလို လုပ်နိုင်တဲ့အချိန်မှာ လုပ်ဖြစ်အောင်လုပ်သွားမယ်ကွာ’’
‘‘ကောင်းလိုက်တာ ကိုဖြိုးရာ။ မင်းစကားတွေက ငါ့ကိုနှိုးဆော်နေသလိုပဲ။ အေးပါ ငါလည်း လုပ်ဖြစ်အောင် ထပ်ကြိုးစားကြည့်ပါဦးမယ်။ ဒါပေမဲ့ ဒီတစ်ခါ ငါတို့တွေ စဉ်းစဉ်းစားစားလုပ်မှ ရတော့မယ်။ အဲဒီတော့ မင်းလည်း တတ်နိုင်တဲ့ နည်းလမ်းတွေကို ကြံဖန်စဉ်းစား။ ငါလည်း သေသေချာချာစဉ်းစားမယ်’’
‘‘အဲဒီလိုလုပ်စမ်းပါ သူငယ်ချင်းရ’’ဟုဆိုကာ ပခုံးကို လာ၍ ဖက်လိုက်သောကြောင့် ကျွန်တော့်၏ အေးချမ်းနေသော မနက်ခင်းလေးသည် နွေးထွေးသွားခဲ့သည်။ ကိုဖြိုးနှင့် လမ်းခွဲပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ပြန်လမ်းတစ်လျှောက်လုံးတွင် ဆီမီးထွန်းရန်အတွက် အဖြစ်နိုင်ဆုံး နည်းလမ်းများကို စဉ်းစားသည်။ သု့ိသော် စဉ်းစား၍ လုံးဝမရ။ ကိုဇော်ကြီးနှင့် သွားညှိရန်မှာလည်း လူမိုက်အားပေးအလုပ်ဖြစ်၍ မည်သို့မှမဖြစ်နိုင်။ ကျွန်တော်တို့လုပ်မည်ဆိုလျှင်လည်း သူတို့က နှောင့်ယှက်ဦးမည်မှာ အမှန်။ သူတို့မသိအောင်လုပ်မည်ဆိုသည်ကလည်း တိတ်တိတ်ပုန်းလုပ်၍ ရသော အလုပ်မဟုတ်။ သူတို့ စိတ်ဓာတ်များပြောင်းလဲ၍ အမှန်တကယ်လုပ်မည်ဆိုလျှင် အားလုံး အဆင်ပြေနိုင်သော်လည်း သူတို့က ပြောင်းလဲမည့်ပုံမပေါ်သေး။ ယခုကဲ့သို့ အဖက်ဖက်မှ စဉ်းစား သော်လည်း နည်းလမ်းမှာ ရှာ၍မတွေ့ရဘဲ ဖြစ်နေသည်။ သို့သော် ကျွန်တော်တို့သည် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးအပုပ်မခံနိုင်ပေ။
‘‘ဘုရားအလောင်းတော်ကြီးများသည် ဒါနပါရမီကိုသာ ဦးစွာအစ ဖြည့်ခဲ့ကြပါသတဲ့။ အလောင်းတော် သုမေဓာရှင်ရသေ့သည်လည်း ပါရမီ ၁၀ ပါးအနက် ဒါနပါရမီကို အစအဦး အထူး အရေးတကြီး ဖြည့်ကျင့်ပါသတဲ့။ ဒါနမပါဘဲ သံသရာခရီးသွားရင် ဒါနကင်းသည့်အတွက် သုဂတိ ဘဝကောင်းကို ရရန်ခက်ပါတယ်။ ရပြန်လျှင်လည်း အသုံးအဆောင်ပြည့်စုံဖို့ရန် ခက်ပြန်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို သံသရာခရီးသွား မရပ်စဲသေးသော ပုထုဇဉ်များအနေဖြင့် ဒါနတရားကို အထူးအားထုတ်ဖို့ အရေးကြီးလှပါတယ်ဗျာ …………… ’’
နန်းတော်ဦးဘုရားမုခ်ဦးရှေ့ရှိ အလှူခံမဏ္ဍပ်မှ ဆရာကြီးဦးသိန်းအောင်၏ နှိုးဆော်သံ ဖြစ်သည်။ ဆရာကြီးသည် အသက် ၂၀ ကျော်ကတည်းကပင် စာသင်ပြသည့်အလုပ်ကို လုပ်ခဲ့ရာ ယခုအခါ အသက် ၇၀ ကျော်ပြီဖြစ်သည့်အတွက် ရပ်ကွက်အတွင်းရှိသူများမှာ သူ့သင်ပြမှုနှင့် လွတ်သူမရှိသလောက် နည်းပါးသည်။ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပြီး ကျွန်တော့်အမေကအစ ကျွန်တော်ကအဆုံး သူ့တပည့်များဖြစ်သည်။ ရပ်ကွက်အတွင်း၌ သြဇာကြီးသူတစ်ဦးဖြစ်ပြီး အားလုံးက ရိုသေလေးစားကြသည်။ ရိုသေလေးစား ထိုက်အောင်လည်း စာပေကျမ်းဂန်နှင့် ပြည့်စုံသူ ဖြစ်သည်။ အသက် ၇၀ နှစ်ကျော်ပြီဖြစ်သော်လည်း မည်သည့်ရောဂါမှ ထွေထွေထူးထူးမရှိသည့် အတွက် ကျန်းမာသန်စွမ်းလျက်ပင်ရှိသည်။
‘‘မင်း ဘယ်လို စိတ်ကူးရသွားတာလဲ’’ ကိုဖြိုးတစ်ယောက် ကျွန်တော်ကို အံ့သြတကြီးဖြင့် မေးရှာသည်။
‘‘ငါ မနေ့က မင်းနဲ့တွေ့ပြီး ပြန်သွားတော့ တစ်လမ်းလုံးစဉ်းစားတာ စဉ်းစားလို့မရဘူး။ အဲဒါနဲ့ အိမ်ရောက်တော့ အမေ့ကို အကြံဉာဏ်တောင်းကြည့်တယ်။ သားတို့ချည်းပဲလုပ်ရင် ဖြစ်မှာ မဟုတ်ဘူးတဲ့။ လူကြီးလေးတစ်ယောက်လောက်တော့ ပါမှရမှာတဲ့။ ဒါမှ လူရိုသေရှင်ရိုသေ ဖြစ်မှာပေါ့တဲ့။ လူကြီးတစ်ယောက်လောက်ပါတော့ ဇော်ကြီးတို့လည်း သူတို့လုပ်ချင်တာ လုပ်လို့ရမှာ မဟုတ်တော့ဘူးပေါ့တဲ့။ အဲဒါနဲ့ ငါလည်း စဉ်းစားတာပေါ့။ စဉ်းစားရင်းနဲ့ ငါတို့ကို စာသင်ရင်းက ရပ်ကျိုးရွာကျိုးသယ်ပိုးကြဖို့ အမြဲဆုံးမလေ့ရှိတဲ့ ငါတို့ ချစ်ကြောက်ရိုသေရတဲ့ ဆရာကြီးကို သွားသတိရတယ်။ အဲဒါနဲ့ ဆရာကြီးအိမ်ကိုသွားပြီး ငါတို့လုပ်ချင်တာလေးကို ရှင်းပြတယ်။ ဆရာကြီးက ဟန်ပြပဲထိုင်ပေးပါပေါ့။ ကျန်တာကျွန်တော်တို့လုပ်ပါမယ်ပေါ့။ အဲဒီမှာ ဆရာကြီးက ဘာပြောလဲဆိုတော့ ငါက နန်းတော်ဦးဘုရားကို ဦးစီးပြီးလုပ်ဖို့ ချိန်နေတာ ကြာပြီတဲ့။ ဒါပေမဲ့ အရင်ကတပည့်တွေက သူတို့သားသမီးတွေကို လာလာထားတော့ နားမယ်ဆိုတာတောင် မနားရဘဲ စာကသင်နေရသေးတယ်တဲ့။ ဒီလိုနဲ့ မအား၊ မအားတာနဲ့ မလုပ်ဖြစ်သေးတာတဲ့။ ခုတော့ နားဖို့ ဆုံးဖြတ်လိုက်ပြီကွာတဲ့။ လုပ်မှလုပ်တော့လည်း အကောင်းဆုံးဖြစ်အောင်လုပ်မယ်တဲ့။ လော်စပီကာတွေ၊ မိုက်တွေက ငါ့မှာရှိတယ်တဲ့။ အလှူခံမဏ္ဍပ်ဆောက်ဖို့သာ လုပ်လိုက်တော့ဆိုတာနဲ့ ငါလည်း အားချင်းလုပ်လိုက်တာ။ မင်းကိုမပြောဘဲ ငါတစ်ယောက်တည်း မဏ္ဍပ်ဆောက်လိုက်တာက မင်းကို ခုလိုခေါ်ပြရင် အံ့သြစေချင်လို့။ ကဲ ငါတို့လုပ်ငန်း စလို့ရပြီ သူငယ်ချင်း။ ၁၄ ရက်ပဲ လိုတော့တာဆိုတော့။ ဘုရားကိုလည်း ထုံးသင်္ကန်းပြန်ကပ်ရမှာနဲ့ အုတ်တံတိုင်းတွေ ဆေးသုတ်ရမှာနဲ့ ပြန်ပေါက်လာတဲ့ မြက်တွေကို ထပ်ရှင်းရမှာနဲ့ အချိန်က သိပ်မရှိတော့ဘူး။ ကိုဇင်တို့ကိုပါ ခေါ်လိုက်တော့’’
‘‘အေးပါကွာ … အေးပါ’’ ဟုဆိုကာ ကိုဇင်တို့အိမ်ဘက်သို့ ပြေးသွားပါတော့သည်။
ကျွန်တော်တို့သည် ပြန်၍ပေါက်လာသော မြက်ကလေးများကို ရှင်းလင်းကြပြီး ယခင်က ကျန်ရှိခဲ့သည့် ဘုရားကိုကွယ်နေသော သစ်ပင်ကြီးများကို ခုတ်ပစ်လိုက်ကြသည်။ ဆရာကြီးအလှူခံ၍ ရသမျှငွေလေးဖြင့် မုခ်ဦးများနှင့်အုတ်တံတိုင်းများကို ဆေးသုတ်သည်။ စေတီတော်အား ထုံးသင်္ကန်းပြန်၍ ကပ်လှူသည်။ ပရဝုဏ်အတွင်း၌ ချုံနွယ်များ ပြန်မပေါက်ရန်အတွက် သဲများကို ခင်းကြသည်။ ဘုရားရှိခိုးရန်အတွက် သစ်သားခုံ အပြားလေးများကိုရိုက်၍ တန်းစီချထားသည်။ ထို့အပြင် လာရောက်ဖူးမြော်သူများ နားနေရန်အတွက် ယာယီဇရပ်လေးတစ်ဆောင်ကို ဆောက်လုပ် ကြသည်။
ယခုကဲ့သို့ ကျွန်တော်တို့ဆောင်ရွက်နေသည်ကို ကိုဇော်ကြီးက ကွက်ကြည့်ကွက်ကြည့် လုပ်နေတတ်သည်။ သူသည်လည်း ဆရာကြီး၏ တပည့်အရင်းဖြစ်သည်။ ထို့အပြင် သူ့အဖွဲ့မှ လူများသည်လည်း ဆရာကြီး၏ တပည့်များပင်။ သို့သော် သူတို့သည် ဆယ်တန်းစာမေးပွဲကို အကြိမ်ကြိမ် ရှုံးနိမ့်ထားကြသည့် ကျောင်းသားများ ဖြစ်သည်။ ကိုယ်က မဟုတ်တာလုပ်ထားသော ကျောင်းသား၊ ကျောင်းသူများသည် ဆရာများကိုမြင်လျှင် ရှောင်နေတတ်ကြသည့် ထုံးစံရှိသည်။ တပည့်ချင်းအတူတူ ကိုယ်က အခြားကျောင်းသားများကဲ့သို့ ပညာဆုံးခန်းမတိုင်ဘဲ လမ်းခုလတ်တွင် ကျနေခဲ့လျှင် အကြင်ဆရာများကို မျက်နှာမပြဝံ့ကြသည့် ထုံးစံရှိသည်။ မည်မျှပင် ဆိုးသွမ်းနေ စေကာမူ ဆရာဟုသိလိုက်သည်နှင့် ရိုသေကြောက်ရွံ့ကြသည့် ထုံးစံရှိသည်။ ဤထုံးစံများကြောင့်ပင် . . . . . . . . . . . ။
အပိုင်း (၁) လင့်ခ် – https://bit.ly/2sbhzBX
အပိုင်း (၂) လင့်ခ် – https://bit.ly/2sdXESU
အပိုင်း (၃) လင့်ခ် – https://bit.ly/2VJgEGa
မင်းထက်မြိုင်