ကလေးမွေးပေးဖို့အတွက်နဲ့ တရုတ်ပြည်ဆီလူကုန်ကူးခံနေရတဲ့ မြန်မာအမျိုးသမီးငယ်များ

55680251_1300969996721410_3924303303298514944_n.jpg

မြန်မာနိုင်ငံကနေတရုတ်ပြည်ကို လူကုန်ကူးခံရပြီး အငှားမယားအဖြစ်ရောင်းစားခံနေရတဲ့ အမျိုးသမီးဦးရေက များသထက်များလာနေပါတယ်။ လူကုန်ကူးခံနေရတဲ့ အမျိုးသမီးငယ်အများစုက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကဖြစ်ပြီး တိုက်ပွဲတွေကြောင့် နေရပ်ကစွန့်ခွာကာ ဒုက္ခသည်စခန်းမှာ နေထိုင်နေရသူတွေလည်း ဖြစ်ပါတယ်။

လူကုန်ကူးခံနေရတဲ့အမျိုးသမီးငယ်အများစုက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းကဖြစ်

တရုတ်ပြည်ကို လူကုန်ကူးခံရပြီး အသက်ရှင်လျက်ပြန်လွတ်မြောက်လာသူတွေထဲက တစ်ဦးဖြစ်တဲ့ မဆန်းမွန်းကတော့ မြန်မာပြည်အရှေ့မြောက်ပိုင်းမှာ နေထိုင်သူတစ်ယောက်ပါ။ တရုတ်ပြည်မှာ အလုပ်ရှာရလွယ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ယောင်းမဖြစ်သူရဲ့ ဆွယ်စကားကို ယုံကြည်ပြီး မဆန်းမွန်းတစ်ယောက် တရုတ်ပြည်အထိ ကားစီးကာ လိုက်သွားခဲ့ပါတယ်။

တရုတ်ပြည်ထဲအရောက် အိပ်ရာကနိုးလာချိန်မှာတော့ လက်ကို နောက်ပြန်ကြိုးတုပ်ပြီးသား အနေအထားဖြစ်နေတာကို မဆန်းမွန်း သိလိုက်ရပါတယ်။ ယောင်းမဖြစ်သူက သူ(မ) ကို တရုတ်မိသားစုလက်ထဲမှာထားခဲ့ပြီး မြန်မာပြည်ကိုပြန်သွားခဲ့တာပါ။ လအနည်းငယ်ကြာတဲ့အခါ ယောင်းမဖြစ်သူ ပြန်ရောက်ရှိလာပြီး မဆန်းမွန်းကို တရုတ်အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ရမယ်လို့ ဆိုလာပါတယ်။ နောက်ထပ်အိမ်တစ်အိမ်ကို ပြောင်းခိုင်းပြီး အခန်းတစ်ခန်းမှာ ကြိုးတုပ်ပြီး သူ(မ)ကို တံခါးသော့ခတ်ထားခဲ့တာပါ။ ခင်ပွန်းလောင်းဆိုသူက ထမင်းစားချိန်တိုင်း ထမင်းလာပို့ပေးရင်း မုဒိမ်းကျင့်တာ ဖြစ်ပါတယ်။

နှစ်လလောက်ကြာပြီးနောက်မှာတော့ အခန်းထဲကနေဆွဲထုတ်ခံရပြီး သူ(မ)ကို ရက်သတ္တပတ်ပေါင်းများစွာ မုဒိမ်းကျင့်ခဲ့တဲ့အမျိူးသားနဲ့ တရားဝင် မိတ်ဆက်ပေးခြင်းခံခဲ့ရပါတယ်။ အမျိုးသားရဲ့ ဖခင်ဖြစ်သူက မဆန်းမွန်းနဲ့ သားဖြစ်သူကို မိသားစုဘဝတည်ဆောက်ကြဖို့ ဆိုပါတယ်။ နောက်ဆုံးမှာ မဆန်းမွန်းတစ်ယောက် ကိုယ်ဝန်ရသွားခဲ့ပါတယ်။ သားယောက်ျားလေး မွေးချိန်မှာတော့ မြန်မာပြည်ကိုပြန်နိုင်ပြီလို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။ သွားလိုရာသွားလို့ရပြီဆိုပေမဲ့ ကလေးကိုတော့ ယူသွားလို့မရပါဘူး။ သားယောက်ျားလေး ဖြစ်တဲ့အတွက် တရုတ်ပြည်မှာပဲ ချန်ထားခဲ့ရမှာပါ။

တရုတ်ပြည်မှာ ကလေးတစ်ဦးပဲယူရမယ်ဆိုတဲ့ “one child policy” နဲ့ တရားမဝင် လိင်ဆက်ဆံဖို့ ရွေးချယ်ခံရတဲ့အမျိုးသမီးတွေထဲမှာ ကချင်အမျိုးသမီးတွေကို ပိုပြီးလိုလားလာကြပါတယ်

ဒီလိုဖြစ်ရပ်မျိုးက မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ကတဆင့် တရုတ်ပြည်ဆီ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေထဲက တစ်ယောက်ရဲ့အကြောင်းပဲ ရှိပါသေးတယ်။ လူအခွင့်အရေး စောင့်ကြည့်အဖွဲ့အစည်း (HRW) ရဲ့ ပြောကြားချက်အရ မဆန်းမွန်းက ကလေးနဲ့အတူ ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး လူကုန်ကူးခံရတဲ့ဘဝတူအမျိုးသမီးတစ်ယောက်ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။ များသောအားဖြင့် ကလေးမွေးပြီးရင် တရုတ်ပြည်မှာ ထားရစ်ခဲ့ရသူများပေမဲ့ သူ(မ)ကတော့ ကလေးကို တစ်ပါတည်းခေါ်ခဲ့နိုင်ပါတယ်။

တရုတ်ပြည်မှာ ကလေးတစ်ဦးပဲယူရမယ်ဆိုတဲ့ “one child policy” နဲ့ တရားမဝင် လိင်ဆက်ဆံဖို့ ရွေးချယ်ခံရတဲ့အမျိုးသမီးတွေထဲမှာ ကချင်အမျိုးသမီးတွေကို ပိုပြီးလိုလားလာကြပါတယ်။ သားယောက်ျားလေးသာလိုလားတဲ့ တရုတ်နိုင်ငံမှာ ၂၀၁၆ စာရင်းအရ အမျိုးသားအရေအတွက်က အမျိုးသမီးထက်ပိုများနေလို့ အိမ်ထောင်ဖက်မလုံလောက်မှုတွေ ကြုံတွေ့နေရပါတယ်။ ဒီလိုအချိန်မှာ တခြားနိုင်ငံက အငှားမယားတွေကို ဒေါ်လာ (၃၀၀၀) နဲ့ (၁၃၀၀၀) ကြား ပေးဝယ်ပြီး မုဒိမ်းကျင့်ကာ ကလေးမွေးခိုင်းတာ ဖြစ်ပါတယ်။ ဇနီးအဖြစ် လက်ထပ်ပေါင်းသင်းတာကနည်းပါးပြီး ကိုယ်ဝန်ရတဲ့အထိ မုဒိမ်းကျင့်ဖို့သတ်သတ်သာ ရည်ရွယ်ဝယ်ယူကြတာ ဖြစ်ပါတယ်။ ကလေးမွေးပြီးရင်လည်း တရုတ်ပြည်မှာပဲထားခဲ့ရတာဖြစ်လို့ မြန်မာပြည်ကိုပြန်ရောက်လာတဲ့ မိခင်တော်တော်များများဟာ စိတ်ကျဝေဒနာကို ခံစားကြရပါတယ်။

သေချာစွာကာကွယ်မှုမပေးခံရတဲ့ဘဝတွေမှာ မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ ဘဝကတော့ ရောင်းစားခံသတ်သတ်သာ ဖြစ်နေရပါတယ်

ကချင်အမျိုးသမီးငယ်လေးတွေအဖို့ အလားတူဖြစ်ရပ်မျိုးကင်းဝေးအောင် အကာအကွယ်ပေးရေးအတွက် HRW က မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေဆီ တောင်းဆိုထားပါတယ်။ တရုတ်နိုင်ငံမှာတော့ မတရားခံရတာများလို့ သွားရောက်တိုင်တန်းမယ်ဆိုရင်တောင်မှ ဖြေရှင်းမပေးတဲ့အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ထောင်ချခံရတယ်လို့ ဆိုပါတယ်။ သေချာစွာကာကွယ်မှုမပေးခံရတဲ့ဘဝတွေမှာ မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ ဘဝကတော့ ရောင်းစားခံသတ်သတ်သာ ဖြစ်နေရပါတော့တယ်။

Ref: CNN “Young women trafficked to China and held until they give birth, report says”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top