Mask ဝတ်ရင် အောက်စီဂျင်ပမာဏ ထိုးမကျဘူး ဆိုတာကို ဆရာဝန်တစ်ဦးက Mask ဝတ်ပြီး (၂၂) မိုင်ပြေးပြကာ သက်သေပြခဲ့

10-8-2020-yyl-021.jpg

ကပ်ရောဂါအတွင်းမှာ ရောဂါအန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် လက်ကို မကြာခဏဆေးပေးတာ၊ Mask ဝတ်ပေးတာတို့ပါပဲ။ ဒါပေမဲ့ တချို့လူတွေက Mask ဝတ်ထားရင် အသက်ရှုကြပ်သလိုခံစားရတဲ့အတွက် Mask မဝတ်ချင်ကြပါဘူး။ အဲဒီအကြောင်းအရင်းကြောင့် Mask မဝတ်ချင်တဲ့သူတွေကို အင်္ဂလန်နိုင်ငံက ဆရာဝန်တစ်ဦးက Mask တွေဟာ အောက်စီဂျင်ပမာဏကို အဟန့်အတားမဖြစ်စေဘူးဆိုတာ သက်သေပြချင်ခဲ့ပါတယ်။ ဒါကြောင့် Mask ဝတ်ရင်းနဲ့ (၂၂) မိုင် ပြေးပြခဲ့ပါတယ်။

ဆရာဝန် တွမ် လော်တန် (Tom Lawton) က (၂၂) မိုင်ပြေးတဲ့ ခရီးစဉ်တစ်လျှောက်မှာ သူ့ရဲ့အောက်စီဂျင်ပမာဏကို စစ်ဆေးဖို့အတွက် သွေးခုန်နှုန်းတိုင်းတာတဲ့ ကိရိယာကို အသုံးပြုခဲ့ပါတယ်။ ဒီကိရိယာက လူတစ်ယောက်ရဲ့သွေးနီဥအတွင်းက အောက်စီဂျင်ပမာဏကို တိုင်းတာပြီး လက်ချောင်းမှာ တပ်ထားရတာဖြစ်ပါတယ်။ ဆရာဝန်တွမ်က သူပြေးနေစဉ်မှာ အစာစားတာနဲ့ ရေသောက်ဖို့အတွက် Mask ကို မချွတ်ခဲ့သလို အောက်စီဂျင်ပမာဏကို စစ်ဆေးတဲ့အခါတိုင်းက ၉၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

တနင်္ဂနွေမနက်ခင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Mask က အန္တရာယ်ကင်းပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့နေရာမှာ လိုအပ်တယ်ဆိုတာ လူတိုင်းကို ပြချင်ခဲ့တယ်လို့ ဆရာဝန် တွမ် လော်တန်က ပြောပါတယ်။ လူတွေကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ရော အခြားသူတွေကို ကာကွယ်ဖို့အတွက်ပါ Mask ဝတ်ဖို့ ကျန်းမာရေးအာဏာပိုင်တွေက တိုက်တွန်းထားတာပါ။ လူတွေက Mask ဝတ်ဖို့ကို ငြင်းနေကြတဲ့အတွက် ဒီလမ်းညွှန်ချက်က လတော်တော်ကြာ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

“Mask မဝတ်ဘဲ စားပွဲမှာထိုင်နေတဲ့၊ Mask ဝတ်တာက အောက်စီဂျင်ပမာဏကို ထိုးကျစေတယ်လို့ ယူဆနေတဲ့လူတွေရဲ့ ပုံတချို့ကို ကျွန်တော်မြင်ခဲ့ရတော့ စိတ်ပျက်မိခဲ့တယ်”လို့ ဆရာဝန်တွမ် လော်တန်က ပြောပါတယ်။ အဲဒီလိုလူတွေကို သက်သေပြချင်တဲ့အတွက် တစ်နေ့မှာ ဆရာဝန်တွမ် လော်တန်က အလွှာ (၃) လွှာပါတဲ့ Mask ကို ဝတ်ဆင်ကာ အောက်စီဂျင်ပမာဏကို စစ်ဆေးရင်းနဲ့ အလုပ်ကို (၈) မိုင်ပြေးပြီး သွားခဲ့ပါတယ်။ အလုပ်ပြီးတော့လည်း နောက်ထပ် (၁၄) မိုင် ပြေးခဲ့ပါတယ်။ Mask ဝတ်ရတာ နည်းနည်းတော့ သက်တောင့်သက်သာမရှိဘူးလို့ ဆရာဝန်တွမ် လော်တန်က ဝန်ခံခဲ့ပေမယ့် သူ့ရဲ့အောက်စီဂျင်ပမာဏ ထိုးမကျခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

ဆရာဝန် တွမ် လော်တန်က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် Mask ဝတ်ဆင်ရုံနဲ့ မရတာကြောင့် ခပ်ခွာခွာနေဖို့၊ လက်ဆေးဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။

Ref: CNN “A doctor runs 22 miles in a face mask to prove that they are safe”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top