”ထဘီဆိုတာနဲ့ ဘုန်းနိမ့်လား၊ ယောက်ျားပုဆိုးနဲ့ မိန်းမထဘီ ရောလျှော်ကြလား”ဆိုတာ ပန်းချီထိန်လင်းရဲ့ တစ်ကိုယ်တော်ပန်းချီပြပွဲက မေးခွန်းတစ်ခုဖြစ်ပါတယ်။ ထဘီနဲ့ပတ်သက်ပြီး အယူသည်းတာတွေကို ပြန်လှန်စဉ်းစားသုံးသပ်နိုင်ဖို့ရည်ရွယ်တဲ့ ပန်းချီထိန်လင်းရဲ့ ပန်းချီပြပွဲက ဒီရက်ပိုင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။
ထဘီဆိုတာ သာမန်အဝတ်စဆိုတဲ့သူတွေက တစ်ဘက်၊ သာမန်အဝတ်စမဟုတ်ဘူး နိမ့်ကျတဲ့ အဝတ်စဆိုတဲ့သူတွေကတစ်ဘက် သဘောထားကွဲလွဲခဲ့ကြသလို ဘုန်းနိမ့်တယ်၊ ဘုန်းမနိမ့်ဘူးဆိုတဲ့ အမြင်နှစ်ဘက်ကြား ဝိဝါဒကွဲခဲ့ကြပါတယ်။ ဘုန်းနိမ့်တယ်လို့ ယူဆသူတွေကိုကြည့်လိုက်ရင် ထုံးတမ်းစဉ်လာကိုကိုင်စွဲထားတာတွေ့ရပြီး ဘုန်းမနိမ့်ဘူးလို့ မှတ်ချက်ပေးသူတွေကတော့ အခွင့်အရေးတန်းတူလိုလားကြပုံ ရပါတယ်။
ထဘီတန်းအောက်ဝင်ရင် ဘုန်းနိမ့်လား၊ မနိမ့်ဘူးလားဆိုတာနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကတော့ ”ဘုန်းနိမ့်တယ်ထင်ရင် နိမ့်တယ်။ မနိမ့်ဘူးထင်ရင် မနိမ့်ဘူး၊ ဘာကြောင့်လဲဆိုတော့ ထဘီကြောင့်နိမ့်တာမဟုတ်ဘဲ ”ထင်”ဆိုတဲ့ ဥပါဒါန်ကြောင့် နိမ့်သွားတယ်လို့ ထင်ကြတာပါ။ ”ဘုန်းနိမ့်ပြီဟဲ့”ဆိုတဲ့ သင့်ရဲ့ ခံစားချက်ဟာ negative feeling ဘက်ကိုရောက်သွားတယ်။ စိတ်အလိုမကျဖြစ်စေတယ်… စိတ်ကိုနောက်ကျိစေတယ် ၊ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ”လို့ မိန့်ကြားထားပါတယ်။
ဒီနေရာမှာ ထုံးတမ်းစဉ်လာနဲ့ ဗုဒ္ဓဘာသာကို ထွေးရောယှက်တင်လုပ်ပြီး အယူအဆအမှားတွေကို လက်ဆင့်ကမ်းသယ်ဆောင်နေကြတာတော့ မကောင်းဘူးလို့ဆိုရမှာပါ (အယ်ဒီတာ့အာဘော်ကဏ္ဍမှ လက်ဆင့်ကမ်းသယ်ဆောင်ရာဝယ် ဆောင်းပါးတွင်ရှုရန်)။ ဒီလိုပြောလို့ ထုံးတမ်းစဉ်လာတွေကို ဖျက်လိုဖျက်စီးလုပ်ချင်နေတာလို့တော့ မထင်စေချင်ပါဘူး။ ထုံးတမ်းစဉ်လာဆိုတာ တရားသေဆုပ်ကိုင်ထားရမယ့်အရာမဟုတ်တာတော့ သတိချပ်မိကြစေချင်ပါတယ်။
ပြည့်နေတဲ့ခွက်ထဲကို ဘာတစ်ခုမှထပ်ထည့်လို့မရသလို ဦးနှောက်ထဲမှာ ထုံးတမ်းစဉ်လာဆိုတဲ့ အယူအဆတွေနဲ့ ပြည့်နှက်နေရင်လည်း အတွေးအမြင်အသစ်တွေကို လက်ခံနိုင်မှာမဟုတ်ပါဘူး။ အဲဒီသူတွေဟာ မျက်မှောက်ခေတ်အတွေးအမြင်၊ အယူအဆတွေနဲ့ တဖြည်းဖြည်းဝေးသည်ထက်ဝေးပြီး ကွန်ဆာဗေးတစ်တွေ ဖြစ်သွားကြတာလို့တောင် ပြောရမလိုပါပဲ။
အရင်တုန်းက သတ်မှတ်ခဲ့ကြတယ်၊ လိုက်နာခဲ့ကြတယ်ဆိုတိုင်း လိုက်လုပ်နေရင် ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာလို့ ပြောဖို့တောင် ခက်ခဲမှာပါ။ ကာလာမသုတ်မှာ ”သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အလာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ်အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်”လို့ ဗုဒ္ဓဘုရားရှင်က မိန့်မှာခဲ့ဖူးပါတယ်။
လွတ်လပ်ပွင့်လင်းစွာ တွေးခေါ်နိုင်တာကိုက ဗုဒ္ဓဘာသာရဲ့ အနှစ်သာရပါ။ ဒါကို ဗုဒ္ဓဘာသာဝင်တွေ ခံစားသိမြင်ခွင့်ရသင့်ပါတယ်။ အကြောင်းအရာတစ်ရပ်၊ အယူအဆတစ်ရပ်ကို ချင့်ချိန်ပိုင်းခြားတဲ့အခါ လွတ်လပ်ပွင့်လင်းစွာချဉ်းကပ်ပြီး ပညာအသိနဲ့ချိန်ဆဖို့၊ အဓိပ္ပာယ် ရှိ၊ မရှိ ပိုင်းခြားဖို့ တိုက်တွန်းရင်း အဆုံးသတ်လိုက်ပါရစေ။
Team (ရိုးရာလေး)