ကျောင်းဖွင့်ချိန်

3.6.2019.jpg

ဇွန်လကိုရောက်လာပြီဖြစ်လို့ မုတ်သုန်လေနဲ့အတူ ကျောင်းသူ/သားတွေအတွက် စာသင်နှစ်အသစ်တစ်ခု ပြန်ပြီးစတင်ပါပြီ။ ကျောင်းသားကြီးငယ်အားလုံး အဖြူအစိမ်းဝတ်စုံလေးတွေနဲ့ မိုးတဖွဲဖွဲကြားမှာ စာသင်ခန်းဆီသွားနေကြပုံက ကြည်နူးစရာမြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။

ရည်ရွယ်ချက်၊ ရည်မှန်းချက်ကိုယ်စီကိုင်စွဲပြီး စာသင်ခန်းဆီသွားနေကြတဲ့ ဒီကျောင်းသူ/ သားတွေတိုင်းဟာ အနာဂတ်ကာလမှာ နိုင်ငံခေါင်းဆောင်တွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ ဖြစ်လာနိုင်တဲ့သူချည်းပါပဲ။ ဒါပေမဲ့ ဘဝပေးအခြေအနေတွေကမတူညီကြတာမို့ ပညာရေးခရီးလမ်းမှာ တစ်ပိုင်းတစ်စဖြစ်ကြရသူတွေလည်း ရှိတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းတွေထဲမှာ ကျောင်းစရိတ်အခက်အခဲဆိုတာက အဓိကအကျဆုံး ဖြစ်နေပါတယ်။

ကျောင်းသားတစ်ဦးစာကျောင်းစရိတ်ဆိုတာ ပစ္စည်းဥစ္စာပြည့်စုံသူတွေအတွက် ပူပန်စရာတစ်ခုမဖြစ်ပေမဲ့ သာမန်လူတန်းစားမိသားစုတစ်ခုအတွက်တော့ အခက်အခဲတစ်ရပ်ပါပဲ။ ကျောင်းစရိတ်လို့ဆိုတဲ့နေရာမှာ ကျောင်းလခပေးဖို့မလိုအပ်ပေမဲ့ (အစိုးရကျောင်းများသာ) စာရေးကိရိယာဖိုး၊ ဝတ်စုံဖိုးနဲ့ အစားအသောက်ဖိုးတွေရှိတာကြောင့် တစ်နှစ်တာလုံးအတွက်ဆိုရင် ပမာဏကမနည်းလှပါဘူး။ ကျောင်းသား (၂) ဦး (၃) ဦးရှိနေရင်တော့ ဒီအခက်အခဲက ကြီးမားလွန်းတဲ့အခက်အခဲဖြစ်သွားပါပြီ။

ဒီနေ့ခေတ်မှာက အစအစအရာအရာ အဖိုးအခများလွန်းနေတာကြောင့် မိဘတိုင်းနီးပါး ဒီအခက်အခဲကို ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။ သားသမီးတွေ အဆင်ပြေပြေ ကျောင်းတက်စာသင်နိုင်စေဖို့ မဖြစ်ဖြစ်အောင်ကြိုးပမ်းပေးကြပေမဲ့လည်း တချို့မိဘတွေအနေနဲ့ ဘယ်လိုမှမစွမ်းသာတော့တာကြောင့် လက်လျော့လိုက်ကြရပါတယ်။ နောက်ဆက်တွဲရလဒ်အဖြစ် ကျောင်းဆက်တက်ခွင့်မရတော့တဲ့ကလေးတွေဟာ အသက်ငယ်ငယ်နဲ့ လုပ်ငန်းခွင်တွေထဲကိုရောက်သွားကြရပြီး တချို့ဆိုရင် လမ်းမှားလိုက်မိလို့ ပျက်စီးလေလွင့်သွားကြတာတွေတောင်ရှိပါတယ်။ ဒါဟာ ကလေးတွေရဲ့ လှပလာနိုင်တဲ့အနာဂတ်ကို ဆုံးရှုံးသွားရတာသာမက နိုင်ငံအတွက်လည်း မဆုံးရှုံးသင့်တဲ့ အဖိုးတန်လူသားအရင်းမြစ်တချို့ကို ဆုံးရှုံးလိုက်ရတာလို့ ဆိုနိုင်ပါတယ်။

ကျောင်းဖွင့်ချိန်ဆိုတာ မင်္ဂလာရှိတဲ့အချိန်အခါတစ်ခုပါ။ ဒါပေမဲ့ ကျောင်းနေအရွယ်ကလေးတိုင်းကတော့ အပေါ်မှာပြောခဲ့တဲ့အကြောင်းအမျိုးမျိုးကြောင့်ပဲ ကျောင်းတက်ခွင့်ရမနေကြရှာပါဘူး။ ဒီလိုကလေးတွေအတွက် ကျောင်းတက်ခွင့်ပြန်ရရှိအောင်ဖန်တီးပေးနိုင်မယ်ဆိုရင် ဒါက တကယ်ကိုမွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်ပါလိမ့်မယ်။ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပညာရေးဖောင်ဒေးရှင်းတွေကလည်း ဒီကိစ္စအတွက် ထောက်ပံ့ကူညီပေးတာတွေရှိနေပါပြီ။ ကျွန်တော်တို့ တစ်ဦးချင်းတစ်ယောက်ချင်းစီအနေနဲ့လည်း မဆုံးရှုံးသင့်တဲ့လူသားအရင်းမြစ်တွေ မဆုံးရှုံးရဖို့၊ အနာဂတ်မှာထူးချွန်ထင်ရှားသူတွေဖြစ်လာနိုင်တဲ့ သူတို့လေးတွေ အပြုံးကိုယ်စီနဲ့ စာသင်ခန်းဆီသွားနိုင်ဖို့ ကိုယ်တတ်စွမ်းသမျှနဲ့ ကူညီဖေးမပေးလိုက်ကြရအောင်ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top