WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ပြန်ထိုးချင်တဲ့ တိုင်ဆန်ဖျူရီရဲ့ ဆန္ဒအတွက် အတားအဆီးတွေ ရှိလာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် ဟဲဗီးဝိတ်တန်းမှာ ရွှေခါးပတ်အားလုံး သိမ်းပိုက်ပြီး အငြင်းပွားစရာမရှိ ချန်ပီယံဖြစ်လာချင်တဲ့ ဒီယွန်တေးဝှိုက်ဒါရဲ့ ရည်မှန်းချက်ကြောင့်ပါပဲ။ ဒီယွန်တေးဝှိုက်ဒါဟာ တိုင်ဆန်ဖျူရီနဲ့ စိတ်မကျေပွဲ ပြန်မထိုးခင် မက္ကဆီကိုလက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာနဲ့ ထိုးသတ်ဖို့ ဆန္ဒရှိနေပါတယ်။
အန်ဒီရုဇ်ဂျူနီယာဟာ ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှုအာကိုအနိုင်ယူပြီး ကမ္ဘာ့ဟဲဗီးဝိတ်တန်းရဲ့ လက်ကျန်ခါးပတ်တွေ သိမ်းပိုက်ထားသူပါ။ ”ပြိုင်ဘက်တစ်ယောက်နဲ့ တစ်ပွဲထိုးရင် ချန်ပီယံခါးပတ်တစ်ခု ရချင်ပါတယ်။ ဒါက အမြဲတမ်းမပြောင်းလဲတဲ့ ကျွန်တော့် ရည်မှန်းချက်ပါ။ အဲဒါကြောင့် တိုင်ဆန်ဖျူရီနဲ့ မထိုးခင် အန်ဒီရုဇ်ဂျူနီယာနဲ့ ထိုးသတ်ဖို့ အလားအလာရှိပါတယ်”လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အကြိတ်အနယ်ထိုးသတ်ခဲ့ပြီး သရေပွဲ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သိပ်မကြာခင်မှာပဲ မကျေပွဲပြန်ထိုးကြဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျစ်စီဘုရင်လို့ ချစ်စနိုးခေါ်ကြတဲ့ ဒီယွန်တေးဝှိုက်ဒါဟာ ESPN ရုပ်သံလိုင်းနဲ့ ပေါင်သန်း (၈၀) တန် စာချုပ်သစ် ချုပ်ဆိုထားလို့ သူတို့ ၂ ယောက်ရဲ့ စိတ်မကျေပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပဖို့ ကြန့်ကြာခဲ့တာပါ။
ဒီယွန်တေးဝှိုက်ဒါဟာ လင်းနော့လူးဝစ်နောက်ပိုင်း ဟဲဗီးဝိတ်တန်းရဲ့ အငြင်းပွားစရာမရှိတဲ့ ပထမဆုံးချန်ပီယံဖြစ်လာဖို့ ဆန္ဒရှိနေပါတယ်။ အန်ဒီရုဇ်ဂျူနီယာဟာ အန်သိုနီဂျိုရှုအာနဲ့ စိတ်မကျေပွဲ ပြန်ထိုးဖို့ စာချုပ်ချုပ်ထားပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့ကျရင် ကာဒစ်ဖ်အားကစားရုံမှာ ထိုးသတ်ဖို့ရှိတယ်လို့ ဂျိုရှုအာရဲ့ပွဲစီစဉ်သူ အက်ဒီဟန်းက ပြောပါတယ်။ ဒါပေမဲ့ အန်ဒီရုဇ်ကတော့ ဗြိတိန်ကို လာရောက်ထိုးသတ်ဖို့ ငြင်းဆန်ထားပါတယ်။ ဒီယွန်တေးဝှိုက်ဒါဟာ အန်ဒီရုဇ်နဲ့ ဂျိုရှုအာရဲ့ စိတ်မကျေပွဲပြီးတဲ့အထိ စောင့်ဆိုင်းပြီးမှ အန်ဒီရုဇ်နဲ့ ထိုးသတ်ရဖို့ ရှိနေပါတယ်။
Nz (ရိုးရာလေး)