အမေဇုံမိုးသစ်တောမှာ စံချိန်တင်တောမီးလောင်မှုဖြစ်ပွားနေ

6dce88d714f6b62c256e345a806ef077.jpg

ကမ္ဘာ့လေထုထဲမှာရှိနေသမျှ အောက်ဆီဂျင်ပမာဏစုစုပေါင်းရဲ့ (၂၀) ကိုထုတ်လုပ်ပေးနေတာကြောင့် ကမ္ဘာမြေရဲ့ အဆုတ်လို့ တင်စားခေါ်ကြတဲ့အမေဇုံမိုးသစ်တောကြီးထဲမှာတော့ တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေပါတယ်။

စိမ်းစိုတဲ့သစ်ပင်အုပ်တွေကြားကနေ အုံကြွတက်လာတဲ့မီးခိုးလုံးကြီးတွေရဲ့ပုံတွေက လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေပြီး နေ့လယ်ဘက်အချိန်မှာတောင် ကောင်းကင်နဲ့နေကိုမမြင်ရစေလောက်တဲ့မီးခိုးတွေက ဆော်ပေါ်လိုမြို့ ထိတောင်ရောက်သွားခဲ့တာပါ။

အမေဇုံမိုးသစ်တောက တောင်အမေရိကနိုင်ငံအတော်များများနဲ့ ထိစပ်နေပေမဲ့ သစ်တောတစ်ခုလုံးရဲ့သုံးပုံပုံ နှစ်ပုံဟာ ဘရာဇီးနယ်မိမိတ်ထဲမှာပဲ ရှိနေတာဖြစ်ပါတယ်။ မီးခိုးငွေ့တွေဟာ ဘရာဇီးနိုင်ငံတစ်ဝက်လောက်ကို ဖုံးလွှမ်းနေခဲ့တဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပီရူး၊ ဘိုလီဗီးယားနဲ့ ပါရာဂွေးနိုင်ငံတွေထိပါ ပျံ့နှံ့ရောက်ရှိနေပါတယ်။

၂၀၁၃ ကစတင်စောင့်ကြည့်လာခဲ့သမျှထဲမှာ အကြီးမားဆုံးတောမီးလောင်မှုလို့ အမျိုးသားအာကာသသုတေသနစင်တာ (INPE) ရှိလေ့လာသူတွေကပြောခဲ့ပြီး ဒီနှစ်ထဲမှာတင်ပဲ အမေဇုံမိုးသစ်တောနယ်မြေဧရိယာရဲ့ တစ်ဝက်ကျော်အတွင်းမှာ တောမီးလောင်မှုစုစုပေါင်း (၇၂၈၄၃) ခုရှိခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်မှာဖြစ်ခဲ့တာထက် ၈၀ % လောက်ပိုများနေခဲ့ပါတယ်။ မီးလောင်မှုတွေကြောင့် ဘောလုံးကွင်းတစ်ခုခွဲစာအကျယ်ရှိ သစ်တော ဧရိယာလောက်ကို နေ့စဉ် မိနစ်တိုင်းမှာဆုံးရှုံးနေရကြောင်း INPE က ထုတ်ပြန်ဖော်ပြထားပါသေးတယ်။

WWF အဖွဲ့နဲ့ သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အမေဇုံသစ်တောကြီးကို အချိန်မီ ပြန်လည်ကယ်တင်မှုမလုပ်နိုင်ဘူးဆိုရင် မိုးသစ်တောတစ်ခုအဖြစ်ကနေ ကန္တာရတစ်ခုအဖြစ် ပြောင်းလဲသွား နိုင်ပြီး လက်ရှိနေထိုင်ကျက်စားနေတဲ့သားရိုင်းတိရိစ္ဆာန်မျိုးစိတ်တွေလည်း ရှင်သန်ရပ်တည်နိုင်တော့မှာမဟုတ်သလို အောက်ဆီဂျင်ကိုထုတ်ပေးမယ့်အစား ရာသီဥတုပြောင်းလဲမှုရဲ့ အဓိကတရားခံဖြစ်နေတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ်တွေကိုပဲ ထုတ်ပေးတဲ့အခြေအနေဖြစ်သွားစေလိမ့်မယ်လို့ သတိပေးထားကြပါတယ်။

Ref: CNN “Brazil’s Amazon rainforest is burning at a record rate”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top