စိတ်ကူးအိပ်မက်အလုပ်ကို လုပ်ခွင့်ရခဲ့ပြီး UK ရဲ့အငယ်ဆုံးဘတ်စ်ကားမောင်းသမားဖြစ်လာခဲ့သူ

30.12.2021yyl2.jpg

ခရိတ်ချ် ဆိုင်မက်စ် (Kraish Symes) ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူ အမြဲတမ်း လုပ်ချင်ခဲ့တဲ့ အလုပ်ကို လုပ်ခွင့်ရခဲ့ပြီးတဲ့နောက် UK ရဲ့အငယ်ဆုံးဘတ်စ်ကားမောင်းသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ပထမဆုံးကြိုးပမ်းမှုအနေနဲ့ ကားမောင်းလိုင်စင်စာမေးပွဲဖြေဆိုပြီး အောင်မြင်ခဲ့တဲ့နောက် ဘတ်စ်ကားမောင်းတဲ့အလုပ်ကို ရခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ် ခရိတ်ချ်က အရင်တုန်းကတော့ (၂) နှစ်နီပါးလောက် စတိုးဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ကူးထဲက အလုပ်ကို ရနိုင်မယ့်အခွင့်အရေးပေါ်လာခဲ့တဲ့အခါမှာတော့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ပါတယ်။”ကျွန်တော် တွေ့ဆုံခဲ့ရတဲ့ လူတွေအားလုံးက ပျော်စရာကောင်းပြီး ဖော်ရွေကြတယ်။ သူတို့အတွက် ကျွန်တော် ဒီနေရာမှာ ရှိနေရတာ ဝမ်းသာမိတယ်။ ဒါက ကျွန်တော် အမြဲတမ်း လုပ်ချင်ခဲ့တဲ့ အလုပ်ပါပဲ”လို့ ခရိတ်ချ်က ဆိုပါတယ်။

ဘတ်စ်ကားမောင်းသားတွေက လူ့အဖွဲ့အစည်းမှာ အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပေမဲ့ လူအများစုအတွက် စိတ်ကူးထဲက အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခရိတ်ချ်အတွက်ကတော့ ဒီအလုပ်က သူ အိပ်မက်မက်ခဲ့ရတဲ့အလုပ်ဖြစ်ခဲ့ပါတယ်။ ခရိတ်ချ်က သူ့ရဲ့ဘတ်စ်ကားပေါ်တတ်တဲ့လူတိုင်းရဲ့နေ့ရက်ကို အပြုံးနဲ့ ဖန်တီးပေးချင်သလို ဘတ်စ်ကားမောင်းတဲ့ မိနစ်တိုင်းကိုလည်း သူ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

“ကျွန်တော် ကားမောင်းရတာကို နှစ်သက်တယ်။ နောက်ပြီး စတိုးဆိုင်အလုပ်မှာ သင်ယူခဲ့ရတဲ့ ဈေးဝယ်သူတွေကို ဝန်ဆောင်မှုပေးတဲ့အရည်အချင်းတွေက ကျွန်တော့်ရဲ့ဘတ်စ်ကားကို စီးတဲ့လူတွေကို ဂရုစိုက်စောင့်ရှောက်ဖို့ ကူညီပေးနေတုန်းပါပဲ။ ကျွန်တော် အမြဲလိုလို Otley Dash လမ်းကြောင်းမှာ ရှိတတ်ပါတယ်။ ကျွန်တော်က Otley တစ်ဝိုက်က ဒေသတွင်းဘတ်စ်ကားကို မောင်းတာပါ။ နေ့တိုင်း ပုံမှန်ခရီးသည်တွေကို သိခွင့်ရနေပါပြီ” လို့ ခရိတ်ချ်က ပြောပါတယ်။

ခရိတ်ချ်က သူ့ကို ယာဉ်မောင်းသင်ပေးခဲ့သူ ဘာရီ ဒင်း (Barry Dean) အပေါ် အကြွေးတင်နေတယ်လို့ ဆိုပါတယ်။ “ဘာရီက တော်ပြီးထက်မြက်တဲ့ နည်းပြတစ်ယောက်ပါ။ ကျွန်တော့်ကို အခုလိုနေရာရောက်အောင် ကူညီပေးခဲ့ပါတယ်။ ကျွန်တော် အရည်အချင်းပြည့်မီဖို့ စောနေပေမဲ့ DVSA ကတဆင့် ကျွန်တော့်ရဲ့လိုင်စင်နဲ့ စမ်းသပ်စစ်ဆေးမယ့်ရက်စွဲရဖို့အတွက် ပုံမှန်ထက် ၃ ဆ ပိုကြာအောင် စောင့်ခဲ့ရပါတယ်”လို့ ခရိတ်ချ်က ပြောပါတယ်။

အခုဆိုရင် ခရိတ်ချ်က The Keighley Bus Company ရဲ့ ဝန်ထမ်းဖြစ်နေပြီး အထွေထွေမန်နေဂျာ အာလန် အစ်ရှာဝု (Alan Isherwood) ကလည်း နောက်ထပ်လူငယ်တွေ ခရိတ်ချ်ရဲ့ခြေရာအတိုင်း လိုက်လာမယ်လို့ မျှော်လင့်နေပါတယ်။ “ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ အခုထက်ပိုကောင်းတဲ့အချိန်မရှိဘူး။ ခရိတ်ချ်က အဲဒါကို လုပ်နိုင်ခဲ့တယ်။ နောက်ထပ်လူငယ်တွေလည်း လုပ်နိုင်မှာပါ။ ကျွန်တော်တို့ရဲ့ယာဉ်မောင်းတွေက နောက်ခံအသိုင်းအဝိုင်းအမျိုးမျိုးကနေ လာကြတာပါ။ သူတို့အားလုံးမှာ တူညီတာတစ်ခုရှိပါတယ်။ သူတို့အားလုံးက ခရီးသည်တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ဖို့ စိတ်အားထက်သန်စွာ ဂရုစိုက်ကြတာပါပဲ” လို့ အာလန်က ဆိုပါတယ်။

Ref: Ladbible “UK’s Youngest Bus Driver Says It’s The Job He’s ‘Always Wanted'”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top