(၁)
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝါလကင်းလွတ် သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲများနဲ့အတူ မြန်မာနိုင်ငံအရပ်ရပ်က သက်ကြီးပူဇော်ပွဲနဲ့ အာစရိယပူဇော်ပွဲအခမ်းအနား ပုံရိပ်တွေကို လူမှုကွန်ရက် စာမျက်နှာများပေါ်ကတစ်ဆင့် တွေ့မြင်၊ ကြည်နူးခဲ့ရပါတယ်။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားကိုးကွယ်ရာ ဘုရားရှင်နဲ့ တစ်ဂိုဏ်းတည်းထား လေးစားမြတ်နိုးအပ်ပါတယ်ဆို တဲ့ အနန္တဂိုဏ်းဝင် ဆရာ/မတွေအပေါ် မရိုမသေ၊ မလေးမစား ပြုမူပြောဆိုမှု လုပ်ရပ်တွေ၊ ကိုယ့်ကလေးကို စာသင်ပေးတဲ့ ဆရာကို ကိုယ်ထိလက်ရောက် ရိုက်နှက်စော်ကားတဲ့ လုပ်ရပ်တွေ မကြာခဏဆိုသလို ကြားလာရချိန်မှာ ခုလိုမျိုး အာစရိယပူဇော်ပွဲ ပုံရိပ်လေးတွေကို တွေ့မြင်ရလို့ တစ်မျိုးစိတ်သက်သာရာ ရမိ တာတော့ အမှန်ပါ။ အထူးသဖြင့် ဝန်ကြီးချုပ်နေရာယူထားတဲ့ အကြီးအကဲတစ် ယောက်ရဲ့ အဆင်ခြင်မဲ့၊ ဉာဏ်နည်းလှတဲ့ နှုတ်ထွက်စကားနဲ့ လူမှုကွန်ရက်ပေါ်က ဆရာကန်တော့ပွဲ ပုံရိပ်၊ မြင်ကွင်းလေးတွေကို နှိုင်းယှဉ်ချိန်ထိုးပြီး အာစရိယနွယ်ဝင် ဆရာသခင်တွေနဲ့ပတ် သက်လို့ နောက်ဆက်တွဲ တွေးစရာလေးတွေဖြစ်ပေါ်လာခဲ့တာပါ။
(၂)
သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့မှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကျင်းပဖြစ်တဲ့ အညာဒေသ ကျေးလက်ရွာလေး တစ်ရွာက အညတရ အာစရိယပူဇော်ပွဲလေးတစ်ခုကို မျှဝေချင်ပါ တယ်။ ဒီရွာလေးမှာရှိတဲ့ စာသင်ကျောင်းမှာ ကျွန်တော်တို့ ကျောင်း နေစအရွယ် ကလေးဘဝအရွယ်ကတည်းက ဝါကျွတ်ကာလ ရောက်ပြီဆိုတာနဲ့ သီတင်းကျွတ်ကျောင်းမပိတ်ခင် ကျောင်းက ဆရာ/မတွေကို အာစရိယပူဇော်ပွဲကျင်းပတဲ့ အစဉ်အလာတစ်ခု တော့ အရင်ကတည်းက ရှိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တန် အရွယ် ရောက်ပြီးတဲ့နောက် ကျောင်းစာသင်ခန်းကို ကျောခိုင်းပြီး လုပ် ငန်းခွင်ထဲ ဝင်ရောက်သွားကြတဲ့ ကျောင်းသားဟောင်း၊ ကျောင်း သူဟောင်းတွေကနေ သူတို့ရဲ့ ဆရာဟောင်း၊ ဆရာမဟောင်း တွေကို သတိတရ ကန်တော့ကြတဲ့ အာစရိယပူဇော်ပွဲဆိုတာတော့ အရင်က အစဉ်အလာမရှိခဲ့ပါဘူး။
ဒီနှစ်သီတင်းကျွတ်ကာလရောက်မှ ကျွန်တော့်ထက် အသက် ၁၅ နှစ်၊ နှစ် ၂ဝ လောက် ငယ်ရွယ်တဲ့ အဝေးရောက် ညီငယ်၊ ညီမငယ်တွေက ကိုယ့်ရပ်ရွာကို ပြန်လာပြီး ပင်စင်စား ဆရာကြီး၊ ဆရာမကြီးတွေကို ကန်တော့ကြဖို့ စီစဉ်တာပါ။ ကိုယ့်ထက် ငယ်ရွယ်သူတွေကတောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ကျော်လောက်က ဆရာ၊ ဆရာမတွေကို မမေ့မလျော့ ကန်တော့ဦးမယ်ဆိုတော့ လောလောဆယ်မှာ ပညာဒါန ပရဟိ တကျောင်းက ကလေးတွေကို စာသင်ပေးရင်း ကျောင်းဆရာ တစ်ပိုင်းဖြစ်နေတဲ့ ကျွန်တော်လည်း အာစရိယပူဇော်ပွဲအခမ်း အနားကို ပါဝင်အားဖြည့်ပေးရတော့တာပေါ့။
(၃)
အာစရိယပူဇော်ပွဲ အစဉ်အလာအတိုင်းပါပဲ။ ကျောင်းသားလူငယ် တပည့်တွေက ဆရာကြီး၊ ဆရာမကြီးတွေကို ပူဇော်ကန် တော့ကြရင်း ပြစ်မှားမိတဲ့အပြစ်တွေရှိခဲ့ရင် ခွင့်လွှတ်ကျေအေးပေးဖို့ တောင်းပန်ကြ၊ ဆရာကန်တော့ပွဲကို ဝမ်းပန်းတသာရောက်လာတဲ့ ဆရာ၊ ဆရာမတွေကလည်း ခွင့်လွှတ်ကျေအေး၊ ဆုတွေပေးရင်း အမှတ်တရစကားတွေ ပြောကြဆိုကြနဲ့ပေါ့။ ဒီနေရာမှာ ဆရာ/မတွေအားလုံးရဲ့ အမှတ်တရစကားတွေထဲ က ပူပူနွေးနွေး ပင်စင်စား ဆရာမကြီးတစ်ယောက်ရဲ့ စကား တစ်ခွန်းက တပည့်အားလုံးရဲ့ မျက်ဝန်းကို မျက်ရည်စတွေ စွတ်စို စေခဲ့ပါတယ်။လွန်ခဲ့တဲ့ ၁၉၈ဝ ဝန်းကျင်လောက်ကတည်းက အဖြူနဲ့အ စိမ်းဝတ်စုံကိုဝတ်ပြီး တပည့်များစွာကို စာသင်ပေးခဲ့တဲ့ ဆရာ မကြီးက သူဟာ ကျောင်းစာသင်ခန်းတွေကို သံယောဇဉ်ကြီးသ လောက် ဆရာမအလုပ်ကို သိပ်ပြီး ဂုဏ်ယူမြတ်နိုးခဲ့သူလို့ ဆိုပါတယ်။အချိန်တန်အရွယ်ရလို့ ပင်စင်စားဘဝကို ရောက်သွားတဲ့အချိန်မှာ နှစ်ပေါင်းများစွာ တမြတ်တနိုးဝတ်ဆင်ခဲ့တဲ့ အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံလေးကို ကိုင်ရင်းနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အောင်ဖြစ်ခဲ့ရကြောင်း၊ ဒီကျောင်းဝတ်စုံလေးဟာ သူနဲ့ မသက် ဆိုင်တော့ဘူးလားဆိုတဲ့ အတွေးနဲ့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ရ ကြောင်း ဆရာမကြီးက ရင်ဖွင့်ပါတယ်။
‘ဆရာမကြီး စဉ်းစားနေတာ။ ငါတော့ ပင်စင်စားဖြစ်ပြီဆိုတာနဲ့ ဒီအဖြူအစိမ်းဝတ်စုံလေးက ငါနဲ့ မဆိုင်တော့ပါလား။ အိမ်က သေတ္တာထဲမှာပဲ ခေါက်ထည့်ပြီး ချောင်ထိုးထားရတော့မှာပါလားလို့ စဉ်းစားခဲ့တာ။ ဒီကနေ့တော့ဖြင့် တစ်ချိန်တုန်းက တပည့်တော်ခဲ့ဖူးတဲ့ သားတို့၊ သမီးတို့ တပည့်ဟောင်းတွေက ဆရာမတို့လို ဆရာဟောင်းတွေကို မေ့မထားဘဲ၊ ချောင်ထိုးမ ထားဘဲ ခုလိုမျိုး ဆရာကန်တော့ပွဲကျင်းပတယ်ဆိုတော့ ရင်ထဲမှာ ဝမ်းသာလိုက်တာ။ ပီတိဖြစ်လိုက်တာ။ တကယ်တမ်းဆို ဆရာမကြီးဆီကို ‘အာစရိယပူဇော်ပွဲ ကြွရောက်ပါရန်’ဆိုတဲ့ ဖိတ် စာလေး ရောက်လာကတည်းက ဝမ်းသာလုံးဆို့နေရတာပါ။ ကဲ..ဒီနေ့တော့ ငါ့ရဲ့အဖြူနဲ့အစိမ်း ဝတ်စုံလေးကို ပြန်ဝတ်ရပြီ။ ဒီဝတ်စုံလေးက ငါနဲ့သက်ဆိုင်သေးပါလား။ တန်ဖိုးရှိနေသေးပါ လားလို့ တွေးတွေးပြီးကို ဝမ်းသာလုံးဆို့နေရတာ…’။ဝမ်းသာစကားပြောရင်း အသံက တိမ်ဝင်သွားလိုက်၊ ပြန် ထွက်လာလိုက်၊ ပါလာတဲ့ပုဝါစလေးနဲ့ မျက်ရည်တွေသုတ်လိုက်နဲ့ ဆရာမကြီးရဲ့စကားတွေကို ကြားရချိန်မှာ ကန်တော့ပွဲခန်းမ(စာ သင်ဆောင်)ထဲမှာရှိတဲ့ ကျွန်တော်တို့တွေအားလုံးလည်း မနေနိုင် တော့ပါဘူး။ဆရာကြီး၊ ဆရာမကြီးတွေရော ကျောင်းသား ကျောင်းသူ တွေပါ ကိုယ်စီကိုယ်စီ မျက်ရည်စတွေနဲ့ တကယ့်ကို မှတ်မှတ်ရရဖြစ်ခဲ့ရပါတယ်။
(၄)
ငယ်ဆရာတွေရဲ့ကျေးဇူးကို အောက်မေ့သိတတ်ကြတဲ့ လူငယ်လေးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ကန်တော့ပွဲ မတက်ရောက်နိုင်တဲ့ ဆရာမတွေကိုလည်း သူတို့ကိုယ်တိုင် သွားရောက်ကန်တော့ဖို့ စီစဉ်ကြပါတယ်။အဲဒီထဲကမှ အဝေးရောက်နေတဲ့ ဆရာမကြီးတစ်ယောက်က မွမ်းမံသင်တန်းသွားတက်ရမှာမို့ ကန်တော့ပွဲကို ရောက်မလာခဲ့ ပါဘူး။ ဒီအတွက် ဆရာမကြီး မွမ်းမံသင်တန်းသွားရာ လမ်းခု လတ်တစ်နေရာမှာ ကလေးတွေက စောင့်ကြိုနေကြပါတယ်။ ရန်ကုန်-ပြည်လမ်းမကြီးတစ်နေရာက ကားဂိတ်တစ်ခုဆီကို ရောက်လာပြီးတဲ့နောက် ဆရာမကြီးကလည်း အဝေးပြေးဘတ်စ် ကားပေါ်ကဆင်း၊ အသင့်ကြိုနေတဲ့ တပည့်တွေကလည်း ဆရာမ ကြီးကို ကေားလမ်းမကြီးနဘေးမှာပဲ ရိုရိုသေသေ ကန်တော့ခဲ့ကြ တာပါ။ဒီလူငယ်လေးတွေရဲ့ သိတတ်မှု၊ နားလည်မှုပုံရိပ်လေးတွေကို မြင်ရတာဟာ ဘေးကကြည့်နေသူတစ်ယောက်ရဲ့ ရင်ကိုတောင် ကြည်နူးစေနိုင်တယ်ဆိုရင် ကာယကံရှင် ဆရာ၊ ဆရာမတွေရဲ့ ရင်ထဲမှာများဆို ဘယ်လောက် ကြည်နူးပီတိဖြစ်နေလိမ့်မလဲ။
(၅)
အထက်မှာပြောခဲ့တဲ့ အာစရိယပူဇော်ပွဲအခမ်းအနားလေးနဲ့ ပတ်သက်ပြီး အဓိကတင်ပြချင်တာကတော့ ကျောင်းဆရာ၊ ဆရာမတွေကို မခန့်လေးစားနဲ့ အရိုအသေတန်ပြီး ပျက်ရယ်ပြု၊ စော်ကားမော်ကားလုပ်လာကြတဲ့ လူတချို့ရှိနေချိန်မှာ တစ်ဘက် မှာလည်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဆရာသမားတွေရဲ့ ဂုဏ် ကျေးဇူးကို အထူးသိတတ်၊ အောက်မေ့နေတဲ့ လူငယ်လေးတွေ၊ တပည့်တွေ မြောက်မြားစွာရှိနေသေးတယ်ဆိုတာပါ။ပညာတတ်အမည်ခံ၊ ရာထူးကြီးနေရာကြီးတွေ ယူထားပြီးမှ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းရဲ့ နောက်ဆက်တွဲအကျိုးအပြစ် တွေကို မဝေဖန်၊ မပိုင်းခြားနိုင်တဲ့ ခပ်ချာချာဝန်ကြီးတစ်ယောက်ရဲ့ နှုတ်ထွက်စကားကြောင့် ဆရာ/မ အသိုင်းအဝိုင်းတစ်ခုလုံးအတွက် နာကျင်ခံခက် စိတ်ပျက်စရာဖြစ်ခဲ့ရတာ အားလုံးအသိပါ။
ဒါပေမဲ့ တစ်ဘက်မှာ ပြန်ဖြေလို့ရနိုင်တာက ကျေးဇူးတရားကို နားလည်သိတတ်ပြီး ရိုသေထိုက်သူကို ရိုသေကြတဲ့ ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ ဝန်ကြီးချုပ်လို လူတွေနဲ့ချည်း ပြည့်နှက်နေတာမဟုတ်ပါဘူး။ မိမိတို့ ကျောင်းနေစရွယ်ကလေး ဘဝကနေ လူလားမြောက်လို့ ဘဝတက္ကသိုလ်ကြီးကိုရောက်ချိန် အထိ အစစအရာ သွန်သင်ဆုံးမ၊ ပညာသင်ပေးကြတဲ့ ဆရာသ မားတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သိတတ်ကြတဲ့ ကျောင်း သားလူငယ်၊ တပည့်ပေါင်းများစွာဟာ ဒီလူ့အဖွဲ့အစည်းတစ်ခုထဲ မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြောက်မြားစွာ ရှိနေတယ်ဆိုတာ သေချာပါတယ်။ မိမိတို့ဖြတ်သန်းရာ လမ်းတစ်လျှောက် နေရာစုံ၊ နယ်ပယ် စုံကနေ ပညာရည်နို့သောက်စို့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများရဲ့ ဂုဏ်ကျေးဇူးကို အထူးသိတတ်၊ ကျေးဇူးဆပ်တတ်သူတွေလည်း သေသေချာချာ ရှိနေပါသေးတယ်။’ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်’လို့ စကားပုံ တစ်ခုက ဆိုပါတယ်။ ဒီစာစုမှာတော့ ‘ဝန်ကြီးချုပ်တစ်ယောက် ကြောင့် တစ်လှေလုံး မပုပ်စေချင်ပါ’လို့ပဲ တစ်နိုင်ငံလုံးမှာရှိ ကြတဲ့ ဆရာ/မတွေကို အသိပေးပန်ကြားလိုက်ချင်ပါတယ်။
မိုးအောင်လင်းနိုင် (ရိုးရာလေး)