ခြံစည်းရိုးမှာ ခေါင်းညပ်နေတဲ့ မျောက်ပေါက်စလေးကို တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ခဲ့ရ

yyl-25-030.jpg

မကြာသေးခင်ကမှ Plushie လို့အမည်ရတဲ့ မက္ကာကွေမျောက်ပေါက်လေးဟာ ခြံစည်းရိုးမှာ ခေါင်းညပ်နေပြီး ပြန်ထွက်မရဖြစ်ခဲ့ပါတယ်။ အဲဒီလိုဖြစ်နေတဲ့မျောက်ပေါက်လေးကို Acres ဆိုတဲ့ တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးအရာရှိတွေက သူ့မိသားစုနဲ့ပြန်ဆုံစည်းနိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရပါတယ်။ မျောက်ပေါက်လေးအခုလို ဖြစ်နေကြောင်းကို Children’s Development Centre က တရားဝင်ရှိဆရာမတွေက Acres ကို ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ မက္ကာကွေမျောက်ကလေးကို ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ဗီဒီယိုကို အောက်တိုဘာ (၁၁) ရက်နေ့က Acresရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တင်ခဲ့ပါတယ်။

မျောက်ကလေးရဲ့ခေါင်းက ခြံစည်းရိုးရဲ့သတ္တုချောင်းတွေကြားမှာ ညပ်နေခဲ့တာပါ။ သူ့မိခင်က ကယ်ဖို့ကြိုးစားခဲ့ပေမယ့် ကယ်ထုတ်လို့မရခဲ့ပါဘူး။ Acres ကတော့ Plushie က သူ့မိသားစုနဲ့ ကစားနေစဉ်မှာပဲ ခေါင်းညပ်သွားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။ Acres အဖွဲ့သားတွေက Plushie ကို ကယ်တင်ဖို့လုပ်တဲ့အခါမှာ alpha မျောက်ထီးတစ်ကောင်က စောင့်ကြည့်လို့နေပါတယ်။ Plushie နားကပ်တဲ့အခါမှာ မက္ကာကွေမျောက်အုပ်စုကြီးက သူတို့ကို ရန်မမူအောင် Acres အဖွဲ့သားနှစ်ယောက်က စောင့်ကြည့်ပေးပြီး တစ်ယောက်ကတော့ မျောက်ပေါက်လေးကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။

Plushie နားဖြည်းဖြည်းသာသာလေးချဉ်းကပ်ပြီးတဲ့နောက်မှာ သူက မျောက်ပေါက်လေးရဲ့ခေါင်းကို ဆွဲထုတ်ကြည့်ဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။ အဲဒီနောက်မှာ တူကိုအသုံးပြုပြီး သတ္တုချောင်းတွေကို ကလော်ထုတ်ဖို့ ကြိုးစားကြည့်ခဲ့ပါတယ်။ အားစိုက်ပြီးလုပ်ကြည့်လိုက်တဲ့အခါမှာ သတ္တုချောင်းတစ်ချောင်းပြုတ်ထွက်သွားပြီး Plushieရဲ့ခေါင်းကို ဆွဲထုတ်လို့ရသွားခဲ့ပါတယ်။ အဲဒီနောက်မှာ Plushie ကို လွှတ်ပေးလိုက်ပြီး သူ့ကို စောင့်နေတဲ့ သူ့မိသားစုဆီကို ခြံစည်းရိုးပေါ်ကနေ ပြန်သွားခဲ့ပါတော့တယ်။ နောက်ကျရင်လည်း Plushie လေး အခုလိုမျိုးမဖြစ်အောင် အန္တရာယ်ကင်းကင်းနဲ့ ဆော့ကစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

ကြည့်ရှုရန် ဗီဒီယို

Ref: Adorable baby macaque gets head stuck in fence at Bukit Batok, has to be rescued by Acres
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top