ဆရာဟူသည်

19.6.2023-yyl-8.jpg

” ဆရာ ကျွန်တော့်ကို မှတ်မိလား”
လမ်းမှာ တွေ့တဲ့ လူငယ်က သူ့ကို ပြုံးပြီး လှမ်းမေးလိုက်တာပါ။
ဒါပေမဲ့ သူကတော့ လူငယ်ကို မမှတ်မိဘူး ဖြစ်နေတယ်။ ဒါနဲ့ပဲ မမှတ်မိတဲ့အကြောင်း ပြောပြီး ”အခု မင်း ဘာအလုပ်လုပ်နေလဲ” လို့ လူငယ်ကို ပြန်မေးလိုက်တယ်။

” ကျွန်တော် ကျောင်းဆရာ လုပ်နေပါတယ် ဆရာ”
” အေး ကောင်းတယ်ကွာ။ ငါ့လိုပဲပေါ့”
” ကျွန်တော် ကျောင်းဆရာလုပ်ဖြစ်တာ ဆရာ့ကြောင့်ပဲလေ။ ဆရာ့ကို လေးစားအားကျလို့” လူငယ်က ပြောတယ်။

လူငယ်လေးရဲ့ စကားကို စိတ်ဝင်စားပြီး” ဘာကြောင့်လဲကွ” လို့ ထပ်မေးကြည့်တဲ့အခါ လူငယ်လေးက ဒီအကြောင်း ပြောပြတော့တာပါပဲ။

” တစ်ရက်မှာ အတန်းဖော်တစ်ယောက်က အကောင်းစား နာရီအသစ်တစ်လုံး ဝတ်လာတယ်လေ။ ကျွန်တော်လည်း ဒီနာရီကို အရမ်းလိုချင်လို့ ခိုးခဲ့မိတယ်။ နာရီပျောက်သွားတော့ သူက ဆရာ့ဆီ သွားတိုင်တယ်လေ။ ဆရာက ဒီကျောင်းသားရဲ့ နာရီ ပျောက်သွားတယ်။ ယူထားတဲ့သူရှိရင် ပြန်ပေးလိုက်ပါလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်ကလည်း နာရီကို လိုချင်နေတော့ ပြန်မပေးဘူး။ အဲဒီမှာ ဆရာက အခန်းတံခါးကို ပိတ်ပြီး အတန်းသားအားလုံးကို မတ်တတ်ရပ်ခိုင်းတယ်။ စက်ဝိုင်းပုံစံ ဝိုင်းဖွဲ့ပြီး ရပ်ခိုင်းတာလေ”

” ဆရာက ကျွန်တော်တို့အကုန်လုံးကို မျက်စိမှိတ်ခိုင်းတယ်။ အားလုံး မျက်စိမှိတ်တော့မှ ဆရာက အိတ်တွေထဲ လိုက်ရှာခဲ့တာလေ။ ကျွန်တော့် အိတ်ထဲကနေ နာရီ တွေ့ပေမဲ့ ဆရာက တခြားအိတ်တွေထဲ လိုက်စမ်းခဲ့တယ်။ အားလုံးရဲ့ အိတ်တွေကို ရှာပြီးတော့မှ မျက်စိဖွင့်လို့ ရပြီဆိုပြီး ပြောခဲ့တာ။ မျက်စိဖွင့်လိုက်တော့ ဆရာ့လက်ထဲမှာ နာရီကို ကိုင်ထားတယ်။ ဆရာက ကျွန်တော့်ကို မဆူခဲ့သလို နာရီကို ဘယ်သူ ခိုးတာလဲဆိုတာလည်း ထုတ်မပြောခဲ့ဘူး။ အဲဒီနေ့က ကျွန်တော့်ဘဝရဲ့ အရှက်ရဆုံးနေ့ပဲ။ ဒါပေမဲ့ ဆရာက ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကို အဖတ်ဆယ်ပေးခဲ့တယ်။ အဲဒီနေ့ကစပြီး ဘယ်သူ့ပစ္စည်းကိုမှ မခိုးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တာပါ။ ဆရာက ကျွန်တော့်ကို စာရိတ္တသင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်။ ဆရာ့ရဲ့ သင်ခန်းစာကိုလည်း ကျွန်တော် ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဆရာတစ်ယောက် ရှိသင့်ရှိအပ်၊ လုပ်သင့်လုပ်အပ်တဲ့အရာတွေကိုလည်း ကျွန်တော် သိမြင်ခဲ့ပါတယ်။ ဆရာရော ဒီအကြောင်း မှတ်မိလား”

” အင်း နာရီ အခိုးခံရတဲ့ကိစ္စကို ဆရာ မှတ်မိပါတယ်။ အတန်းသားအားလုံးရဲ့အိတ်ထဲ လိုက်ရှာခဲ့တာလေ။ ဒါပေမဲ့ မင်းကိုတော့ ဆရာ မမှတ်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ နာရီလိုက်ရှာတဲ့အချိန်မှာ ဆရာလည်း မင်းတို့နည်းတူ မျက်လုံးမှိတ်ထားခဲ့တာလေ”

Ref: The Teacher & The Stolen Watch

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top