၁၉၄၂ ခုနှစ်တုန်းက ဂျပန်စစ်တပ်မှာ ဟီရူး အိုနိုဒါ (Hiroo Onoda) ဆိုတဲ့ စစ်ဗိုလ်တစ်ယောက် ရှိတယ်။ သူဟာ ပြောက်ကျားစစ်ဆင်ရေးမှာ ကျွမ်းကျင်သူဖြစ်တဲ့ အတွက် ဟီရူးအိုနိုဒါနဲ့ သူ့ တပ်စုကို ဖိလစ်ပိုင်နိုင်ငံက လူဘန်းလို့ ခေါ်တဲ့ ကျွန်းက တောအုပ်ကလေးမှာ တာဝန်ထမ်းဆောင်ဖို့ အထက်အရာရှိက အမိန့်ချတယ်။ ဗိုလ်မှူး တာမာဂူချီက အိုနိုဒါနဲ့ သူ့လူတွေကို ရန်သူတွေ အသုံးပြုနိုင်သမျှ အရာရာကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးထားတယ်။ “လက်နက်မချနဲ့။ ကိုယ့်ကိုယ်ကို သေကြောင်းမကြံစည်နဲ့။ ငါ့ဆီက တိုက်ရိုက် အမိန့်မကြားရမချင်း ဆက်တိုက်ပါ” လို့ မှာထားခဲ့တယ်။
အိုနိုဒါနဲ့ သူ့ လူတွေလည်း ခဲခဲယဉ်းယဉ်း တိုက်ပွဲဝင်ခဲ့ရတယ်။ စားနပ်ရိက္ခာ ပြတ်လပ်သွားတဲ့ အခါတွေမှာဆို ကြွက်တွေ၊ မြွေတွေ၊ အင်းဆက်တွေကိုစားပြီး အသက်ရှင်ခဲ့ရတယ်။ သူတို့ တောအုပ်ထဲမှာ ရှိနေမှန်း ရန်သူတွေက သိသွားတဲ့အခါ တပ်စုတွေ တစ်စုပြီး တစ်စု လွှတ်ပြီး ချေမှုန်းတယ်။ အိုနိုဒါတို့ဘက်က တပ်သားတွေလည်း တစ်ယောက်ပြီး တစ်ယောက် ကျဆုံးကုန်တယ်။ ရန်သူ အရေအတွက် အများအပြားကိုလည်း အိုနိုဒါတို့က သုတ်သင်နိုင်ခဲ့တယ်။ ရန်သူကလည်း ဝါဒဖြန့်တဲ့ အနေနဲ့ စစ်ကြီးပြီးသွားတဲ့ အကြောင်း စာရွက်တွေ လေယာဉ်ပေါ်ကနေ ကြဲချတယ်။ ဒါပေမယ့် အိုနိုဒါနဲ့ သူ့လူတွေက သူတို့ ဗိုလ်မှူးရဲ့ အမိန့်ကိုပဲ စောင့်တယ်။ တိုက်ပွဲတွေလည်း အထပ်ထပ် ဖြစ်နေခဲ့တယ်။
နောက်ဆုံးမှာတော့ အိုနိုဒါ တစ်ယောက်ပဲ အသက်ရှင်လျက် ကျန်နေခဲ့ပြီး ရန်သူတွေနဲ့ ဆက်ရင်ဆိုင်ရတယ်။ ပြောက်ကျားစစ်ဆင်ရေး ကျွမ်းကျင်သူဖြစ်တဲ့ အိုနိုဒါဟာလည်း ရရာလက်နက်နဲ့ပဲ ရန်သူတွေ တစ်ယောက်ပြီး တစ်ယောက်ကို အသေသတ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကြာပြီးတဲ့ အခါမှာတော့ ဂျပန် ကျောင်းသားလေးတစ်ယောက်ဟာ ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးထွက်ရင်း တောထဲက အိုနိုဒါနဲ့ ဆုံတယ်။ အဲဒီ ကျောင်းသားလေးကပဲ ဗိုလ်မှူး တာမာဂူချီ (Tamaguchi) ဆီကို အိုနိုဒါနဲ့ တွေ့ခဲ့ကြောင်း ပြန်ပြောပြလိုက်တဲ့အခါ ဗိုလ်မှူးကိုယ်တိုင် အိုနိုဒါ ရှိရာကိုလာပြီး “စစ်ဆင်ရေး ပြီးပြီ။ ပြန်လာတော့“ လို့ အမိန့်ပေးခဲ့တယ်။ အဲဒီတော့မှ အိုနိုဒါလည်း ဂျပန်နိုင်ငံကို ပြန်လာခဲ့တော့တယ်။
တကယ်တော့ အဖြစ်မှန်က စစ်ပွဲဟာ ပြီးခဲ့တာ ကြာပါပြီ။ အိုနိုဒါနဲ့ သူ့လူတွေက ပတ်ဝန်းကျင်မှာရှိတဲ့ လယ်သမားတွေ၊ ဆူပူသောင်းကျန်းနေတဲ့အတွက် သူတို့ကို လာထိန်းသိမ်းတဲ့ ရဲတွေကို ရန်သူတွေ အထင်နဲ့ ပစ်ခတ်နေခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံက ရဲတွေကလည်း ဒီတောအုပ်ထဲက လူတွေကို သောင်းကျန်းသူတွေအမြင်နဲ့ ဖမ်းဆီးအရေးယူဖို့ ကြိုးစားနေတာပါ။ နောက်ဆုံးမှာတော့ ဖိလစ်ပိုင် အစိုးရက အိုနိုဒါကို အပြစ်မယူဘဲ လွှတ်လိုက်ပါတယ်။ အကြောင်းရင်းကတော့ သူဟာ ပြစ်မှုကျူးလွန်တာ မဟုတ်ဘဲ သူ့စိတ်ထဲက အမှန်တရားလို့ ယူဆနေတာကို လုပ်နေလို့ပါတဲ့။
တစ်ခါတစ်လေမှာ အရှိတရားဆိုတာဟာ ထင်မြင်ယူဆသူရဲ့ ရှုထောင့်အပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေနိုင်ပါတယ်။ ကိုယ့်အမြင်မှာ ဆိုးသွမ်း ကောက်ကျစ်တယ်လို့ ထင်ရတဲ့ သူတွေတောင် သူတို့ စိတ်ထဲမှာ “ငါ မှန်တယ် .. ငါ့ကို မကောင်းမြင်တဲ့ လူတွေသာ မှားနေတာ“ ဆိုတာမျိုးတွေ မြင်နေတတ်ပါတယ်။ ကိုယ့်ဘက်က စေတနာနဲ့ သူတို့ ပြောင်းလဲလာအောင် ကြိုးစားရင်တောင်မှ ကိုယ့်စေတနာကို စော်ကားခံရတာ၊ စေတနာက ဝေဒနာ ဖြစ်ရတာတွေ ကြုံရနိုင်ပါတယ်။ အဲဒီအခါမှာ အရေးအကြီးဆုံး အချက်ကတော့ “သူတို့ ဘာလို့ ဒီလိုဖြစ်နေရသလဲ“ ဆိုတာကို မြင်အောင် ကြည့်ဖို့ပါပဲ။
Ref : “ REALITY IS WHATEVER WE THINK IT IS “ by “Dave Trott”
စည်သူ (ရိုးရာလေး)