ရှိနေတာတွေး၊ ဖြည့်ပြီးတွေး ရောင့်ရဲနိုင်တဲ့ဆေး

buddha-statue-P4VWLTP.jpg

(၁)
လူတစ်ယောက်ဟာ လောကထဲ ရှင်သန်နေစဉ်ကာလအတွင်း အောင်မြင်မှုမှတ်တိုင်တွေ ဘယ်လောက်ထိစိုက်ထူနိုင်ခဲ့တယ်ပြော ပြော၊ ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေ ဘယ်လောက်ထိ ရှာဖွေနိုင်ခဲ့ တယ်ပဲဆိုဆို နောက်ဆုံးကျရင် အဖော်မပါ၊ လက်ဗလာနဲ့ပဲ လော ကထဲက ထွက်သွားရတယ်လို့ ဆိုကြတယ်။

လူတစ်ယောက် ဘယ်လောက်ထိ စားနိုင်တယ်၊ စားရတယ် ပြောပြော ဝမ်းဝရုံထက် မပိုနိုင်သလို ဘယ်လိုကောင်းတဲ့ အဝတ် အစားတွေ ဝတ်နေရတယ်ပြောရင်လည်း အရေပြားဖုံးရုံထက် မပိုနိုင်ပါဘူးတဲ့။ ‘မသေခင် ချစ်၊ သေရင် ပစ်’လိုက်ရတဲ့ လောကသဘာဝထဲ လူသားရဲ့ နောက်ဆုံးရပိုင်ခွင့်ဟာ ၆ ပေတွင်းတစ်ခုပါပဲဆိုတဲ့စကား လည်း ကြားဖူးပါရဲ့။ ဒါပေမဲ့ လောကဓမ္မ၊ သဘာဝတွေနဲ့ ဘယ်လိုပဲ တရားပြနေပါစေ၊ ကျွန်တော်တို့တွေရဲ့ လိုအင်ဆန္ဒ၊ အလိုလောဘ တွေကို ပယ်သတ်နိုင်ဖို့ ခဲယဉ်းတာတော့ အမှန်ပါပဲ။

လူ့ဘဝရယ်လို့ ရလာပြီဆိုကတည်းက နေရာတကာမှာ အထက်တန်းကျကျ၊ မျက်နှာပန်းလှလှ ရချင်၊ လိုချင်၊ ပိုင်ဆိုင်ချင်တဲ့ လောဘသားကောင်တွေပီပီ လိုအင်ဆန္ဒနဲ့ လိုအပ်ချက် ဝဲဂယက်တွေထဲ ချာချာလည် စီးဆင်းနေကြရတယ်။ တချို့လူတွေ ဆိုရင် လိုအပ်ချက်ထက်ပိုတဲ့ တရားလွန် ရမ္မက်လောဘတွေကြောင့် မလုပ်သင့်တာတွေလုပ်မိလို့ မဖြစ်သင့်တာတွေဖြစ်ပြီး ဒုက္ခတွေ ရောက်ကြရတယ်။

ဒီအတိုင်းဆို ကျွန်တော်တို့တွေရဲ့ ရှာဖွေခြင်း၊ တောင့်တခြင်း၊ ရုန်းကန်ခြင်း၊ ပူလောင်ခြင်းတွေဟာ ဘယ်တော့များမှ အဆုံးသတ် ပါ့မလဲ။ ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားထားတဲ့ တရားတော်တစ်ပုဒ်ထဲမှာတော့ ‘လောကော-လောကကြီးဟာ၊ ဦနော-အမြဲတမ်း လိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏’ လို့ နာကြားမှတ်သားဖူးပါတယ်။

(၂)
အလိုလောဘကို ဘယ်လိုမှ အတောမသတ်နိုင်တဲ့ လူတချို့ အတွက် သင်ခန်းစာယူ၊ ဆင်ခြင်စရာ ပုံပြင်လေးတစ်ပုဒ်။ တစ်ခါတုန်းက မြေတွေ လက်ညှိုးထိုးမလွဲအောင် ပေါများ၊ ချမ်းသာလှတဲ့ မြေပိုင်ရှင်သူဌေးကြီးတစ်ဦး ရှိတယ်။ စိတ်ကောင်းရှိတဲ့ သူဌေးကြီးဟာ တစ်နေ့တော့ သူ့အလုပ်သမားတစ်ဦးကို သနားစိတ်ဝင်ပြီး အခွင့်အရေးတစ်ခု ပေးပါတယ်။ ‘မင်းဟာ ငါ့ရဲ့အလုပ်ကို ကြိုးကြိုးစားစား လုပ်ပေးတယ်။ ဒီအတွက် မင်းကို ဆုချတဲ့အနေနဲ့ ငါပိုင်တဲ့ မြေတွေထဲက ခွဲပေးမယ်။ ဒီနေရာကနေ မင်းစပြေး။ မင်း တော်လောက်ပြီဆိုတဲ့နေရာ ကိုရောက်ရင် ရပ်လိုက်ပေါ့။ မင်းလိုချင်သလောက် မြေတွေယူပါ’။

သူဌေးကြီးဆီက စကားကြားတာနဲ့ အလုပ်သမားဟာ သူလို ချင်တဲ့မြေတွေ ရဖို့ စပြေးတော့တာပဲ။ ပြေးရင်းနဲ့ နောက်ပြန်လှည့် ကြည့်လိုက်၊ နည်းသေးတယ်ထင်ပြီး ထပ်ပြေးလိုက်နဲ့ လောဘစိတ် ကို မသတ်နိုင်တော့ဘူး။ ဒီလိုနဲ့ ဆင်းရဲသားအလုပ်သမားဟာ ထပ်ပြေး၊ ထပ်ပြေးရင်း နောက်ဆုံး အမောဆို့၊ လဲကျပြီး အသက်ထွက်သွားမှ ရပ်ပါတော့တယ်။ ‘ငါကတော့ မင်းကို သနားလို့ မင်းလိုချင်သလောက် မြေတွေပေးဖို့ လုပ်တာပဲ။ ဒါပေမယ့် မင်းက ခြောက်ပေလောက်ရှိတဲ့ မြေနဲ့ပဲ တန်တာကိုး’လို့ သူဌေးကြီးက စိတ်မကောင်းစွာ ပြောပါတယ်။ ပြီးမှ ခြောက်ပေလောက်ရှိတဲ့ မြေကျင်းတူးပြီး သူ့အလုပ် သမားရဲ့အလောင်းကို မြှုပ်လိုက်ရပါတော့တယ်တဲ့။

ပုံပြင်ထဲက ဆင်းရဲသားအလုပ်သမားရဲ့အဖြစ်ကို တွက်စစ် ကြည့်ရင် နဂိုတုန်းက သူ့မှာ ကိုယ်ပိုင်မြေမရှိလို့ သူများဆီမှာ အလုပ်လုပ်ခဲ့ရသူ။ ဒီလို ဘာမှမရှိတဲ့အခြေအနေကနေ သူဌေးကြီးဆီက မြေတွေခွဲယူဖို့ အခွင့်အရေးတစ်ခုရလာတယ်။ ဒီလိုအချိန်မှာ မတော်လောဘစိတ်မမွေးဘဲ ထိုက်တန်သလောက်သာ ယူမယ်ဆိုတဲ့စိတ်လေး ရှိခဲ့ရင် အခုလိုမျိုး ဆုံးရှုံးနစ်နာမှု ဖြစ်မှာမဟုတ်ခဲ့ပါဘူး။ ‘ဒီလောက်ဆို တော်ပါပြီ’ဆိုတဲ့ ကျေနပ်တင်းတိမ်မှု၊ ရောင့်ရဲစိတ်လေး မမွေးနိုင်ခဲ့လို့သာ ရခဲလှတဲ့ လူ့အသက်တစ်ချောင်းကိုပါ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒီအချက်ကိုကြည့်ခြင်းအားဖြင့် မတော်လောဘ၊ ရမ္မက်ဆန္ဒကြီးပြီး တိမ်းတိမ်ရောင့်ရဲခြင်းမရှိသူတွေဟာ ကြီးစွာသော ဆုံးရှုံးနစ်နာမှုနဲ့ အဆုံးသတ်ရတတ်တယ်ဆိုတာပါ။ ဒါကြောင့် ‘သန္တုဋ္ဌိ စ-တင်းတိမ်ရောင့်ခြင်း’ဟာ ကောင်းမြတ်သော မင်္ဂလာတစ်ပါးပါလို့ မင်္ဂလသုတ်တော်မှာ ဟောကြားဆုံးမ ထားတာဖြစ်ပါတယ်။

(၃)
တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေရဲ့ အလိုလောဘ၊ လိုအင် ဆန္ဒတွေဟာ တကယ်လိုအပ်တဲ့ လိုအပ်ချက်ထက် ပိုနေတတ်ပါတယ်။ လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ စား၊ ဝတ်၊ နေ၊ ကျန်းမာရေးစတဲ့ လူမှုဘဝ လိုအပ်ချက်အတွက် ကြိုးစား၊ ရှာဖွေကြရတယ်။ လူတွေထဲနေပြီး လူတန်းစေ့နေထိုင်နိုင်အောင် လုပ်ကိုင်ရှာဖွေရတာကို အပြစ်တစ်ခု၊ အကုသိုလ်တစ်ခုလို့ မဆိုသာပါဘူး။ ဒါပေမယ့် တကယ့်လိုအပ်ချက်ထက် ပိုတဲ့ လိုအင်ဆန္ဒ၊ ရမ္မက်လောဘတွေ ဝင်လာပြီဆိုရင် အဲဒီလူရဲ့ စိတ်သန္တာန်မှာ ပူလောင်မှု၊ အကုသိုလ်တွေ လိုက်ပါလာတော့မှာ မလွဲပါဘူး။ ဒီအတွက် ‘လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ’ဆိုသလိုမျိုး လောဘကြောင့်ဖြစ်တဲ့ ပူလောင်မှု၊ အကု သိုလ်တွေ ရှောင်ရှားနိုင်ဖို့ ရောင့်ရဲခြင်းဆိုတာ လိုအပ်လာတာပါ။

ကံ၊ ဉာဏ်၊ ဝီရိယနဲ့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအလျောက် လူတစ်ယောက် ကိုယ်ရရှိ၊ ရောက်ရှိထားတဲ့အခြေအနေတစ်ခုမှာ ကျေနပ်၊ ရောင့်ရဲနိုင်ဖို့ဆိုရင်ရော ဘယ်လိုအတွေး၊ ဘယ်လိုစိတ်ထားမျိုး ရှိဖို့လိုအပ်ပါမလဲ။ ဒီနေရာမှာတော့ လူမှုကွန်ရက်မှာ ဓမ္မကထိက ဆရာတော်တစ်ပါး ရေးသား၊ တင်ပြထားတဲ့ အတွေးနှစ်မျိုးကို ပြန်လည်ပြီး ဖောက်သည်ချပါစေ။ (ဆရာတော် သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ မိန့်ကြားထားတဲ့ အတွေးနှစ်မျိုး ဖြစ်ပါတယ်)။

လောကကြီးမှာ ဘယ်သူမှ ကိုယ့်တစ်ဝမ်းစာထက် ပိုစားလို့ မရ၊ ကိုယ့်တစ်ကိုယ်စာထက် ပိုဝတ်လို့မရ၊ တစ်နေရာထက် ပိုအိပ်လို့ မရဘူး ပြောပြီး လူတွေ ဘာကြောင့်များ လောဘတွေကြီး၊ ဥပါဒါန်တွေ လွန်ကဲနေကြတာလဲ စဉ်းစားကြည့်ဖို့လိုအပ်ကြောင်း ဆရာတော်က မိန့်ပါတယ်။
ပုထုဇဉ်တို့သဘာဝ လိုချင်လောဘ ရှိတာ မဆန်းပေမယ့် တချို့ ဘယ်လောက် ရရ၊ ကျေနပ်အားရတယ်ဆိုတာ မရှိဘဲ လွန်လွန်ကဲကဲ လိုချင်နေပြီဆိုရင်တော့ ဒုက္ခရောက်၊ ရင်မောကြရပါတော့တယ်။ ဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ လောဘကို တတ်နိုင်သမျှ လျှော့ချရမယ်၊ လောဘကို လျှော့ချဖို့အတွက် တိမ်းတင်ရောင့်ရဲရမယ်၊ ရောင့်ရဲဖို့ဆိုရင် အတွေးနှစ်မျိုး ရှိဖို့လိုအပ်တယ်လို့ ဆရာတော်က ဆုံးမလမ်းညွှန်ထားတာပါ။

(၄)
ဆရာတော် သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ မိန့်ကြားထားတဲ့ အတွေးနှစ်မျိုးကတော့ ကိုယ့်မှာ ရှိနေတာကို တွေးဖို့နဲ့ မရှိရင် ဖြည့်ပြီး တွေးဖို့ဆိုတဲ့အချက်နှစ်ချက် ဖြစ်ပါတယ်။လူအများစုဟာ ကိုယ့်ဆီ မရှိတာကို တမ်းတနေရင်း ရှိတာကို မေ့သွားတာကြောင့် ရှိတာကို တွေးဖို့လိုအပ်ပါတယ်။
‘ကိုယ့်မှာ ဘာရှိလဲ။ စားစရာရှိတယ်၊ ဝတ်စရာရှိတယ်။ နေစ ရာရှိတယ်။ ဒါဆိုရင် အခြေခံ လုံလောက်သွားပြီပဲ။ ဒါကြောင့် ငါ့မှာ စားဝတ်နေရေး ပူစရာမလိုဘူး၊ ပြည့်စုံတယ်လို့ ရှိတာကို တွေးလိုက်စမ်းပါ။ ဘာသောကမှ မဖြစ်တော့ဘူး’လို့ဆရာတော်က မိန့်ကြားပါတယ်။

ပိုင်ဆိုင်မှု ဒေါ်လာ ၁ဝ ဘီလျံထိရှိတဲ့ သူဌေးကြီးတစ်ယောက်ဟာ တစ်နှစ်မှာ လုပ်ငန်းတွေ ယိမ်းယိုင်ပြီး ၁ ဘီလျံ ဆုံးရှုံးသွားတယ်။ အဲဒီအချိန်မှာ ‘ငါတော့ စီးပွားပျက်ပြီ’ဆိုပြီး စိတ်ဓာတ်ကျသွားကြောင်း ဆိုပါတယ်။’ဘာကြောင့် စိတ်ဓာတ်ကျတာလဲ။ ရှိနေတာကို မတွေးလို့ပါ။
၁ ဘီလျံဆုံးရှုံးသွားပေမယ့် ၉ ဘီလျံ ကျန်သေးတယ်လေ။ ဒီတော့ ငါ့မှာ ၉ ဘီလျံရှိတယ်လို့ တွေးလိုက်ရင် ခံသာတာပေါ့။ အခုတော့ ဆုံးရှုံးသွားတဲ့ ၁ ဘီလျံကိုပဲ တွေးတာ။ ဒီတော့ စိတ်ဓာတ်ကျပြီပေါ့’။အဲဒီနောက် သောကမီးတွေ တောက်လောင်နေတဲ့ သူဌေးဟာ အရှိန်နဲ့ပြေးနေတဲ့ ရထားရှေ့ ဝင်ပြီး ရထားအကြိတ်ခံလိုက်တယ်။

‘သူဌေးကြီးဟာ ရထားလမ်းပေါ်မှာတင် သေဆုံးသွားတယ်။ အဲဒါ ဘာကြောင့်လဲ။ ရှိနေတာကို မတွေးလို့ပါ။ ဒါကြောင့် ကိုယ့်မှာ ရှိနေတာတွေ အများကြီးပါ။ မမေ့ဖို့ လိုပါတယ်။ ရှိနေတာတွေ တွေးလိုက်ရင် ဘဝဟာ ကျေနပ်စရာတွေ ဖြစ်သွားတယ်’လို့ ဆရာ တော်က ထောက်ပြထားတာ ဖြစ်ပါတယ်။ ဒါဟာ အတွေးနှစ်မျိုးထဲက နံပါတ်တစ်ဖြစ်တဲ့ ‘ရှိနေတာကို တွေးပါ’ဆိုတဲ့အချက်ကို ပြောလိုရင်းပါပဲ။

(၅)
နံပါတ်နှစ်အချက်အနေနဲ့ ကိုယ့်မှာ မပြည့်စုံလို့ တစ်ခုခု မရှိရင်လည်း ဖြည့်ပြီးတော့ တွေးရမယ်။ ဖြည့်ပြီး တွေးတတ်ရင်လည်း ကျေနပ်စရာဖြစ်သွားတယ်လို့ ဆရာတော် သီတဂူ အရှင်ဒေဝိန္ဒာ ဘိဝံသက ဆက်မိန့်ပါတယ်။ ‘ကိုယ့်မှာ ကားမရှိလို့ ဝမ်းမနည်းပါနဲ့။ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ကားမရှိလည်း ဆိုင်ကယ်ရှိတယ်လို့ တွေးလိုက်စမ်းပါ။ အဲဒါ ဖြည့်ပြီးတော့ တွေးတာပဲ။ ဒီတော့ ကျေနပ်စရာ ဖြစ်သွားတယ်။ ကိုယ့်မှာ ဆိုင်ကယ်မရှိလို့ ဝမ်းမနည်းပါနဲ့။ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ဆိုင်ကယ်မရှိလည်း စက်ဘီးရှိတယ်လို့ တွေးလိုက်စမ်း ပါ။ အဲဒါ ဖြည့်ပြီးတော့ တွေးတာပဲ။ ဒီတော့ ကျေနပ်စရာ ဖြစ် သွားတယ်။

ကိုယ့်မှာ စက်ဘီးမရှိလို့ ဝမ်းမနည်းပါနဲ့။ စိတ်ဓာတ်ကျစရာ မလိုပါဘူး။ စက်ဘီးမရှိလည်း ခြေထောက်ရှိတယ်လို့ တွေးလိုက် စမ်းပါ။ အဲဒါ ဖြည့်ပြီးတော့ တွေးတာပဲ။ ဒီတော့ ကျေနပ်စရာ ဖြစ်သွားတယ်’ဆိုတဲ့ ဆရာတော်ရဲ့ မိန့်ကြားချက်၊ တင်ပြချက်ဟာ ရိုးရိုးရှင်းရှင်းနဲ့ ကွက်ကွက်ကွင်းကွင်း အလင်းပွင့်စေတယ်လို့ ယုံကြည်မိပါတယ်။ ‘အနှစ်ချုပ်ကတော့ ရှိတွေးနဲ့ ဖြည့်တွေးပေါ့။ ဒီအတွေး နှစ်မျိုးရှိရင် ရောင့်ရဲနိုင်ပါတယ်။ ဒီတော့ မတရားသဖြင့် လိုချင်ပါ တယ်ဆိုတဲ့လောဘကို ထိန်းချုပ်နိုင်သွားတယ်။ လောဘကို ထိန်း ချုပ်နိုင်လေ ဘဝဟာ ငြိမ်းချမ်းလေပဲ’တဲ့။

ဆရာတော်ရဲ့ အတွေးနှစ်မျိုးကို မှတ်သားနာယူရင်း ဆက်တွေးဖြစ်တာလည်း ရှိပါသေးတယ်။
ဖတ်ဖူးတဲ့ ပုံဝတ္ထုလေးတစ်ခုမှာ မီးရထားမောင်းသမားတစ်ဦးဟာ ဘာတော့ဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကောင်းမြင်တတ်လွန်းလို့ အဆိုးဘက်က မပြောတတ်ဘူးလို့ နာမည်ကြီးနေတယ်။ တစ်နေ့တော့ မီးရထားတိုက်မှုတစ်ခုဖြစ်၊ ဆေးရုံရောက်ပြီး သူ့ခြေထောက်ကို ဖြတ်လိုက်ရသတဲ့။ နေရာတကာ အကောင်းမြင် စိတ်နဲ့ ဖြေတွေးတွေးတတ်လွန်းတဲ့ မီးရထားမောင်းသမားကို လူ တွေက မေးတော့တာပေါ့။

‘ဒီတစ်ခါ မင်းခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီ။ မင်း ဘယ်လိုများ အကောင်းပြောဦးမလဲ’။ ‘အော် . .သူငယ်ချင်းတို့ကလည်း၊ အရင်ဆို ငါ ဖိနပ်နှစ်ဖက် ဝယ်ရတယ်လေ။ ဒီတစ်ခါ ဖိနပ်တစ်ဖက်ပဲ ဝယ်ရတော့မယ်ဆို တော့လည်း တစ်ဖက်ဖိုး သက်သာသွားတာပေါ့ကွာ’တဲ့။

တချို့လူတွေဟာ ကိုယ်စီးထားတဲ့ဖိနပ် ပြတ်သွားလို့ ညည်းနေ တယ်။ တချို့လူတွေကျတော့ စီးစရာဖိနပ်မပြောနဲ့၊ လျှောက်စရာ ခြေထောက်တောင် မရှိတော့ဘူး။ ကိုယ့်မှာ ခြေထောက်တစ်ဖက် မရှိတာကို ဖိနပ်စီးရတဲ့ဒုက္ခ သက်သာသွားပြီဆိုပြီး ပုံပြင်ထဲက မီးရထားမောင်းသမားလိုဖြေတွေး၊ ဖြည့်တွေး မတွေးနိုင်ရင်တောင် ခြေထောက်ပြတ်နေတဲ့လူတွေရဲ့ ရှေ့မှာတော့ ဖိနပ်ပြတ်တာကို စာဖွဲ့ပြီး ညည်းပြမနေသင့်ပါဘူး။ တစ်ခါတလေ ကိုယ့်ကိုယ်ကို သိပ်ပြီး ဒုက္ခရောက်လှပြီထင်နေရင် ကိုယ့်ထက် အခြေအနေဆိုးသူတွေ တစ်ပုံကြီးရှိနေတာ နားလည်ဖို့ပါ။ ရှိနေတာ တွေး၊ ဖြည့်ပြီးတွေးတာ ရောင့်ရဲနိုင်တဲ့ ဆေးပါပဲတဲ့ ခင်ဗျာ။

MoeAungLinnNaing (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top