မလေးရှားရောက် မြန်မာနိုင်ငံသားများကို တွေ့ဆုံအားပေးခဲ့သည့် အောင်လအန်ဆန်နှင့် တီရဲလ်ထန်

AAA_8187.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship က ၂၀၁၉ ခုနှစ်အတွက် နောက်ဆုံးအဖြစ် ကျင်းပပြုလုပ်မည့် ONE: MARK OF GREATNESS ပြိုင်ပွဲတွင် တစ်ဦးတည်းသော မြန်မာအားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် “The Dragon Leg” တီရဲလ်ထန် သည် ပြိုင်ပွဲယှဉ်ပြိုင်ရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

တီရဲလ်ထန်သည် တောင်ကိုရီးယား အားကစားသမား “The Kid” Kim Woon Kyoum နှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၎င်း၏ အကူလူများအဖြစ် ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန် နှင့် ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen တို့က ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ တီရဲလ်ထန်နှင့် အောင်လအန်ဆန်တို့သည် နိုဝင်ဘာ ၃၀ ရက်ကတည်းက ကွာလာလမ်ပူသို့ ကြိုတင်ရောက်ရှိလာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ ချင်းအဖွဲ့အစည်းများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့သည်။

ပြိုင်ပွဲကျင်းပရန် ၂ ရက်အလိုဖြစ်သည့် ဒီဇင်ဘာ ၄ ရက်တွင် တီရဲလ်ထန်နှင့် အောင်လအန်ဆန်တို့သည် မလေးရှားနိုင်ငံသို့ ရောက်ရှိ နေသော မြန်မာနိုင်ငံသားများနှင့် ထပ်မံတွေ့ဆုံကာ ၎င်းတို့၏ ဘဝအတွေ့အကြုံများ၊ အခက်အခဲများအား ကျော်ဖြတ်နိုင်ခဲ့ပုံများအား မျှ ဝေခဲ့သည်။ ကမ္ဘာ့ချန်ပီယံ တစ်ယောက်ဖြစ်လာရေးမှာ လွယ်ကူသည့်အရာ မဟုတ်ဘဲ ရှည်လျားသည့်အချိန်များ၊ သွေးချွေးများ၊ ကိုယ်ပိုင်အချိန်များ ပေးဆပ်ခဲ့ရသည်။ အောင်လအန်ဆန်သည်လည်း ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားဘဝကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်ခဲ့သော်လည်း ၁၅ နှစ်အကြာမှပင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့ချန်ပီယံတစ်ဦးအဖြစ်သို့ လွယ်လွယ်ကူကူနှင့် ရောက်ရှိလာခြင်းမျိုး မဟုတ်ဘဲ အလုပ်အပေါ် ၁၀၀ ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံကာ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ခဲ့ရကြောင်းလည်း အောင်လအန်ဆန်က ၎င်းကျော်ဖြတ်ခဲ့ရသည့် အခက်အခဲများကို မြန်မာနိုင်ငံသားများကို ဝေမျှခဲ့သည်။

“ကျွန်တော်ပြောချင်တာက အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့ဆိုတာပါပဲ။ ကိုယ်က ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ့်ရဲ့အလုပ်အပေါ် ၁၀၀ ရာခိုင်နှုန်းအပြည့် ရင်းနှီးရပါမယ်။ ကိုယ်လုပ်တဲ့အရာကို ရိုရိုသေသေလုပ်ပါ။ အားလုံးကို ပြောကြားချင်တဲ့ စကားတစ်ခွန်းကတော့ အမြဲတမ်း နှိမ့်ချမှုရှိဖို့ လိုအပ်တယ်ဆိုတာပဲဖြစ်ပါတယ်။ အဲဒီ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှုရှိဖို့ဆိုတာက အရမ်းအရေးကြီးပါတယ်” ဟု နောက်ဆုံး ၇ ပွဲဆက်တိုက် အနိုင်ရထားသော Hard Knocks 365 အသင်းသား မြန်မာ့စပါးအုံးက ပြောသည်။

ထို့အပြင် ၎င်းက မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံငယ်လေးတစ်ခုမှ ဖြစ်နေသောကြောင့် စိတ်ပျက်အားငယ်နေစရာမလိုဘဲ မည်သည့်နိုင်ငံကပင်ဖြစ်စေ၊ ချန်ပီယံတစ်ဦးပင်ဖြစ်စေ လူတိုင်း အတူတူပင်ဖြစ်ပြီး ကြိုးစားအားထုတ်ပါက ဘယ်အရာမဆို ဖြစ်လာနိုင်သည်ဟု အားပေးသည်။“ငါက ကချင်ဖြစ်နေလို့၊ ငါက အမေရိကန်ဖြစ်နေလို့၊ ငါက ချန်ပီယံဖြစ်နေလို့၊ ငါက မြန်မာဖြစ်နေလို့ အဲဒီလို မတွေးပါနဲ့။ ပြောချင်တာက ငါက အမြဲတမ်းကောင်းနေတာ၊ အားလုံးရဲ့အထက်မှာရှိနေတာ အဲဒီလို မထင်လိုက်ပါနဲ့။ အားလုံးက အတူတူပဲဖြစ်ပါတယ်။ ကြိုးစားမယ် ဆိုရင် ဘယ်အရာမဆို ဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျနေစရာ၊ စိတ်အားငယ်နေစရာ မလိုပါဘူး။ လူတိုင်းမှာ အခွင့်အရေး ကိုယ်စီရှိပါ တယ်” ဟု အောင်လအန်ဆန်းက ဖွင့်ဟသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ ပြန်လာသည့် အချိန်တိုင်းတွင် လူတန်းစားအသီးသီးနှင့် တွေ့ဆုံ ရာတွင်လည်း အထက်ပါအတိုင်း စိတ်ဓာတ်ခွန်အားတက်ကြွစေမည့် အားပေးစကားများ ပြောကြားလေ့ရှိသည်။

ထို့အပြင် ၎င်းက လူတိုင်းတွင် အခက်အခဲကိုယ်စီရှိပြီး စိတ်ပျက်အားငယ်နေစရာမလိုဘဲ အလုပ်ကို အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့ကသာ အရေးကြီးကြောင်း ဆိုသည်။ လူသားအားလုံးအပေါ် သနားကြင်နာတတ်သည့် စိတ်ထားကိုလည်း မွေးမြူသင့်ကြောင်းလည်း အောင်လ အန်ဆန်းက တိုက်တွန်းခဲ့ပြီး တက်ရောက်လာသော မြန်မာနိုင်ငံသားများကလည်း အားတက်သရော ထောက်ခံခဲ့သည်။
“ဒီနေ့ ဒီနေရာကိုရောက်လာကြတဲ့ လူတွေအားလုံးမှာ အခက်အခဲတွေ၊ ပြသနာတွေ ကိုယ်စီရှိပါတယ်။ ကျွန်တော့်မှာလည်း အခက်အခဲ တွေ ရှိတာပါပဲ။ ဒါပေမဲ့ အားလုံးလုပ်ရမှာက ကိုယ့်အလုပ်ကို ကြိုးကြိုးစားစားနဲ့ အားသွန်ခွန်စိုက်လုပ်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒါ့ အပြင် အားလုံးအပေါ် ကြင်နာသနားတတ်တဲ့ စိတ်ထားရှိဖို့ကလည်း အရေးကြီးပါတယ်” ဟု ကချင်တိုင်းရင်းသား အောင်လအန်ဆန်းက ပြောသည်။

တီရဲလ်ထန်ကလည်း အမိမြေကို စွန့်ခွာကာ နိုင်ငံရပ်ခြားတွင် ဆင်းရဲဒုက္ခခံကာ အလုပ်လုပ်နေရသော မြန်မာနိုင်ငံသားများ ကို စိတ်ဓာတ်မကျဘဲ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြရန် တိုက်တွန်းခဲ့သည်။ ရိုးသားကြိုးစားပါက တစ်ချိန်တွင် ပိုမိုကောင်းမွန်သော ဘဝ တစ်ခုကို ထူထောင်နိုင်မည်ဟုလည်း ၎င်းက ပြောသည်။

“အခုလိုမျိုး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီကိုရောက်လာကြတဲ့ မြန်မာ၊ ကချင်၊ ချင်း အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အောင်လအန်ဆန်းက ဆိုခဲ့ပြီး သာယာလှပသော အနာဂတ်မြန်မာနိုင်ငံကို အတူတ ကွ တည်ဆောက်သွားရန်လည်း တိုက်တွန်းခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top