ONE Championship တွင် ပရိတ်သတ်များပြန်လည်မြင်တွေ့လိုသည့်တွဲဆိုင်းများ

Vitaly-Bigdash-ADUX4098-e1490964471495.jpg

ယခုတစ်ပတ်အတွင်းကျင်းပမည့် ONE: Masters of Destiny ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် သတ်မှတ်ထားသည့်ပွဲမှာ ထိပ်တန်းကိုယ်ခံပညာရှင်နှစ်ဦး Kickboxing ကြိုးဝိုင်းအတွင်း နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့သည့်ပွဲဖြစ်သည်။ ကိုယ်ခံပညာအားကစားပြိုင်ပွဲများတွင် ယင်းကဲ့သို့ ပြိုင်ဘက်ကောင်း နှစ်ဦးကို မကျေပွဲပြန်လည်ဆုံတွေ့စေခြင်းမှာ မကြာခဏမြင်တွေ့ရလေ့ရှိသည့်ထုံးစံတစ်ခုဖြစ်သည်။

အထူးသဖြင့် လက်ရည်မကွာသည့်ပြိုင်ဘက်များကို ပြန်လည်ဆုံတွေ့စေခြင်းဖြင့် ကွဲပြားသည့်ရလဒ်များ ထွက်နိုင်သလို တစ်ယောက်အကြောင်း တစ်ယောက်သိပြီးဖြစ်သဖြင့် ပိုမိုအကြိတ်အနယ်ရှိလေ့ရှိသည်။ ONE Championship ပြိုင်ပွဲတစ်လျှောက်တွင် ယင်းသို့လက်ရည်မကွာသည့် ပြိုင်ဘက်များ၏ ပွဲကောင်းများစွာ ရှိသည့်အနက် နောက်တစ်ကြိမ်ပြန်လည်ဆုံတွေ့စေလိုသည့်တွဲဆိုင်းအချို့ကို စုစည်းတင်ပြလိုက်ပါသည်။

အောင်လအန်ဆန်နှင့် Vitaly Bigdash

ONE Championship ၏ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခုချန်ပီယံ “ မြန်မာစပါးအုံး” အောင်လအန်ဆန်သည် ONE Championship တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ကာလတစ်လျှောက် ပွဲပေါင်း (၁၁) ပွဲ ကစားခဲ့ရာတွင် (၁) ပွဲသာရှုံးနိမ့်ခဲ့ဖူးသည်။ အဆိုပါရှုံးပွဲမှာ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်၏ ယခင်ပိုင်ရှင်ဟောင်း ရုရှားနိုင်ငံသား Vitaly Bigdash ကို စိန်ခေါ်ထိုးသတ်ရင်းရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အလားတူ Bigdash သည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးရှုံးနိမ့်မှုကို အောင်လအန်ဆန်နှင့်ပွဲတွင်မှ ကြုံတွေ့ခဲ့ဖူးခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် Bigdash သည် ကြိုးဝိုင်းထဲတွင် နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ဖူးပြီး ပထမတစ်ကြိမ်က ၂ဝ၁၇ ဇန်နဝါရီလအတွင်း တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က Bigdash သည် မစ်ဒယ်ဝိတ်တန်းချန်ပီယံဖြစ်ပြီး အောင်လအန်ဆန်က ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းပွဲတွင် ငါးချီပြည့်အောင် ယှဉ်ပြိုင်ခဲ့ပြီးနောက် အမှတ်ပေးဒိုင်များက Bigdash ကိုအနိုင်ပေးခဲ့သဖြင့် အောင်လအန်ဆန်၏ ချန်ပီယံ ဖြစ်လိုသောဆန္ဒများ မပြည့်ဝခဲ့ရပေ။ နောက်ခြောက်လခန့်အကြာတွင် ၎င်းတို့နှစ်ဦး နောက်တစ်ကြိမ် ထပ်မံဆုံတွေ့ခွင့်ရခဲ့ပြန်သည်။

ယခုတစ်ကြိမ်တွင်တော့ ငါးချီပြည့်အောင် ထပ်ကစားခဲ့အပြီးတွင် ဒိုင်များက အောင်လအန်ဆန်ကို အနိုင်ပေး ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်လာသည်။ အပြန်အလှန် တစ်ပွဲစီနိုင်ထားပြီး လက်ရည်မတိမ်းမယိမ်းရှိသည့် ၎င်းတို့နှစ်ဦး နောက်တစ်ကြိမ် ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ် စေပါက အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

Angela Lee နှင့် Xiong Jing Nan

ONE Championship ၏ အက်တမ်ဝိတ်တန်းချန်ပီယံ Angela “Unstoppable” Lee သည် ၎င်း၏ ဝိတ်တန်းတွင် ကစားသမျှပွဲတိုင်းအနိုင်ရထားပြီး ရှုံးပွဲမရှိစံချိန်ရရှိထားသူဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသည့် ONE: A New Era တွင် စတောဝိတ်တန်းသို့တန်းတက်ကာ လက်ရှိချန်ပီယံ “The Panda” Xiong Jing Nan ကို စိန်ခေါ်ခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ယှဉ်ပြိုင်ရန်စီစဉ်ခဲ့ဖူး သော်လည်း Lee ၏ ဒဏ်ရာပြဿနာကြောင့် ပွဲကိုပယ်ဖျက်ခဲ့ရသည်။ ဂျပန်တွင် ပထမဆုံး ကျင်းပသည့်ပွဲတွင်မှ ၎င်းတို့နှစ်ဦး အမှန်တကယ်ယှဉ်ပြိုင်ဖြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် Lee သည် ၎င်း၏ လက်သီးတွဲလုံးများဖြင့် တရစပ်တိုက်စစ်ဆင်ခဲ့သလို Xiong ကလည်း တန်ပြန် တိုက်စစ်ဖြင့်ကစားရင်း တစ်ချက်တစ်ချက်ကျွံဝင်လာသည့် Lee ကို ထိထိမိမိ ပြန်လည်ထိုးနှက်နိုင်ခဲ့သည်။ Lee က Xiong ကို ကြမ်းပြင်ပေါ်သို့ အကြိမ်ကြိမ်လှဲချပြီး မြေပြင်ချုပ်ကွက်ဖြင့် အနိုင်ယူရန်ကြိုးစားခဲ့သော်လည်း Xiong က စိတ်ရှည်ရှည်ဖြင့် တောက်လျှောက်ခုခံကစားနိုင်ခဲ့သည်။ ပဉ္စမအချီရောက်သည့်အခါ Xiong က တိုက်စစ်ပြန်ဆင်လာပြီး (၁) မိနစ် (၃၇) စက္ကန့်အရောက်တွင် အားပြင်းသောလက်သီးချက်များဖြင့် ဆက်တိုက် ထိုးနှက်ကာ ဒိုင်ပွဲရပ်ဖြင့် Lee ကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ငါးချီတိုင်တိုင် အကြိတ်အနယ်ကစားခဲ့ရသော ပြိုင်ဘက်နှစ်ဦးကို လာမည့်အောက်တိုဘာတွင် ဂျပန်၌ပင် နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံရန်လျာထားပြီး ယင်းပွဲဖြစ်မြောက်ခဲ့ပါက အကောင်းဆုံးပွဲတစ်ပွဲကို ထပ်မံကြည့်ရှုခွင့် ရမည်ဖြစ်သည်။

Bibiano Fernandes နှင့် Kevin Belingon

ONE Championship ၏ လက်ရှိ ဘန်တန်ဝိတ်တန်းချန်ပီယံ ဘရာဇီးလ်နိုင်ငံသား Bibiano “The Flash” Fernandes နှင့် ဖိလစ်ပိုင်နိုင်ငံသား Kevin “The Silencer” Belingon တို့သည် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးသည့် ပြိုင်ဘက်များဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး ၂ဝ၁၆ ဇန်နဝါရီတွင် ပထမဆုံးတွေ့ဆုံခဲ့ပြီး ထိုစဉ်က ချန်ပီယံ Fernandes သည် စိန်ခေါ်သူ Belingon ကို ပထမအချီတွင်ပင် မြေပြင်ချုပ်ကွက်ဖြင့်အနိုင်ယူကာ ချန်ပီယံကာကွယ်နိုင်ခဲ့သည်။

၂ဝ၁၈ နိုဝင်ဘာတွင် ဒုတိယအကြိမ်တွေ့ဆုံသည့်အခါတွင်တော့ ငါးချီလုံးလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး Belingon က ရမှတ်ဖြင့်အနိုင်ရကာ Fernandes ထံမှ ချန်ပီယံဆုကို လွှဲပြောင်းရယူနိုင်ခဲ့သည်။ အဆိုပါပွဲ ရှုံးနိမ့်ခဲ့သဖြင့် Fernandes သည် ရက်ပေါင်း (၁၈၄၈) ရက်ကြာထိန်းသိမ်းထားခဲ့သည့်ခါးပတ်ကို လက်လွှတ်ခဲ့ရသည်။

၎င်းတို့ နှစ်ဦးသည် ပြီးခဲ့သည့်မတ်လကကျင်းပသော ONE: A New Era တွင် တတိယအကြိမ် ပြန်လည် ဆုံတွေ့ခွင့်ရခဲ့ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့သည်။ Belingon သည် ပွဲအစကတည်းက Fernandes ကို အပြန်အလှန် ကစားခဲ့ပြီး ၎င်း၏ နောက်ပြန်ကန်ချက်များက Fernandes ကို များစွာဒုက္ခပေးနိုင်ခဲ့သည်။

သို့သော် တတိယ အချီတွင် Fernandes က Belingon ကို မြေပေါ်တွင်လှဲချဖမ်းချုပ်ထားစဉ် Fernandes ၏ ဦးခေါင်းနောက်ပိုင်းကို Belingon က နှစ်ကြိမ်တိုင်တိုင် တံတောင်ဖြင့်ထောင်းခဲ့သောကြောင့် ပြစ်ဒဏ်သတ်မှတ် ခံရပြီး အရှုံးပေးခဲ့ရသည်။ ထို့ကြောင့် ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရပြီး Fernandes က တကျော့ပြန်ချန်ပီယံ ဖြစ်လာခဲ့သည်။ ကြိုးဝိုင်းထဲတွင် ပင်ကိုယ်အစွမ်းအစဖြင့်အနိုင်ရခဲ့ခြင်းမဟုတ်၍ Fernandes က Belingon နှင့် စတုတ္တမြောက် မကျေပွဲပြန်နွှဲရန်တောင်းဆိုထားပြီး ယင်းပွဲသည်လည်း အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာဦးမည် ဖြစ်သည်။

Geje Eustaquio နှင့် Adriano Moraes

ONE Championship ၏ ဖလိုင်းဝိတ်တန်းချန်ပီယံ Adriano “Mikinho” Moraes နှင့် ချန်ပီယံဟောင်း Geje “Gravity” Eustaquio တို့သည် (၃) ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ဖူးကြသည့် ပြိုင်ဘက်များဖြစ်ကြသည်။ ၎င်းတို့နှစ်ဦး သည် ၂ဝ၁၄ စက်တင်ဘာက ဖလိုင်းဝိတ်တန်းချန်ပီယံလုပွဲတွင် ပထမဆုံးဆုံတွေ့ခဲ့ကြဖူးပြီး ထိုစဉ်က Moraes က ဒုတိယအချီတွင် မြေပြင်ချုပ်ကွက်ဖြင့်အနိုင်ရခဲ့သည်။ သို့သော် ၂ဝ၁၈ ဇွန်လတွင် ဒုတိယအကြိမ်တွေ့ဆုံရာ Eustaquio က အမှတ်ဖြင့်အနိုင်ရခဲ့သည်။

၂ဝ၁၉ ဇန်နဝါရီ၌ ဖိလစ်ပိုင်တွင်ကျင်းပခဲ့သည့် ONE: Hero’s Ascent တွင် ၎င်းတို့နှစ်ဦးသည် တတိယအကြိမ် မြောက်တွေ့ဆုံခဲ့ကြသည်။ ယင်းပွဲသည် ချန်ပီယံစိန်ခေါ်ပွဲအပြင် ၎င်းတို့နှစ်ဦးအကြား အရှုံးအနိုင်ရလဒ် ကွဲကွဲ ပြားပြားဖြစ်စေရန် ယှဉ်ပြိုင်သည့်ပွဲလည်းဖြစ်သည်။

Moraes သည် Eustaquio ကို ချုပ်ကွက်ဖြင့်အနိုင်ယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ချန်ပီယံ Eustaquio က အကြိမ်တိုင်း ကျင်လည်စွာရှောင်ထွက်နိုင်ခဲ့သည်။ အလားတူ လက်သီးချက်မြန်ဆန်သည့် Eustaquio က Moraes ကို ထိထိမိမိ ထိုးနှက်နိုင်ရန်ကြိုးစားခဲ့သော်လည်း ငါးချီပြည့်သည်အထိ ရည်ရွယ်ချက်အောင်မြင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့နှစ်ဦး ငါးချီလုံးလုံး စိတ်လှုပ်ရှားဖွယ်ရာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် မည်သူမျှအလဲမထိုးနိုင်သဖြင့် အမှတ်ပေးဒိုင်များ၏ ဆုံးဖြတ်ချက်ခံယူခဲ့ရသည်။

ဒိုင်သုံးဦးစလုံးက Moraes ကိုအနိုင်ပေးခဲ့ရာ ချန်ပီယံဆုကို တကျော့ပြန်သိမ်းပိုက်နိုင်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦး ကစားပုံကိုကျက်မိနေပြီး လက်ရည်မတိမ်းမယိမ်းရှိကြသည့် ၎င်းတို့နှစ်ဦး စတုတ္တအကြိမ်ပြန်လည်ဆုံတွေ့ပါက အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာဦးမည်ဖြစ်သည်။

Bibiano Fernandes နှင့် Martin Nguyen

ONE Championship သမိုင်းတစ်လျှောက်တွင် အောင်လအန်ဆန်မတိုင်မီက ဝိတ်တန်းနှစ်ခု ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် ကစားသမားတစ်ဦးရှိခဲ့ဖူးသည်။ အဆိုပါကစားသမားမှာ လက်ရှိ အောင်လအန်ဆန်နှင့် Hardknock 365 ကလပ်တွင် အတူတကွလေ့ကျင့်နေသည့် ဗီယက်နမ်/သြစတြေးလျကစားသမား Martin “The Situ-Asian” Nguyen ဖြစ်သည်။

လိုက်ဝိတ်တန်းနှင့် ဖယ်သာဝိတ်တန်းခါးပတ်နှစ်ခုသိမ်းပိုက်ထားသည့် Nguyen သည် ကမ္ဘာ့ပထမဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ ဝိတ်တန်း (၃) ခုချန်ပီယံဖြစ်ရန်အထိကြိုးစားခဲ့ဖူးပြီး လက်ရှိဘန်တန်ဝိတ်တန်း ချန်ပီယံဖြစ်နေသော Bibiano Fernandes ကို ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ခဲ့ဖူးသည်။

Fernandes နှင့် Nguyen တို့၏ ပွဲကို ၂ဝ၁၈ မတ်လအတွင်းကကျင်းပခဲ့သော ONE: Iron Will ပြိုင်ပွဲ၏ အဓိကတွဲဆိုင်းအဖြစ်ကျင်းပခဲ့ပြီ ချန်ပီယံနှစ်ဦး ထိပ်တိုက်တွေ့သည့်ပွဲဖြစ်သဖြင့် ပရိသတ်များ အထူး စိတ်ဝင်စားခဲ့သည်။ မတ်တပ်ရပ်တိုက်ခိုက်မှုအားသာသော Nguyen သည် Fernandes ကို ဆက်တိုက် တိုက်စစ်ဆင်ကစားခဲ့သလို မြေပြင်ချုပ်ကွက်အားသန်သည့် Fernandes ကလည်း Nguyen ကို အမိအရချုပ်နိုင်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း ပွဲချိန် (၅) ချီပြည့်သည်အထိ အရှုံးအနိုင် ပြတ်ပြတ်သားသား မပေါ်ခဲ့သဖြင့် အမှတ်ပေးဒိုင်များ၏ အဆုံးအဖြတ်ကိုရယူခဲ့ရာ ဒိုင် (၃) ဦးအနက် နှစ်ဦးက Fernandes ကိုအနိုင်ပေးခဲ့သည်။

လက်ရှိ ဖယ်သာဝိတ်တန်းချန်ပီယံ Nguyen သည် ဘန်တန်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် Fernandes ကို နောက်တစ်ကြိမ်စိန်ခေါ်ပါက အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top