၂ဝ၁၉ ခုနှစ်အတွင်း အောင်လအန်ဆန်အတွက် မမေ့နိုင်စရာ အကောင်းဆုံး အခိုက်အတန့် ၄ ခု

ASH_8369.jpg

ONE Championship ပြိုင်ပွဲ၏ အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်သလို မြန်မာတို့၏ အမျိုးသားသူရဲကောင်းတစ်ဦး အဖြစ်ပင် တင်စား သတ်မှတ်ထား ကြသည့် “မြန်မာ စပါးအုံး” အောင်လအန်ဆန် အတွက် ၂ဝ၁၉ ခုနှစ်သည် မမေ့နိုင်ဖွယ်ရာ အဖြစ်အပျက်များနှင့် ပြည့်နှက်နေသည့် နှစ်တစ်နှစ် ဖြစ်သည်။ ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းတို့၏ ချန်ပီယံဖြစ်သည့် အောင်လ အန်ဆန်သည် ၂ဝ၁၉ အတွင်း ချန်ပီယံ ကာကွယ်ပွဲ ၂ ပွဲ အနိုင်ရခဲ့ခြင်း နှင့်အတူ အခြား အောင်မြင်မှုများလည်း ရရှိခဲ့သည့် အနက် မမေ့နိုင်စရာ အကောင်းဆုံး အဖြစ်အပျက် အချို့ကို စုစည်းတင်ပြ လိုက်ရပါသည်။

(၁) လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ကာကွယ်နိုင်ခဲ့ခြင်း

အောင်လအန်ဆန်သည် ကစားသမား ဘဝ စတင်ခဲ့သည့် အချိန်မှ ယခုအထိ အများဆုံး ယှဉ်ပြိုင်ခဲ့ဖူးသည့် ဝိတ်တန်းမှာ မစ်ဒယ် ဝိတ်တန်း ဖြစ်သည်။ ONE Championship သို့ မစ်ဒယ်ဝိတ်တန်း ကစားသမား ဘဝဖြင့်ပင် ရောက်ရှိလာခြင်း ဖြစ်သော်လည်း ယင်းဝိတ်တန်းတွင် ကမ္ဘာ့ ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ခဲ့ပြီးသည့် နောက်တွင် လစ်လပ်နေသည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်ကိုပါ အရယူခဲ့သည်။ ထို့ကြောင့် အောင်လအန်ဆန်သည် ONE Championship သမိုင်းတစ်လျှောက် ပထမဆုံး လိုက်ဟဲဗီးဝိတ် ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိသူ ဖြစ်လာပြီး ၎င်းထက် ဝိတ်တန်း ပိုမြင့်သည့် ONE ဟဲဗီးဝိတ် ချန်ပီယံ Brandon “The Truth” Vera နှင့် အောက်တိုဘာလ အတွင်းက ရင်ဆိုင်ခဲ့ရသည်။

အောင်လအန်ဆန်သည် အဆိုပါ ပွဲအတွက် လနှင့်ချီ၍ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရပြီး ၎င်းထက် အရပ်ပိုရှည်၊ လူကောင် ပိုကြီးသည့် ကစားသမားများနှင့် အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရသည်။ ထို့ပြင် ဟဲဗီးဝိတ် ချန်ပီယံကို ရင်ဆိုင်နိုင်သည့် ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး ရရှိစေရန်လည်း စနစ်တကျ လေ့ကျင့်ခဲ့ရကာ ပြိုင်ပွဲတွင် အကောင်းဆုံး လက်စွမ်းပြနိုင် စေရန် ဘက်စုံ ထောင့်စုံ အစွမ်းကုန် ပြင်ဆင် ခဲ့ရသည်။ ယင်းလေ့ကျင့် ပြင်ဆင်မှုများ၏ အကျိုးကို အောင်လအန်ဆန် ခံစားခဲ့ရပြီး ချန်ပီယံ ကာကွယ်ပွဲတွင် Vera ကို နှစ်ချီအတွင်း ဒိုင်ပွဲရပ်/အလဲထိုး ရလဒ်ဖြင့် အနိုင်ရခဲ့သည်။ ယင်းအခိုက်အတန့်က ယခုနှစ် အတွင်း အောင်လအန်ဆန်၏ မမေ့နိုင်ဖွယ် အကောင်းဆုံး အခိုက်အတန့် တစ်ခု ဖြစ်ခဲ့သည်။

(၂) တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရခဲ့ခြင်း

ယခုနှစ် အတွင်း အောင်လအန်ဆန် အတွက် တစ်သက်တာ မမေ့နိုင်တော့မည့် နောက်ထပ် အောင်မြင်မှု အခိုက်အတန့် တစ်ခုမှာ World MMA Awards 2019 ဆုပေးပွဲတွင် တစ်နှစ်တာ အကောင်းဆုံး အပြည်ပြည်ဆိုင်ရာ တိုက်ခိုက်ရေး သမားဆုကို နာမည်ကြီး UFC ချန်ပီယံများအား ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ အောင်လ အန်ဆန်သည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် တစ်နှစ်တာ အတွင်း ပြောင်မြောက်သည့် စွမ်းဆောင်ရည် များကြောင့် Charles “Mask” Lewis တစ်နှစ်တာ အကောင်းဆုံး ကိုယ်ခံပညာကစားသမားဆုနှင့် အပြည်ပြည်ဆိုင်ရာ ကိုယ်ခံပညာကစားသမားဆု နှစ်ဆု ဆန်ခါတင် ရွေးချယ် ခံရပြီး အပြည်ပြည်ဆိုင်ရာ ကိုယ်ခံပညာကစားသမား ဆုကို ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုကို ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား အကြောင်း တစိုက်မတ်မတ် ဖော်ပြနေသည့် ဂုဏ်သိက္ခာရှိ မဂ္ဂဇင်း တစ်စောင် ဖြစ်သော Fighter’s Only မဂ္ဂဇင်းမှ ချီးမြှင့်ခဲ့ခြင်း ဖြစ်ကာ ဆုပေးပွဲကို ဇူလိုင် ၄ ရက်က လာ့စ်ဗီးဂက် မြို့၊ The Palms Casino Resort ဟိုတယ်ရှိ The Pearl Concert Theater ခန်းမတွင် ကျင်းပခဲ့သည်။ အပြည်ပြည် ဆိုင်ရာ အကောင်းဆုံး တိုက်ခိုက်ရေး သမားဆု အတွက် အောင်လအန်ဆန်သည် UFC ချန်ပီယံများ ဖြစ်သော Khabib Nurmagomedov, Kamaru Usman နှင့် Israel Adesanya တို့ကို ကျော်ဖြတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ဆန်ခါတင် အကောင်းဆုံး ကစားသမား များကို ပရိသတ်က ဆန္ဒမဲ ပေးစေပြီး မဲအများဆုံး ရသည့် အောင်လအန်ဆန်က ဆုရရှိခဲ့ခြင်းလည်း ဖြစ်သည်။

(၃) ONE Championship နှင့် နှစ်ရှည်စာချုပ် ချုပ်ဆိုခြင်း

အောင်လအန်ဆန်သည် ယခုနှစ် အတွင်း ၎င်းနှင့် ONE Championship အကြား မမေ့နိုင်ဖွယ် အခိုက်အတန့် တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယင်းအခိုက်အတန့်မှာ ONE Championship တွင် နောက်ထပ် ပွဲပေါင်း ၁ဝ ပွဲတွင် ထပ်မံယှဉ်ပြိုင်ကစားရန် စာချုပ် လက်မှတ်ရေးထိုး ခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ စာချုပ်ချုပ်ဆို ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်တွင် အောင်လအန်ဆန်၏ လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာချုပ်သစ်ကြောင့် အောင်လအန်ဆန်သည် ONE Championship တွင် ၎င်း၏ ကစားသမား ဘဝ ကုန်ဆုံးချိန် အထိ ကစားမည့်သဘော ဖြစ်သွားခဲ့သည်။

UFC ပြိုင်ပွဲ၏ ကျင်းပသည့် ပုံစံကို မနှစ်သက်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ဖူးသူ အောင်လအန်ဆန်သည် ONE Championship သို့ ၂ဝ၁၄ ခုနှစ် ကတည်းက စတင်ရောက်ရှိ ခဲ့ခြင်းဖြစ်ပြီး ၅ နှစ်အတွင်း ပွဲပေါင်း ၁၂ ပွဲ ကစားခဲ့သည်။ အဆိုပါ ၁၂ ပွဲတွင် ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲများ အားလုံး အနိုင်ရခဲ့ကာ နောက်ဆုံး ကစားခဲ့သည့် ၇ ပွဲဆက်တိုက် အနိုင်ရထား သည်ကိုလည်း တွေ့ရသည်။ အောင်လအန်ဆန်၏ ယခင် စာချုပ်ဟောင်းသည် Ken Hasegawa နှင့် ပွဲတွင် ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် စာချုပ်သစ်၏ ပထမဆုံး ပွဲမှာ Vera နှင့် ချန်ပီယံ ကာကွယ်ပွဲ ဖြစ်ခဲ့သည်။ လက်ရှိတွင် အကောင်းဆုံး လက်စွမ်း ပိုင်ဆိုင်ထားပြီး ချန်ပီယံ ခါးပတ် နှစ်ခု ရထားသည့် အောင်လအန်ဆန်၏ စာချုပ်သစ်ပါ ပွဲကစားကြေးကို တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း ONE Championship တွင် အမြင့်ဆုံး ပွဲကစားကြေး ရသူ စာရင်းတွင် ပါဝင်နိုင်သည်ဟု ခန့်မှန်းကြသည်။

(၄) ဇနီးသည် ဒုတိယမြောက် ကိုယ်ဝန် ဆောင်ရခြင်း

အောင်လအန်ဆန် အတွက် မိသားစု ဘဝသည် အရေးအကြီးဆုံး အရာဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ပြောခဲ့ဖူးသူ ဖြစ်သဖြင့် မိသားစုတွင်း ဖြစ်ရပ် တစ်ခုကလည်း အောင်လအန်ဆန် အတွက် မမေ့နိုင်ဖွယ် ဖြစ်ရပ် တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ယင်းဖြစ်ရပ်မှာ အောင်လအန်ဆန်၏ ဇနီးဖြစ်သူ ကတ်သရင်းက ဒုတိယမြောက် ရင်သွေးကို ယခုနှစ်အတွင်း ကိုယ်ဝန် ဆောင်ခဲ့ရခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် အဆိုပါ ရင်သွေးလေး ရှိနေသည့် အကြောင်းကို ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ၎င်း၏ လူမှုကွန်ရက် မှတဆင့် ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
အောင်လ အန်ဆန်သည် အမေရိကန် နိုင်ငံသူ ကတ်သရင်းနှင့် လွန်ခဲ့သည့် ခြောက်နှစ်ခန့် ကတည်းက လက်ထပ်ခဲ့ပြီး ယခုအချိန်တွင် သားဖြစ်သူ အန်ဆန်အောင် (ခ) အောင်ဒီပင် အသက် ၃ နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။ မိသားစု ဘဝကို အလေးထားသည့် အောင်လ အန်ဆန်သည် ပြီးခဲ့သည့် မြန်မာပြည် ခရီးစဉ်တွင် ၎င်း၏ ဒုတိယ ရင်သွေးမှာ မိန်းကလေး ဖြစ်ပြီး ကိုယ်ဝန် သက်တမ်း ၇ လ ရှိနေပြီ ဖြစ်ကြောင်း ပြောပြခဲ့သည်။ လာမည့် ၂ဝ၂ဝ ခုနှစ် အတွင်း မွေးဖွားဖွယ်ရှိသည့် အဆိုပါ ရင်သွေးကို “ဆန်ဆန်”ဟု အမည်ပေးရန်ပင် စဉ်းစားထားပြီး ဖြစ်ကြောင်းလည်း အောင်လအန်ဆန်က ဆိုခဲ့သည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top