Demetrious Johnsonကို Yuya Wakamatsu ကကြောက်ရွံ့ခြင်းမရှိ

45ddb-15513309650773-800.jpg

မတ်လ (၃၁) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် သမိုင်းဝင် ONE: A New Era ပြိုင်ပွဲကြီးတွင် အိမ်ရှင်ကစားသမား Yuya “Little Piranha” Wakamatsu သည် ဖလိုင်းဝိတ်ကိုယ်ခံပညာ သိုင်းပေါင်းစုံချန်ပီယံဆုကို (၁၂) ကြိမ်တိုင်တိုင်ရရှိထားသူ Demetrious “Mighty Mouse” Johnson ကိုရင်ဆိုင်ယှဉ်ပြိုင်ကာ အောင်မြင်မှုများ ရယူသွားတော့မည်ဖြစ်သည်။

၎င်းတို့ (၂) ဦးသည် ပရိသတ်များက မျှော်လင့်စောင့်စားနေကြသော ONE ဖလိုင်းဝိတ်ကမ္ဘာ့ Grand Prix ပြိုင်ပွဲကြီး၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ထိပ်တိုက် ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ကမ္ဘာတစ်လွှားရှိ အကျော်ကြားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော Johnson သည် ယမန်နှစ်နှောင်းပိုင်းက ONE Championship အဖွဲ့အစည်းကြီးသို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုပြိုင်ပွဲကြီးတွင် ၎င်း၏ပထမဆုံး ပွဲဦးထွက်တွဲဆိုင်းကိုဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

Wakamatsu သည် Johnson အပေါ်လေးစားမှုအပြည့်ရှိသော်လည်း Ryogoku Kokugikan အားကစားရုံကြီး၏ ကြိုးဝိုင်းအတွင်း အောင်မြင်မှုများသိမ်းပိုက်သွားနိုင်မည်ဟု အခိုင်အမာ ယုံကြည်လျက်ရှိသည်။ အလဲထိုးကစားကွက်ကို ကျွမ်းကျင် ပိုင်နိုင်လှသော ဂျပန်ကစားသမား Wakamatsu သည် Johnson ကို သုံးချီတိုင်တိုင် ထိပ်တိုက်ရင်ဆိုင် စိန်ခေါ်သွားရန်အတွက် နောက်တွန့်ခြင်းမျိုး လုံးလုံးမရှိပေ။

“ကမ္ဘာ့ချန်ပီယံဆုကို (၁၂) ကြိမ်တိုင်တိုင်ဆွတ်ခူးထားနိုင်ခြင်းဟာ သိပ်ကို လေးစားဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုမကြောက်ပါဘူး။ သူလည်း လူတစ်ယောက်ပါပဲ။ ကျွန်တော် သူ့ကို ထိအောင်ထိုးနိုင်ရင် အလဲထိုးနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

Johnson သည် ယမန်နှစ်နှောင်းပိုင်းက ONE Championship အဖွဲ့အစည်းကြီးသို့ ရောက်ရှိလာခဲ့ပြီးနောက် ယခုပြိုင်ပွဲကြီးတွင် ၎င်း၏ပထမဆုံး ပွဲဦးထွက်တွဲဆိုင်းကို ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်သည်

ONE Championship နှင့် Johnson တို့ လက်တွဲလိုက်သည်ဆိုသော သတင်းသည် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သည်။ ယခုနှစ် မတ်လတွင် ယှဉ်ပြိုင်သွားမည့် ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲကို ONEဖလိုင်းဝိတ်တန်းရှိအခြားကစားသမားအပါအဝင် လူအများက အလွန်စိတ်ဝင်စားနေကြခြင်းဖြစ်သည်။

Wakamatsu ၏ အမိမြေရှိ မိတ်ဆွေ၊ မိသားစုဝင်များနှင့် ထောင်ပေါင်းများစွာသောဂျပန်ပရိသတ်များက ၎င်းကို အပြည့်အဝ အားပေးကြမည်ဖြစ်သောကြောင့် အောင်မြင်မှုသည် ၎င်းထံသို့ မလွဲမသွေ ရောက်ရှိလာလိမ့်မည်ဟု Wakamatsu က ယုံကြည်လျက်ရှိသည်။

“ဒီပြိုင်ပွဲက ဂျပန်မှာပြိုင်မှာဆိုတော့ ကျွန်တော့်အတွက် ကံတရားက ဖန်တီးပေးထားတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု (၂၄) နှစ်အရွယ်ကစားသမား Yuya က ဆိုသည်။

“ကျွန်တော့်လို ချန်ပီယံခါးပတ်မရသေးတဲ့သူအတွက် ဒါဟာ မဟာအခွင့်အရေးကြီးတစ်ခုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က မကြာသေးခင်အထိ Kagoshima မှာနေတဲ့ လက်သမားတစ်ယောက်ပါ။ ကျွန်တော့်လို သာမန်အလုပ်လုပ်နေတဲ့သူတစ်ယောက်က ကမ္ဘာ့ချန်ပီယံကို အနိုင်ရမယ်ဆိုရင် ကျွန်တော် နာမည်ကြီးတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

Johnson ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်များတွင် တစ်ဘက်ကမ်းခတ်ကျွမ်းကျင်မှုက ၎င်းကို အားကစားလောကတွင် လွှမ်းမိုးနိုင်စေခဲ့ကာ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲမှတ်တမ်း (၂၇-၃) ကို ပိုင်ဆိုင်စေခဲ့သည်။ (၆) နှစ်တာကာလအတွင်းတွင် ချန်ပီယံခါးပတ်ကို (၁၁) ကြိမ် ဆက်တိုက်ကာကွယ်နိုင်ခဲ့သော မှတ်တမ်းလည်းရှိထားသည်။

Wakamatsu သည် ပြိုင်ဘက်၏ အားသာချက်များကို တုန်လှုပ်ခြင်းမရှိသည့်အပြင် ၎င်း၏ ပြင်းထန်သော အလဲထိုးကွက်ဖြင့် ဖလိုင်းဝိတ်တန်းရှိ မည်သည့်ကစားသမားကိုမဆို အလဲထိုးနိုင်သည်ဟု ယုံကြည်ချက်ရှိသည်။

“ကျွန်တော့်လက်သီးချက်သာ သူ့ကိုထိသွားရင် ကျွန်တော်သူ့ကို အနိုင်ရနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဂျပန်ကစားသမား
Yuya က ပြောကြားသည်။

“ကျွန်တော်နိုင်မယ်လို့ ဘယ်သူကမှ ထင်ထားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ အားနာလို့သာ ကျွန်တော့်ကို နိုင်နိုင်ပါတယ်လို့ ပြောကြတာ။ တခြားအာရှကစားသမားတွေက ‘ဘာလို့
Wakamatsu ကို ပြိုင်ခိုင်းတာလဲ’ လို့ တွေးကြမယ်ဆိုတာ သိပါတယ်။
ဒါပေမဲ့ အနိုင်ရအောင်ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် နိုင်မယ်ဆိုတာ လုံးဝယုံပါတယ်” ဟု ၎င်းက ဆိုသည်။

Wakamatsu သည် ဤပြိုင်ပွဲအတွက် မိမိကိုယ်ကို ယုံကြည်မှုများ ပြည့်ဝလျက်ရှိသည်

Wakamatsu သည် ဤပြိုင်ပွဲအတွက် မိမိကိုယ်ကို ယုံကြည်မှုများ ပြည့်ဝလျက်ရှိသည်။ အကယ်၍ ၎င်းအနေဖြင့် ဖြစ်နိုင်ချေ နည်းသည့်ကြားကပင် Johnson ကိုအနိုင်ရခဲ့လျင် ယခု Tournament တွင် အဆင့်တက်သွားရုံသာမက ကမ္ဘာတစ်ဝန်းတွင် နာမည်ကျော် ထိပ်တန်းကစားသမားအဖြစ်ပါ ရပ်တည်သွားနိုင်မည်ဖြစ်သည်။

“ကျွန်တော့်ဘဝအတွက် အကြီးမားဆုံးအခွင့်အရေးတစ်ခုပါပဲ။ ဂျပန်မှာ Johnson ကို ယှဉ်ပြိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားသွားဖို့ပဲ လိုပါတယ်။ ဒါက ကံတရားလို့ပဲထင်ပါတယ်။ ထင်မှတ်မထားတာတွေက ဖြစ်လာနိုင်ပါတယ်။ ဂျပန်ရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်က အဆင့်အတန်းမြင့်မားတယ်ဆိုတာကို တစ်ကမ္ဘာလုံးကို ကျွန်တော် သက်သေပြနိုင်ပါတယ်” ဟု Wakamatsu က အဆုံးသတ် ပြောကြားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top