“အောင်မြင်တဲ့လူဆိုတာ မနက်အိပ်ရာထတာနဲ့ ညဘက် အိပ်ရာဝင်တာရဲ့ ကြားမှာ ကိုယ်လုပ်ချင်တာကို လုပ်နေရတဲ့သူပဲ“
– ဘော့ဘ်ဒိုင်လန် (Bob Dylan)
အဆိုတော် ဘော့ဘ်ဒိုင်လန်ဟာ ဒီနှစ်အတွက် စာပေ နိုဘယ်ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ အမေရိကန်ဂီတ အစဉ်အလာ လမ်းကြောင်းအတွင်းမှာမှ ကဗျာဆန်တဲ့ ဖော်ထုတ် တင်ပြချက်တွေ ပါဝင်တဲ့ သီချင်းတွေကို ဖန်တီးနိုင်ခဲ့လို့ပါပဲတဲ့။ ထုံးစံအရ စာပေသမားတွေကို ပေးတဲ့ဆုကို ဂီတသမားကို ပေးတဲ့အတွက် မကျေနပ်သံ အနည်းအကျဉ်း ရှိပေမယ့် ဘော့ဘ်ဒိုင်လန်ရဲ့ သီချင်းတွေ၊ ဂီတတွေဟာ တကယ်ပဲ အနုပညာ လက်ရာမြောက်တဲ့အတွက် ဒီရွေးချယ်မှုကို လူတော်တော်များများက အပြစ်မမြင်ကြပါဘုး။
ဒါပေမယ့် ဆုနဲ့ပတ်သက်ပြီး သဘောကျပုံမရတဲ့ သူက ဘော့ဘ်ဒိုင်လန် ကိုယ်တိုင်ပါပဲ။ ဘော့ဘ်ဒိုင်လန်ဟာ ဒီဆုနဲ့ ပတ်သက်ပြီး အထူးတလည် ကျေနပ်နေကြောင်း မပြသခဲ့ပါဘူး။ သူ့ရဲ့ Website စာမျက်နှာက ကိုယ်ရေးရာဇဝင်မှာတောင် နိူဘယ်ဆုကို ရရှိထားတဲ့အကြောင်းကို ဖျက်ထားတာမို့ နိုဘယ်ဆုပေးပွဲကိုတောင် တက်ဖြစ်ချင်မှ တက်ဖြစ်မယ်လို့ မီဒီယာတွေက ဝိုင်းခန့်မှန်းနေကြပါတယ်။ ဒိုင်လန်ဟာ ဆုတွေ၊ လူအများရဲ့ အသိအမှတ်ပြုမှုတွေကို အပေါ်ယံ ပကာသနတွေလို သဘောထားတတ်တဲ့ သူဖြစ်ကြောင်းကို မှတ်တမ်းတစ်ခုက ဒီလို ဖော်ပြထားပါတယ်။
၂၀၀၄ ခုနှစ်တုန်းက ဘော့ဘ်ဒိုင်လန်ကို စိန့်အင်ဒရူးတက္ကသိုလ်က ဂီတပညာရပ်အတွက် ဒေါက်တာဘွဲ့ ပေးခဲ့တယ်။ မိနစ် ၉၀ ကြာတဲ့ ဆုပေးပွဲ အခမ်းအနားကို ပွဲစပြီး မိနစ် ၅၀ အကြာမှ ဘော့ဘ်ဒိုင်လန် ဝင်လာတယ်။ သူ့ရဲ့ ဂီတအကြောင်း ချီးကျုး ထောပနာ ပြုနေကြတဲ့ အခမ်းအနား မိန့်ခွန်းပြောသူကို သူက သမ်းဝေ ငိုက်မြည်းရင်း ကြည့်နေခဲ့တယ်။ ပွဲပြီးတဲ့အချိန် သူ့ရဲ့ “Blowing in the wind“ သီချင်းကို တက္ကသိုလ် ဂီတအဖွဲ့က တီးမှုတ် ဂုဏ်ပြုနေတာကိုတောင်မှ အမှုမထားဘဲ၊ ဘယ်သူ့ကိုမှ နှုတ်ဆက်ကျေးဇူးတင်စကား တစ်ခွန်းမပြောဘဲ ခန်းမထဲက ထွက်လာခဲ့ပါတယ်။
ဒီစာပိုဒ် အစမှာ ကိုးကားထားသလိုပဲ သူ့ရဲ့ လွတ်လပ်ပေါ့ပါးမှုကို ခုံမင်တဲ့ စရိုက်အတိုင်း နေထိုင်နိုင်တဲ့အတွက် သူ့ကိုယ်တိုင်ရဲ့ အမြင်မှာ သူဟာ အောင်မြင်သူတစ်ယောက် ဖြစ်နေမှာကို သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေကရော အိပ်ရာဝင်နဲ့ အိပ်ရာထကြားမှာ လုပ်ချင်တာကို လုပ်နိုင်ပါသလား၊ ငွေကြေးတွေ၊ မိသားစု စားဝတ်နေရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လေးစားမှုတွေ၊ အများရဲ့ အသိအမှတ်ပြုမှုတွေ နောက်ကို လိုက်နေရတဲ့ အနေအထားမှာ ကျွန်တော်တို့ ပျော်ရွှင်ပါရဲ့လား။ ဘော့ဘ်ဒိုင်လန်ရဲ့ စံနှုန်းအတိုင်းဆိုရင် ကျွန်တော်တို့ အောင်မြင်ပါရဲ့လား ဆိုတာက မေးခွန်းထုတ်စရာပါပဲ။
ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လူဆိုတာကတော့ ကိုယ် တန်ဖိုးထားတဲ့ စံနှုန်းအတိုင်းပဲ ကိုယ့်ကိုယ်ကို ပိုကောင်းလာအောင် တည်ဆောက်နေကြတာပါ။ ဘော့ဘ်ဒိုင်လန်က ဒီလိုပြောလို့ ကိုယ်လည်း ဒီအတိုင်း လိုက်ဖြစ်ရမယ်ဆိုတာက သဘာဝမကျပါဘူး။ သူ့ရဲ့ လွတ်လပ်တဲ့ စိတ်နေစိတ်ထားနဲ့ ရွေးချယ်မှုအမြင်ကတော့ မှတ်သားစရာ၊ အလေးအနက် စဉ်းစားမယ်ဆို စဉ်းစားစရာကောင်းတယ်လို့ ယူဆမိတဲ့အတွက် မျှဝေ ဖော်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
Ref :The Gurdian “Bob Dylan and a noble refusal of the Nobel prize for literature”
Team (ရိုးရာလေး)