ခေါင်းဆောင်ကောင်းဖို့ လိုသလို နောက်လိုက်ကောင်းဖို့လည်း လိုအပ်

springtime-in-the-desert-M48ADWB-e1564405512608.jpg

တစ်ရံရောအခါက လိမ္မာပါးနပ်သောလှည်းကုန်သည် ဦးစီးသည့် လှည်းငါးရာအစုသည် သဲကန္တာရကို ဖြတ်သန်းပြီး ကုန်ရောင်းထွက်ကြသည်။ ရာသီဥတုမှာ ပြင်းထန်လှသဖြင့် နေ့အချိန်တွင် နားကြပြီး ညအခါမှသာ ခရီးဆက်နိုင်သည်။ ထို့ကြောင့် ကြယ် နက္ခတ်တာရာတို့ကို ကြည့်ပြီး လမ်းကြောင်းရှာဖွေတတ်သော လမ်းပြတစ်ယောက်ကိုပါ ငှားရမ်းခဲ့သည်။ ခရီးမှာ ငါးဆယ့်ကိုးယူဇနာမျှ ကျယ်ပြန့်ပြီး ယနေ့တစ်ညခရီးဆက်ပြီးလျှင်ဖြင့် ကန္တာရကို ကျော်ပေပြီ။ ရှေ့ဆုံးလှည်းမှလမ်းပြသည် ခရီးပန်းသဖြင့် အိပ်ပျော်သွားရာ နွားသည် လမ်းမှားလေသည်။ ရှေ့မှနွားလှည်းလမ်းမှားသဖြင့် နောက်မှလှည်းများလည်း လမ်းမှားကြကုန်သည်။

တစ်ညလုံးမောင်းနှင်ခဲ့ပြီး နံနက်မိုးသောက်မှ မနေ့ညက ခရီးစထွက်ခဲ့သော ဒုံရင်းနေရာသို့ ပြန်ရောက်နေသည်ကို တွေ့ကြရသည်။ နောက်ထပ်တစ်ည အချိန်ပေးပြီး ခရီးဆက်လျှင် လိုရာအရပ်သို့ ရောက်မည်မှန်သော်လည်း ဆိုးဝါးသည့်အချက်မှာ သောက်ရေကုန်သွားခြင်းဖြစ်သည်။ အစားအစာများ ကျန်သေးသော်လည်း သောက်ရေမရှိသည်က ဆိုးလို့နေသည်။ ရာသီဥတုမှာ အင်မတန်မှ ပူပြင်းလှသဖြင့် သောက်ရေမရှိဘဲ နေ့ဘက်ခရီးဆက်ရန်မှာ မဖြစ်နိုင်သလို ရေမသောက်ဘဲ ညအထိတောင့်ခံပြီး ခရီးဆက်ဖို့မှာလည်း မဖြစ်နိုင်ပေ။ လှည်းမှူးသည် အနီးပတ်ဝန်းကျင်သို့ လှည့်လည်စူးစမ်းရာ တစ်နေရာတွင် နေစာမြက်တို့ ပေါက်ရောက်ရှင်သန်နေသည်ကို တွေ့ရသည်။ အပင်ရှိလျှင် ရေရှိမည်မှာမလွဲ။ လှည်းသမားတို့သည် အတောင်ခြောက်ဆယ်ထိ တူးမိသောအခါ ကျောက်ဖျာကိုတွေ့သည်။ လှည်းသမားတို့သည် စိတ်ဓာတ်ကျပြီး အားလျော့လေသည်။

လှည်းမှူးသည် ငါပါစိတ်ဓာတ်ကျနေလျှင် အားလုံးသေဖွယ်ရာရှိသည်ဟု တွေးပြီး တွင်းထဲသို့ဆင်းကာ ကျောက်ဖျာကို ကပ်ပြီး နားထောင်ရာ ရေစီးသံကို ကြားရသည်။ တွင်းပေါ်တက်ပြီး လှည်းသမားတို့ကို ပြောပြရာ ခြေကုန်လမ်းပမ်းကျနေသဖြင့် ခေါင်းတခါခါနှင့် ဆက်လက်တူးရန် တွန့်ဆုတ်နေသည်။ လှည်းမှူး၏ တပည့်ရင်းတစ်ဦးသာလျှင် တွင်းထဲသို့ဆင်းပြီး သံတူရွင်းဖြင့် အားစိုက်ခွဲရာ ကျောက်ဖျာသည် ရေစီးကြောင်းပေါ် ကန့်လန့်ခံပြီး ကျိုးကြသဖြင့် ရေချိုတို့သည် တွင်းပေါ်ထိတိုင်အောင် ပန်းထွက်လာသည်။ ထိုအခါမှ လှည်းသမားနှင့် နွားများသည် ရေချိုတို့ကို သောက်သုံးကြသည်။ ထိုနေရာတွင်ပင် ချက်ပြုတ် စားသောက်ကြသည်။ ရေထွက်သောနေရာတွင် တိုင်ထူကာ တံခွန်ဆွဲပြီး နောက်လူတို့ အသုံးပြုနိုင်ရန် အမှတ်အသားပြုခဲ့ပြီး ချမ်းသာစွာ ခရီးဆက်သွားကြသည်။

ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ဝဏ္ဏပထဇာတ်တော်တွင် ခေါင်းဆောင်က မည်မျှကောင်းကောင်း မိမိကိုယ်တိုင် ဝိရိယစိုက် ကြိုးစားအားထုတ်မှသာ လိုရာဆန္ဒပြည့်ဝနိုင်ကြောင်း သင်ခန်းစာယူမိပါသည်။ တစ်ခါတစ်ရံ၌ ကာလရှည်ကြာစွာ ကြိုးစားအားထုတ်ထားသည်ကို ပန်းတိုင်ရောက်ရန် ခြေတစ်လှမ်းစာအလိုရောက်မှ ရပ်တန့်မိလိုက်သဖြင့် ဆုံးရှုံးရသည်များလည်း ရှိတတ်သည်ကို သတိချပ်သင့်ပေသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top