လက်တစ်စုံ

businesswoman-with-open-palms-of-her-hands-PPLCM5Q-e1564478344827.jpg

တစ်ခုသော တနင်္ဂနွေနေ့ကဖြစ်သည်။ ကျွန်ုပ်နှင့် သူငယ်ချင်း ကျောင်းဆရာလေးတို့လည်း အခြား သူငယ်ချင်း တစ်ယောက်၏ အိမ်သို့ အလည်အပတ် ရောက်ရှိကြလေသည်။ ထိုသူငယ်ချင်း၏ အိမ်တွင် ငယ်သူချင်း နှစ်ယောက်လည်း ရောက်နှင့်နေပြီဖြစ်ရာ ကျွန်ုပ်တို့ ငါးဦးလည်း တွေးမိတွေးရာ စကားများ ပြောဖြစ်ကြရာ အိမ်ရှင်သူငယ်ချင်း၏ ဆိတ်သားခြောက်ဖုတ်နှင့် ရေနွေးကြမ်းသည်လည်း လိုက်ပွဲများ ဆက်၍နေတော့သည်။

စကားဝိုင်းတွင် သူငယ်ချင်း တစ်ယောက်က တို့အားလုံးမှာ လက်တွေပါကြတယ်၊ ဒီလိုဘဲ ဒီလက်တွေနဲ့ လောကအရာရာကို လှပစေခဲ့တာ မဟုတ်လား ဟုပြောလေရာ ကျွန်တော်တို့ စကားဝိုင်းကလေးသည်လည်း လက်အကြောင်း ဆွေးနွေးဖြစ်တော့သည်။

“လက်” ဆိုသည်မှာ အရာရာကို ကိုင်တွယ်ဖို့ဖြစ်ပြီး လူ့ခန္ဓာကိုယ်တွင် အလွန်အရေးပါသော အစိတ်အပိုင်း တစ်ခုအဖြင့် အလွယ်မှတ်ကြတာ မဟုတ်ပါလာ။ တစ်ကယ်တော့ လူတွေကမ္ဘာဦး စတင်ချိန်မှ ယခုချိန်အထိ ဒီလက်တွေနဲ့ဘဲ လူ့လောက၊ လူ့ယဉ်ကျေးမှုစသည့်တို့ကို တည်ဆောက်ခဲ့ရတာပါ။ ဒါပေမယ့်လည်း လက်ချင်းတူပေမယ့် ကမ်းတဲ့လက်ရဲ့ အဓိပ္ပါယ်တွေက ကွာခြားနေတတ်တာတွေလည်း အများကြီး ရှိပါတယ်။ ဒီလိုပြောရရင် “ပန်းပျိုးသောလက်၊ ပန်းခူးသောလက်”ဆိုသလို ကမ်းလိုက်တဲ့ လက်ရဲ့ အဓိပ္ပါယ်က ပိုပြီး လေးနက်နေတတ်တာပါ။

ဒီလက်တွေ လှုပ်ရှားနေရတာဟာ ဒီလက်တွေကို စေခိုင်းနေတဲ့ အဲဒီလူရဲ့ အတွင်းစိတ် သဏ္ဍာန်ပေါ် မူတည်လိုနေတာပါ။ လက်ကတော့ ဒီလက်ပါပဲ။ အကြမ်းဖက် တိုက်ခိုက်တဲ့သူတွေကလည်း ဒီလက်နဲ့ပဲ သေနတ်တွေကို ကိုင်စွဲပြီး လူတွေကို သေကြေ ဒဏ်ရာရစေတာဖြစ်တယ်။ အဲဒီလို အကြမ်းဖက်ခံရတဲ့ လူနာတွေကို ဝေဒနာတွေ ပျောက်ကင်းစေဖို့ မေတ္တာ အပြည့်နဲ့ ဆေးကုသပေးကြတဲ့ ဆရာဝန်တွေ သူနာပြုတွေကလည်း ဒီလက်နဲ့ပဲ လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ကမ်းလိုက်တဲ့ လက်အစုံအတွက် အဲဒီလက်ရဲ့ နှလုံးသားဟာ ဘာလဲ၊ အဖြူလား၊ အမဲလား၊ အတ္တတွေနဲ့ ကမ်းတဲ့လက်လား။ မေတ္တာစစ်နဲ့ ကမ်းတာလား၊ ဟန်ဆောင်မှု့တွေနဲ့လား၊ ဘာအတွက်လဲ ဆိုတာ ကမ်းလိုက်တဲ့ လက်ပိုင်ရှင်ကတော့ သိနေမှာပါပဲ။

အချို့လူတွေကတော့ ဟန်ဆောင်တဲ့ အပြုံးတွေနဲ့ သူတော်ကောင်း ဟန်ဆောင်ပြီး မေတ္တာတွေ အပြည့်ရှိတဲ့ပုံနဲ့ ပြောကြပေမယ့် သူတို့ရဲ့ လက်တွေမှာကတော့ လူတွေရဲ့ မျက်ရည်တွေ ပေကျံနေတတ်တယ်လေ။ မျက်ရည်ကျစေသူ အတွက် ဘာမှမဟုတ်ပေမယ့်၊ ကျနေတဲ့ မျက်ရည်ကို သုတ်ပေးဖို့တော့ လက်တစ်စုံ လိုတာပေါ့။

လူတိုင်းလူတိုင်းမှာ လက်တစ်စုံရှိပါတယ်။ အဲဒီ လက်တစ်စုံဟာ ဘာအတွက်လဲ။ အဲဒီ လက်တစ်စုံနဲ့ လူ့လောကကို ဘာတွေကောင်းအောင် လုပ်နေလဲ၊ မျက်ရည်တွေ သုတ်ပေးခဲ့ပြီလား၊ ပန်းတွေ ပွင့်စေခဲ့ပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်ပေးကြည့်ရတယ်။ တစ်ကယ် စစ်ဆေးကြည့်တဲ့အခါ ဒီလက်တစ်စုံကြောင့် အခြားလူတွေ၊ မိသားစုတွေ မျက်ရည်တွေကျခဲ့ပြီလား၊ ဒီလက်တစ်စုံကြောင့် တိရိစ္ဆာန်တွေ အသက်ဆုံးရပြီလား၊ ဒီလက်တွေကပဲ ပန်းတွေကို ခူးခြွေလိုက်ပြီလား ဆိုတာတော့ ကိုယ့်ကိုယ်ကို သိပါတယ်။ စိတ်ရဲ့ စေခိုင်းချက်နဲ့လုပ်နေရတဲ့ လက်တွေက သက်သေတွေပေါ့။

လက်နဲ့ ပတ်သက်ပြီး ပြောရမယ့် အကိုးအကားတွေနဲ့ ထပ်ပြီးပြောရမယ်ဆိုရင်တော့ အတော်လေးကို ပြောယူရမှာပါ။ ဒီကနေ့ ကျွန်တော်တို့ ကမ္ဘာမှာ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေကြတယ်။ သေနတ်ကိုင်တဲ့ လက်တွေ ပန်းတွေကိုင်နိုင်ပါစေပေါ့။ ငြိမ်းချမ်းရေးအတွက် ကမ်းတဲ့လက်တွေ အားလုံး ဆုပ်ကိုင်နိုင်တဲ့ တစ်နေမှာ ကျွန်တော်တို့ သားစဉ်မြေးဆက် လူသား မျိုးနွယ်စု တစ်ခုလုံးအတွက် အေးချမ်းတဲ့ လောက တစ်ခုကို အဲဒီလက်တွေနဲ့ဘဲ လက်ဆင့်ကမ်းခဲ့နိုင်မှာဖြစ်တယ်။

ဒါကြောင့် လက်ဆင့်ကမ်းရမယ့် လက်တွေဟာ သန့်ရှင်းဖြူစင်နေမယ်ဆိုရင် လက်ဆင့်အကမ်းခံရတဲ့ သားမြေးတွေလည်း ဖြူစင်နေမှာပါပဲ။ ဒါကြောင့် လက်ဆင့်ကမ်းရမယ့် ကျွန်တော်တို့ရဲ့ လက်ရာတွေဟာ ဖြူစင်သန့်ရှင်းနိုင်လေ ကောင်းလေပါပဲ။ အကောင်းဆုံး လက်ရာတွေကို လက်ဆင့်ကမ်းပေးနိုင်ဖို့ လိုအပ်လှပါတယ်။

လက်နှင့် ပတ်သက်သည့် တစ်ယောက်အတွေး တစ်ယောက်အမြင်တွေပြောကြရင်း ညနေစောင်းနေကလေးကလည်း အနောက်ဘက်ဆီကို အပြီး ဝင်ရောက်သွားပြီးဖြစ်သည်။ ကျွန်ုပ်တို့ သူငယ်ချင်းများလည်း နုတ်ဆက်ရင်း အိမ်သို့ပြန်ခဲ့ကြလေသည်။ လမ်းတွင် လက်တစ်စုံ မပါသော လူငယ် တစ်ယောက် စက်ဘီးစီးသွားသည်ကို တွေ့သဖြင့် သူငယ်ချင်း ကျောင်းဆရာလည်း ကျွန်ပ်အား ငူငူကြီး ကြည့်နေရာ ‘အကြောင်းအမျိုးမျိုးကြောင့် လက်တစ်စုံ မပါတဲ့ သူတွေအတွက်လည်း လက်နဲ့တူတဲ့ စိတ်လက် တစ်စုံရှိပါတယ်’ လို့ အဖြေပေးလိုက်ရလေသည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top