ကျွန်တော်တို့ ပတ်ဝန်းကျင် မှာ တစ်ခါတစ်လေ ကြားရတတ်တဲ့ စကားတွေ ရှိပါတယ်။ “အသက်ကြီးပြီး အချိန်မစီးဘူး” “ကိုယ့် အသက်အရွယ်မှ ကိုယ်အားမနာဘူး” စသဖြင့်ပေါ့။ ဒီစကားတွေဟာ ကျွန်တော်တို့ရဲ့ စိတ်တွေထဲမှာ စိမ့်ဝင် စွဲထင်နေတဲ့ ရှေးရိုးစွဲ အယူအဆ တချို့ကြောင့် ထွက်လာကြတာ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ “ငါက မင်းထက် ထမင်းအရင်စားလာတာ ငါပြောတာ လက်ခံလိုက်” “ကိုယ့်ထက်ကြီးတဲ့လူက ပြောနေတာ မင်းထက်ပိုပြီး သိတယ် တတ်တယ် လျှာမရှည်နဲ့ ငါပြောသလိုလုပ်” စသဖြင့် ပြောဆိုနေတာတွေဟာ မကြာခဏ ကြုံရတတ်တဲ့ စကားတွေပါပဲ။
အဲဒီလို ကြုံတွေ့ပါများ၊ ပြောဆိုခံရပါများလာတဲ့အခါ လူတွေရဲ့ အငုံ့စိတ်မှာ အသက်ပိုကြီးရင် ပိုသိ၊ ပိုတတ်၊ ပိုတော်၊ ပိုနားလည်တယ် ဆိုတဲ့ အယူအဆဟာ စွဲမြဲလာပြီး အသက်ကြီးသူတွေ မမှန်တာတစ်ခုခု ဖြစ်ပြီ၊ လုပ်မိပြီဆိုရင် ပြောခဲ့တဲ့ အတိုင်း”အသက်ကြီးပြီး အချိန်မစီးဘူး” ဆိုတဲ့ စကားတွေ ထွက်လာတော့တာပါပဲ။
ပြောချင်တဲ့ရည်ရွယ်ချက်ကတော့ အသက်အရွယ် ကွာခြားမှုဟာ ကြုံတွေလာရတဲ့ ပြသာနာတိုင်းကို ဖြေရှင်းဖို့ လိုအပ်တဲ့ ဉာဏ်ရည်၊ အတွေ့အကြုံတွေအပေါ် တိုက်ရိုက် အချိုးကျမနေဘူးဆိုတာပါပဲ။
ဥပမာ အဖြစ် အသက် ၇၀ အဘိုးအိုနဲ့ ၂၀ အရွယ် သူ့ရဲ့မြေးလေးနဲ့ ကို ကြည့်ရအောင်ပါ။ အသက် ၂၀ အရွယ် မြေးက စမတ်ဖုန်း, ကွန်ပျူတာတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်နေချိန်မှာ အဘိုးဖြစ်သူဟာ ခေတ်ပေါ် နည်းပညာပစ္စည်းတွေကို နားလည် အသုံးပြုနိုင်ဖို့ တော်တော်လေး ခဲယဉ်းနေမှာပါ။ ဒါပေမယ့် လူတစ်ယောက်ကို မြင်လိုက်တာနဲ့ ဒီလူရဲ့ ကြန်အင် လက္ခဏာကို နားလည် သဘောပေါက်နိုင်တဲ့ လူကဲခတ်နိုင်စွမ်းကတော့ အဘိုးဖြစ်သူပဲ တတ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တောတို့ စဉ်းစားဖို့ရှိတာက အသက်ကြီးတိုင်း ပိုပြီး နားလည် တတ်ကျွမ်းသွားတာလား? အသက်ငယ်တဲ့ အတွက်ရော ဘာမသိ ညာမသိ ယောင်လည်လည်နဲ့ ဆုံးဖြတ်ချက်တွေ မှားနိုင်သလား?
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အသက်ကြီးသည် ငယ်သည်က အရေးမပါဘဲ ကိစ္စတစ်စုံတစ်ရာ အပေါ်မှာ ယေဘုယျကျကျ ရှုမြင်သုံးသပ်နိုင်တဲ့ အတွေးအခေါ်နဲ့ နားလည်နိုင်စွမ်းတွေပေါ်မှာသာ မူတည်တယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် လူဆိုတာကလည်း ကိုယ် တွေ့ကြုံဖူးတဲ့အရာ၊ ကိုယ် ကြားနာဖူးတဲ့စကား၊ ကိုယ် နားလည် သဘောပေါက်ထားတဲ့ ကိစ္စရပ်တွေအပေါ်မှာ အခြေခံပြီး အရာရာကို ကိုယ့်ပေတံနဲ့သာ တိုင်းထွာလေ့ရှိတာမို့ အခု စာအပေါ် သဘောထား ကွဲလွဲကြဦးမှာ အသေအချာပါ။
ကျွန်တော်တို့နိုင်ငံမှာ “လူငယ်တွေက အနာဂတ်ရဲ့ သားကောင်းရတနာတွေ ဖြစ်တယ်၊ လူငယ်တွေဟာ အတွေးအခေါ် ထက်မြက်တယ်၊ စွန့်ဦးတီထွင်နိုင်တယ်၊ အတွေးအမြင် ဆန်းသစ်တယ်၊ လူငယ်တွေကို နေရာပေးရမယ်” စသဖြင့် ပြောဆို တွေကြုံနေရတာတွေ များပါလျက်နဲ့ လူငယ်တွေ ရှေ့တန်းကို ရောက်မလာသေးတာဟာ နည်းနည်းတော့ ထူးဆန်းပါတယ်။
ဖြစ်နိုင်ချေကတော့ လူငယ်တွေအနေနဲ့ “ငါတို့ဟာ ငယ်ရွယ်သေးတယ် အတွေးအခေါ်နဲ့ နားလည်နိုင်စွမ်း မြင့်မားပေမယ့် ကြုံလာသမျှကိစ္စတွေ အပေါ်မှာ လုံလောက်တဲ့ နားလည်နိုင်စွမ်း မရှိသေးဘူး” ဆိုတဲ့ အမြင်မျိုး ရှိနေကြပြီး လူကြီးတွေဘက်ကလည်း လူငယ်တွေဟာ အတွေးအခေါ် အသိအမြင် မြင့်မားပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက်မှု မရှိသေးဘူးဆိုတဲ့ အမြင် တစ်မျိုစီ ရှိနေတာကြောင့်ပါပဲ။
လူငယ်တွေက ကိုယ့်ရဲ့ငယ်ရွယ်မှု၊ အတွေးအခေါ် လတ်ဆတ်မှု၊ စွန့်စား လုပ်ကိုင်ရဲတဲ့ သတ္တိရှိမှုတွေအပေါ် မာန်မာန မထားဘဲ လူကြီးတွေရဲ့ မျှော်မြင် တွေးခေါ်တတ်မှု၊ စဉ်းစာ ချင့်ချိန်နိုင်မှု၊ အတွေအကြုံအပေါ် အားပြု အခြေခံကာ စဉ်းစား ဆုံးဖြတ်နိုင်မှုတွေ လုပ်သင့်ပြီး လူကြီးတွေဘက်ကလည်း ငါသိ၊ ငါတတ်၊ ငါနားလည်၊ ငါအတွေ့အကြုံရှိ ဆိုတာမျိုးတွေကို လျော့ကာ လူငယ်တွေမှာ ရှိနေတဲ့ အရည်အသွေးကောင်းတွေကို ပိုလို့ပြီး ပြည့်စုံသွားအောင် ကူညီ ထောက်ပံ့ပေးရင်း ကြုံလာသမျှ ပြဿနာတိုင်းကို လက်တွဲ ဖြေရှင်းဖို့ ကြိုးစားသွားရမှာပါ။
ဒါကြောင့် အားလုံးသော လူကြီး လူငယ်တွေ အနေနဲ့ အသက်အရွယ် ကွာဟမှုကိစ္စကို ထည့်မစဉ်းစားဘဲ နားလည်မှုရှိရှိနဲ့ တစ်ဦးနဲ့တစ်ဦး ကူညီဖေးမရင်း ပိုကောင်းမွန်တဲ့ လူဘောင် အဖွဲ့အစည်း တစ်ခုဆီကို လျှောက်လှမ်းသင့်တယ်လို့ ထင်မြင်မိပါကြောင်း ရေးသား ဖော်ပြလိုက်ရပါတယ်။
Zuluu (ရိုးရာလေး)