ကားအရင် ကူးမလား လူအရင်ကူးမလား

urban-traffic-P89CQSN.jpg

ကားအရင် ကူးမလား လူအရင်ကူးမလား

ကျွန်တော်ဟာ လူကူးဖြတ်မျဉ်းမှာ မတ်တပ်ရပ်ရင်း မိုဘိုင်းဖုန်း အသုံးပြုနေမိပါတယ်။

အဲ့ဒီအချိန် သွားနေတဲ့ ကားများဟာ ရပ်သွားတာကြောင့် ကျနော် လှမ်း ကြည့်မိပါတယ်။

ကျွန်တော်ဟာ လမ်းဖြတ်ကူးမယ့်သူ တစ်ယောက်လို့ ကားမောင်းသူများက ထင်ထားကြပြီး လူဖြတ်ကူးဖို့အတွက် စောင့်ဆိုင်းပေးနေခြင်း ဖြစ်ပါတယ်။ ကားတွေဆက်မသွားရခြင်းက ကျွန်တော်ရပ်နေခြင်းကြောင့် ဖြစ်ပြီး ယင်း လူကူးဖြတ်မျဉ်းမှာ လူကူးရန် အချက်ပြ ခလုတ်တပ်မထားတာကြောင့် ကားဆရာများက မိမိအသိဖြင့် လူဖြတ်တာ မြင်ရင် ရပ်တန့်ပေးခြင်း ပြုလုပ်ပေးတဲ့ နေရာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ မဟုတ်ပါ။

စာရေးသူ အနေနဲ့ အမေရိကန်ပြည်ထောင်စု ကို ရောက်ရှိခဲ့စဉ်က ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး မြို့များ စာရင်းမှာ ပါဝင်တဲ့ နယူးယောက်မြို့ကို ရောက်ခဲ့သလို လူ ရာဂဏန်းလောက်သာ နေတဲ့ မြို့ငယ်လေးအထိပါ ရောက်ခဲ့ ပါတယ်။ မြို့တိုင်းမှာ တူညီတဲ့ အချက်နှစ်ချက် ရှိပါတယ်။ ယင်းကတော့ လူတွေဟာ လူကူးမျဉ်းကျားကနေ လမ်းဖြတ်ကူးကြခြင်း ဖြစ်ပြီး ကားတွေဟာလည်း လူတွေကို ဦးစားပေးခြင်း ဖြစ်ပါတယ်။ နယူးယောက်မြို့ Time Square ဆိုရင် ကားများ အင်မတန် ပိတ်၊ လူအင်မတန် ပြည့်တဲ့ မြို့ပါ။ ဒါပေမယ့် လူအားလုံးဟာ pedestrian လို့ခေါ်တဲ့ လူကူးလမ်းကိုသာ အသုံးပြုကြပါတယ်။

လူနည်းတဲ့ Kansas City တို့လို မြို့ ရောက်စဉ်ကတည်း ထိုနည်းတူစွာပါပဲ။ အမေရိကန်မှာ ၉၀ ရာခိုင်နှုန်းသော လူကူးမျဉ်းကြားများမှာ လူကူးရန်အတွက် ခလုတ်နှိပ် ကားရပ်စေရန် နည်းပညာများ ပါဝင်ပြီးသား ဖြစ်ပါတယ်။ လမ်းဖြတ်ကူးမယ်ဆိုရင် ခလုတ်နှိပ်ထားရပြီး လူကူးရန် စိမ်းမှသာ ဖြတ်ကူးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကားတွေဟာလည်း မီးနီဖြစ်တာကြောင့် ရပ်တန့်စောင့်ဆိုင်းပေးရ ပါတယ်။
ဒီတော့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းသော လူဖြတ်ကူး ခလုတ်မရှိတဲ့ ဖြတ်မျဉ်းတွေမှာ လူတွေ ဘယ်လိုကူးသလဲဆိုတာ စိတ်ဝင်စားကြမှာပါ။ လူရပ်နေတာ တွေ့ရင် ကားဟာ ရပ်ပေးပြီး လူကူးတာ ပြီးအောင် စောင့်ပြီးမှ မောင်းပါတယ်။ ကျွန်တော်ဟာ ခလုတ်မရှိတဲ့ လူကူးမျဉ်းကြား အစ ပလက်ဖောင်းပေါ်မှာ ရောက်တတ်ရာရာ ရပ်ပြီး ဖုန်း အင်တာနက်သုံးနေတဲ့အခါ ကားတွေက ရပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့က ကျွန်တော်ကူးမယ်လို့ ထင်လို့ပါ။

အချို့နေရာမှာ စည်းကမ်းဖောက်ပြီးတော့ လူတွေ ကားလမ်းကို မြင်တဲ့နေရာမှာ ဖြတ်ကူးတာမျိုးလည်း ရှားပေးမယ့် ရှိပါတယ်။ ဒါမျိုးကျတော့လည်း ကားများဟာ နားလည်မှုပေးပြီး အရှိန်လျော့ပေးတာမျိုး ရပ်တာမျိုး လုပ်ပေး ပါတယ်။ ဒါပေမယ့် အားလုံးနီးပါးက စည်းကမ်းလိုက်နာပြီး ဘယ်လိုပဲ ဟိုဘက်ကမ်းကို သွားချင် သွားချင် လူဖြတ်ကူးရန်နေရာကို တွေ့အောင် ရှာပြီးတော့ သွားကြ ကူးကြ ပါတယ်။
လူတွေဟာ စည်းကမ်းလိုက်နာပြီး ကားပေါ်က လူတွေဟာ လမ်းပေါ်က လူတွေကို ဦးစားပေးကြ ပါတယ်။ ဒီတော့ သွားရလာရတာ စိတ်ချမ်းသာပါတယ်။ ကားမောင်းသူများလည်း စိတ်ချမ်းသာသလို လမ်းပေါ်က လူတွေလည်း စိတ်ချမ်းသာပါတယ်။ အရှေ့ကကား ရပ်သွားလို့ အနောက်ကကားကလည်း ဟွန်းမတီးပါဘူး။ ကားကြပ်ပါတယ်ဆိုတဲ့ နယူးယောက်တို့ Seattle တို့မှာ ကားဟွန်းသံ မကြားခဲ့ရ ပါဘူး။ ကားလမ်း ဘယ်လောက်ပဲ ပိတ်ပိတ် စိတ်အေးအေးလူလူ၊ ငြိမ်သက်စာပဲ မောင်းနှင်ကြတဲ့ လူသားတွေ ဖြစ်ပါတယ်။ ကားပြိုင်မောင်းခြင်း၊ ကျော်တတ်ခြင်း၊ လမ်းနှစ်ခွယူခြင်း၊ အစရှိသဖြင့် မြန်မာပြည်မှာ လူအများလုပ်နေတဲ့ ဟာတွေ ဘာတစ်ခုမှ မမြင်ရပါဘူး။ သူတို့ကို မြန်မာပြည်ခေါ်လာပြီး ပြမယ်ဆိုရင် အခြားဂြိုလ်တစ်ခု ရောက်နေတယ်အလား ထင်ရသွားပါလိမ့်မယ်။ ဒီလောက်ပြောလိုက်လို့ မိမိတိုင်းပြည်ကို နှိမ်တယ်လို့ မထင်ပါနဲ့။
ယခု ဓာတ်ပုံကတော့ လူအရင်သွားသင့်လား ကားအရင်သွားသင့်လား သေချာ မသိလို့ ရိုက်ပြထားတဲ့ မြို့တော်ခန်းမ အနီး၊ AYA ဘဏ်အရှေ့က လူကူးဖြတ်မျဉ်း ဖြစ်ပါတယ်။ အခြား နေရာများစွာလည်း ရှိပါသေးတယ်။

အမှန်တကယ် မိမိတိုင်းပြည်က လူသားတို့ စိတ်ဓာတ်အရည်ချင်း တိုးတက်အောင်၊ စည်းကမ်းတစ်ကျ လိုက်နာအောင်၊ အုပ်ချုပ်စီမံသူများလည်း အများပြည်သူအတွက် ပိုမို စီမံလုပ်ပေးလာနိုင်အောင် စေတနာ မေတ္တာဖြင့် ဆန္ဒပြု ရေးသားလိုက်ရ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top