အစွန်းချွတ်ဆေးနဲ့ပိုးသတ်ထားတဲ့ Mask ကိုဝတ်မိလို့ မျက်နှာမှာဓာတုဆေးလောင်သွားတဲ့ သူနာပြုမလေး

12-5-2020-yyl-019.jpg

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတစ်ရုံမှာ ဓာတုဆေးနဲ့ ပိုးသတ်ထားတဲ့ PPE ကို ဝတ်ခဲ့တဲ့ သူနာပြုမလေးဟာ ဆေးရုံတက်နေရတယ်လို့ သိရပါတယ်။ အဲဒီသူနာပြုမလေး အိုဂါ အိုဗင်နီကိုဗာက သူ့ရဲ့အလုပ်ခွင်မှာ အစွန်းချွတ်ဆေးနဲ့ ပိုးသတ်ထားတဲ့mask ကို ဝတ်ဆင်ပြီးတဲ့နောက်မှာ သူ့ရဲ့မျက်နှာက ဓာတုဆေးလောင်တာကို ခံစားခဲ့ရပါတယ်။ သူက Karabanovo Town Hospital မှာ အလုပ်လုပ်တာဖြစ်ပြီး PPE တွေ တော်တော်လေးပြတ်လတ်နေတဲ့အတွက် အဲဒီလိုMask တွေကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကြိမ်ပေါင်းများစွာ ဝတ်ဆင်ခဲ့ရပါတယ်။ Mask တွေကို ပြန်ပြီးအသုံးမပြုခင်မှာ ကလိုရင်းပါဝင်တဲ့ အစွန်းချွတ်ဆေးတွေနဲ့ ပိုးသတ်ထားတာဖြစ်ပါတယ်။

ပိုးသတ်ပြီးနောက် Mask မှာ ကျန်ခဲ့တဲ့ အဆိပ်သင့်ဓာတုဆေးတွေကြောင့် သူ့မျက်နှာ ပျက်စီးရတာဖြစ်တယ်လို့ အိုဂါက ဆိုပါတယ်။ “တစ်ခါသုံး Mask နဲ့ ဝတ်စုံတွေကို ကလိုရင်းပါဝင်တဲ့အစွန်းချွတ်ဆေးနဲ့ လျှော်ဖွတ်ပြီး ပြန်အသုံးပြုဖို့အတွက် ဆေးရုံဝန်ထမ်းတွေကို ပေးတာပါ။ ကျွန်မ တာဝန်ချိန်ရောက်ပြီး တစ်နာရီအကြာမှာ မျက်နှာမှာ အသားလောင်သလို ခံစားခဲ့ရပါတယ်။ စည်းမျဉ်းတွေကြောင့် ကျွန်မ Mask ကို မချွတ်ဘဲ အလုပ်ချိန်တွေကို သည်းခံကျော်ဖြတ်ခဲ့ပါတယ်။ ကျွန်မ အလုပ်ချိန်ပြီးသွားတော့ mask ကို ချွတ်လိုက်တဲ့အခါမှာ ထိခိုက်ဒဏ်ရာရနေတဲ့မျက်နှာကို ကျွန်မတွေ့ရတာပါပဲ” လို့ အိုဂါက ပြောပါတယ်။ အဲဒီမတော်တဆမှုကို ဆေးရုံကို ပြောပြီး ဆေးဘက်ဆိုင်ရာအကူအညီပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အိမ်ကို ပြန်ပို့ခဲ့တယ်လို့ အိုဂါက ဆိုပါတယ်။

“နောက်နေ့ မနက်မှာ ကျွန်မရဲ့အခြေအနေ ဆိုးရွားခဲ့ပြီး အရေပြားဆရာဝန်ဆီသွားပြခဲ့ပါတယ်။ သူက ကျွန်မကို စစ်ဆေးပြီး ဓာတုဆေးလောင်တာလို့ ပြောပါတယ်။ နာရီတော်တော်ကြာမှ ကျွန်မ အသက်ရှုရခက်လာပြီး မျက်နှာက ပြင်းပြင်းထန်ထန် နာကျင်ရောင်ရမ်းလာခဲ့ပါတယ်။ ကျွန်မကို မိဘတွေက မော်စကိုက ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ကျွန်မတစ်ယောက်တည်းဖြစ်တာတော့မဟုတ်ပါဘူး။ အခြားသူတွေလည်းဖြစ်ပါတယ်။ ဒီMask တွေကို တစ်ခါပဲအသုံးပြုရပါမယ်” လို့ အိုဂါက ပြောပါတယ်။ ဆေးရုံဖွင့်ထားတဲ့ အီမာနူရယ် ဇီဒန်နိုစကီကတော့ Mask တွေကို ပိုးသတ်ဖို့အတွက် အစွန်းချွတ်ဆေးအသုံးပြုတာကို ငြင်းဆိုထားပါတယ်။ သူ မီဒီယာကို ပြောတာကတော့ “ကျွန်တော်တို့ Mask နဲ့ အကာအကွယ်ပစ္စည်းတွေကို ပိုးသတ်ဖို့အတွက် အစွန်းချွတ်ဆေးမသုံးပါဘူး”တဲ့။ ဒါပေမဲ့ စစ်ဆေးကြည့်တဲ့အခါမှာ ဥပဒေနဲ့မညီညွှတ်တာတွေတွေ့ရှိခဲ့ရပါတယ်။

ပြည်တွင်းစုံစမ်းရေးမှူးရုံးက “ကျန်းမာရေးအာဏာပိုင်တွေနဲ့ ဆေးရုံအုပ်ချုပ်ရေးတို့က ဆေးရုံဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရတဲ့ mask တွေ ပေးဖို့ ပျက်ကွက်ခဲ့တယ်။ ပြတ်လတ်မှုတွေဖြစ်တဲ့အတွက် တစ်ခါသုံးmask နဲ့ PPE တွေကို ပိုးသတ်ပြီး ပြန်သုံးကြရပါတယ်။ ဓာတုဆေးနဲ့ ပိုးသတ်ထားတဲ့Mask ကို ဝတ်မိလို့ သူနာပြု တစ်ယောက် သူ့ရဲ့မျက်နှာမှာ ဓာတုဆေးလောင်ခဲ့တာလို့ စုံစမ်းစစ်ဆေးချက်က ပြပါတယ်။ အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းနှစ်ယေက်လည်း PPE ပြတ်လတ်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်” လို့ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ရုရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ (၂၂၁၃၄၄) ဦးနဲ့ သေဆုံးသူ (၂၀၀၉) ဦးရှိနေပြီဖြစ်ပါတယ်။

Ref: Nurse’s face chemically burned after ‘wearing mask sterilised with bleach’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top