COVID-19 ကြောင့် ငွေကြေးအကျပ်အတည်းရှိနေပြီး ကားဝပ်ရှော့မှာ အကူဝင်လုပ်နေတဲ့ စိုးမင်းအောင်

WLC:11 Battle Bones မှာ ပရိသတ်လက်ခုပ်သံတွေ သိမ်းကျုံးယူခဲ့သူကတော့ စိုးမင်းအောင်ပါပဲ။ အရှောင်အတိမ်း သေသပ်သလို အဝင်အထွက် ပါးနပ်တဲ့ စိုးမင်းအောင်က ကမ္ဘောဒီးယားဖိုက်တာ ဆော့ရစ်သ်ကို ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ယူပြီး ဂျွမ်းထိုးအောင်ပွဲခံလိုက်တော့ သိမ်ဖြူရုံ တစ်ရုံလုံး လက်ခုပ်သံ သောသောညံသွားခဲ့ပါတယ်။

ထိုင်း- မြန်မာ နယ်စပ်မှာ မွေးဖွားခဲ့တဲ့ မြန်မာ့သွေး၊ မြန်မာနွယ် စိုးမင်းအောင်ဟာ ၁၀ နှစ်ကျော် ကွဲကွာနေတဲ့ ဖခင်နဲ့ ပြန်ဆုံစည်းရေးဆိုတဲ့ မျှော်လင့်ချက်ကတစ်ဖက်၊ WLC ချန်ပီယံရွှေခါးပတ် ပိုင်ဆိုင်ရေးဆိုတဲ့ ရည်မှန်းချက်က တစ်ဖက်နဲ့ ခရီးဆက်နေသူပါ။ ဒါပေမဲ့ COVID-19 ကပ်ရောဂါကြောင့် လက်ဝှေ့ကလပ် ပိတ်ထားရချိန်မှာ စိုးမင်းအောင်က ဘန်ကောက်မြို့အနောက်ဘက် ၇၆ မိုင်ကွာဝေးတဲ့ ကန်ချနာဘူရီမြို့က သူ့အမေအိမ်မှာ ပြန်နေပြီး သူ့အမေကို ဝိုင်းကူနေပါတယ်။ ၁၁ နှစ်သားအရွယ်ကတည်းက မွေထိုင်းအားကစားကို တစ်စိုက်မတ်မတ် ဖက်တွယ်ခဲ့တဲ့ စိုးမင်းအောင်ဟာ ပုံမှန်အတိုင်းဆိုရင် တစ်ရက်မှာ ၇ နာရီလောက် လေ့ကျင့်ပေမဲ့ အခုအခါမှာတော့ လေ့ကျင့်မှု ပြတ်နေပြီး ကားဝပ်ရှော့တစ်ခုမှာ ဝိုင်းကူလုပ်ပေးနေတာ တစ်ပတ်လောက်ရှိပြီလို့ ဆိုပါတယ်။ စိုးမင်းအောင်နဲ့ စကားစမြည်ပြောဖြစ်တာကို ရိုးရာလေးပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Q – စိုးမင်းအောင်ရေ မင်္ဂလာပါ။ COVID-19 ကာလမှာ ဘာတွေ လုပ်ဖြစ်လဲ။

ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ဘူး။ ကားဝပ်ရှော့မှာ ဝိုင်းကူပေးနေတာ တစ်ပတ်လောက်ပဲ ရှိသေးတယ်။

Q – WLC 11: Battle Bones ပြီးကတည်းက ပွဲဝေးနေတာနော်။ ဒီကာလမှာ လေ့ကျင့်မှုရော လုပ်ဖြစ်လား။

လေ့ကျင့်မှုလည်း မလုပ်ဖြစ်ပါဘူးဗျာ

Q – ပွဲမရှိလို့ မိသားစုကို မထောက်ပံ့နိုင်ဘူးလို့ သတင်းကြားတယ်။ ထိုင်းနိုင်ငံသားမဟုတ်လို့ ထိုင်းအစိုးရ ထောက်ပံ့တာမရဘူးဆို။ ထိုင်းနိုင်ငံသား လျှောက်ထားလား။

အိမ်ကို ငွေမထောက်နိုင်တာ အမှန်ပဲ။ ထိုင်းနိုင်ငံသားဖြစ်ခွင့် မလျှောက်ဖူးဘူး။

Q – ဒီကာလအတွင်း မြန်မာနိုင်ငံမှာ အခြေချဖို့ရော တွေးဖြစ်သေးလား။

မြန်မာနိုင်ငံမှာ အိမ်လေးတစ်လုံးလောက်တော့ ရှိချင်တယ်ဗျာ။ ဒါပေမဲ့ ဘာလုပ်ရမှန်း မသိသေးပါဘူး။

Q – WLC ရဲ့ ၂ နှစ်စာချုပ်အရ လစဉ်ထောက်ပံ့ငွေရတယ်လို့ သိရပါတယ်။ အခုလက်ရှိ စားဝတ်နေရေး အခြေအနေကရော ဘယ်လိုလဲ။ ဘယ်နှစ်လလောက် တောင့်ခံနိုင်ဦးမလဲ။

အခုတော့ တခြားဝင်ငွေမရှိဘူးလေ။ WLC ကရတဲ့ လစဉ်ထောက်ပံ့ကြေးကိုပဲ ထိုင်စားနေရတာပေါ့ဗျာ။ (WLC ရဲ့ ၂ နှစ်စာချုပ်အရ စိုးမင်းအောင်ကို လစဉ်လတိုင်း ဘတ်ငွေ ၃၀၀၀( မြန်မာငွေ ၁၃၂၅၈၀ ကျပ်) ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်)

Q – ၁၁ နှစ်အရွယ်ကတည်းက မွေထိုင်း လေ့ကျင့်ခဲ့တာဆိုတော့ ဒီလောကထဲ ဘယ်လိုရောက်လာတာလဲဆိုတာ သိပါရစေ။

ကျွန်တော့်သူငယ်ချင်းခေါ်လို့ လိုက်ကစားဖြစ်သွားတာ။ အဲဒီ‌နေ့က ကျွန်တော့်သူငယ်ချင်းအိမ်မှာ ကစားနေရင်း ညနေဘက်ရောက်တော့ ကလပ်က လူတွေက သူ့ကို လာခေါ်တယ်။ နည်းပြလည်း ပါလာတယ်။ အဲဒါနဲ့ သူငယ်ချင်းက လိုက်ခဲ့ပါလား၊ မင်းပါလာရင် အဖွဲ့တောင့်သွားတာပေါ့လို့ ပြောတာနဲ့ လိုက်လေ့ကျင့်ဖြစ်သွားတာ။

Q – ၁၀ နှစ်ကျော် ကွဲကွာနေတဲ့ ဖခင်ကို ရှာဖွေနေတယ်လို့ သတင်းကြားပါတယ်။ ဖခင်နဲ့ရော အဆက်အသွယ်ရပြီလား။

WLC မှာ ထိုးတော့ ကျွန်တော့်အဖေ မြန်မာနိုင်ငံကို ပြန်ရောက်လာမယ်လို့ ထင်တာပေါ့။ အဖေ့နဲ့ ပြန်တွေ့ချင်တယ်ဗျာ။ COVID-19 မတိုင်ခင်တုန်းကတော့ ကြားလူတစ်ယောက်က အဖေ့ကို တွေ့လိုက်တယ်ဆိုပြီး တစ်ခါ လှမ်းဆက်သွယ်ဖူးတယ်။

Q – အခုက အမေ့အိမ်မှာ ပြန်နေနေပြီး အမေ့ကို ဝိုင်းကူနေတယ်လို့ သိရပါတယ်။ လက်ဝှေ့ကလပ် ပြန်ဖွင့်တာနဲ့ ကလပ်ကို ပြန်ဖြစ်မလား။ အမေ့အိမ်မှာ ဆက်နေဖြစ်မလား။

အခုတော့ အမေနဲ့ အတူတူနေတယ်။ ဘာလုပ်ရမှန်း မသိသေးဘူးဗျာ။ လောလောဆယ် ဘာမှစဉ်းစားလို့ မရသေးဘူးဖြစ်နေတယ်။

Q – ခင်ဗျားရဲ့ အနာဂတ်အစီအစဉ်ကိုလည်း သိပါရစေ။

WLC နဲ့ပဲ ရှေ့လျှောက် လက်တွဲသွားမယ်

Q – WLC ပွဲဦးထွက်မှာ မြန်မာပရိသတ်တွေက ခင်ဗျားကို တစ်ခဲနက် အားပေးခဲ့တယ်နော်။ မြန်မာပရိသတ်တွေကို ဘာပြောချင်လဲ။

ကျွန်တော်က ထိုင်းမှာနေတာဆိုတော့ ကျွန်တော့်ကို အားပေးတဲ့ မြန်မာပရိသတ် အဲ့လောက်ရှိမှန်းမသိဘူးဗျ။ ကျွန်တော့်ကို အားပေးလို့ ကျေးဇူးတင်ပါတယ်။ WLC ရဲ့ လက်ဝှေ့ချန်ပီယံခါးပတ် ပိုင်ဆိုင်နိုင်အောင် ကြိုးစားသွားမယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top