စက်တင်ဘာ ၂၅ ရက်တွင် တင်ဆက်မည့် WLC-14 ၌ အန်တိုနီယိုဖာရဲရား ချန်ပီယံခါးပတ် ကာကွယ်မည်

4-9-2020-yyl-032.jpg

ကမ္ဘာ့အဆင့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲများစီစဉ်နေသည့် အကြီးဆုံးအဖွဲ့အစည်းဖြစ်သော WLC သည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပရိသတ်မပါသော နိုင်ငံတကာပွဲတစ်ပွဲ တင်ဆက်သွားမည်ဖြစ်သည်။ WLC: Lethwei Showcase ဟု အမည်ပေးထားသော WLC 14 ခေါင်ပွဲတွင် လိုက်ဝယ်လ်တာဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ အန်တိုနီယိုဖာရဲရားကို စပိန်ဖိုက်တာ ဖရန်စစ္စကိုမီညာလက်စ်က စိန်ခေါ်ထိုးသတ်မည်ဖြစ်သည်။

WLC: Lethwei Showcase ကို စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန်ညနေ ၆:၃၀ နာရီတွင် မြန်မာနိုင်ငံအတွင်း Canal+ က ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေးအားကစားများ၏ နာမည်ကျော်ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်သော UFC Fight Pass ကလည်း ပြသသွားမည်ဖြစ်ကာ အခြားနိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်သည်။


WLC ဥက္ကဌ ဦးဇေသီဟက ယခုပွဲနှင့်ပတ်သက်၍ ” မြန်မာ့ရိုးရာလက်ဝှေ့ပွဲစီစဉ်တဲ့ အကြီးဆုံးအဖွဲ့အစည်းအဖြစ် ကမ္ဘာ့အဆင့်လက်ဝှေ့ဖိုက်တာတွေကို ကမ္ဘာသိအောင်ထုတ်ဖော်ပြနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ WLC: Lethwei Showcase ကတော့ ခပ်ကြမ်းကြမ်းထိုးသတ်တတ်တဲ့ စပိန်ဖိုက်တာဖရန်စစ္စကိုမီညာလက်စ်နဲ့ လက်ရှိချန်ပီယံ WLC အလဲထိုးဘုရင် အန်တိုနီယိုဖာရဲရားတို့ကြောင့် မမေ့နိုင်စရာည ဖြစ်ပါလိမ့်မယ်။ ဒီပွဲနဲ့အတူ တခြားပွဲကောင်းတွေလည်း ပါဝင်လာမှာပါ” ဟု ပြောကြားခဲ့သည်။

အန်တိုနီယိုဖာရဲရား

WLC သမိုင်းတစ်ယောက် အလဲထိုးနိုင်ပွဲအများဆုံးရထားသောဖိုက်တာဖြစ်ပြီး ၃ ပွဲကစားပြီးချိန်အထိ အမှတ်ပေးဆုံးဖြတ်ချက်အထိ မရောက်ရှိခဲ့သော လက်ဝှေ့သမားဖြစ်သည်။ ဖာရဲရားထိုးသတ်ခဲ့သောပွဲများမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလက်ဝှေ့ပွဲများတွင် အပါအဝင်ဟု သတ်မှတ်ခံရပြီး WLC: Mighty Warriors တွင် စောထူးအောင်ကိုအလဲထိုးအနိုင်ယူ၍ WLC လိုက်ဝယ်လ်တာဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ကာ ယခုပွဲတွင် ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ်ကာကွယ်ထိုးသတ်မည်ဖြစ်သည်။

ဖရန်စစ္စကိုမီညာလက်စ်

တရုတ်ကိုယ်ခံပညာစုံလောကနှင့် ကစ်ဘောက်ဆင်ပြိုင်ပွဲများတွင် နာမည်ကျော်ကြားသောဖိုက်တာဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကြာ တိုက်ခိုက်ရေးအားကစားသမားဘဝတွင် ပြိုင်ပွဲစုံ ပွဲ ၆၀ ထိုးသတ်ထားသူဖြစ်သည်။ ဖရန်စစ္စကိုမီညာလက်စ်မှာ Vale Tudo ပြိုင်ပွဲများတွင် ဆယ်ကျော်သက်အရွယ်ဖြင့် ကစားသမားဘဝစတင်ခဲ့ပြီး နောက်ပိုင်းတွင် ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမားဘဝသို့ကူးပြောင်းကာ ယခုပွဲတွင် WLC ကမ္ဘာ့လက်ဝှေ့ချန်ပီယံဘွဲ့အတွက် စိန်ခေါ်ထိုးသတ်မည်ဖြစ်သည်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top