ဘန်လေကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ မန်စီးတီးတိုက်စစ်မှူး အဂွေရိုရာသီကုန်အထိ အနားယူရမလားဆိုတာ စိုးရိမ်မိတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောပါတယ်။ အဂွေရိုဟာ ပထမပိုင်းမှာ ဘန်လေအသင်းခေါင်းဆောင် ဘန်မီးရဲ့ ဖျက်ထုတ်မှု ကြုံတွေ့ခဲ့ပြီး ခြေထောက်ထော့နဲ့ ထော့နဲ့ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဂွေရိုဟာ ပိတ်ဆို့မှု ပြန်ဖြေလျှော့ပြီးချိန်ကတည်းက ဒူးဒဏ်ရာ ကြုံနေရတယ်လို့ ဂွာဒီယိုလာက ဆိုပါတယ်။
အသက် ၃၂ နှစ်ရှိတဲ့ အဂွေရိုဟာ သူ့ရဲ့ဒဏ်ရာကို ဒီနေ့ စစ်ဆေးမှုခံယူမှာဖြစ်ပြီး လာမယ့်ပွဲစဉ်အနည်းငယ်ကို လွဲချော်ရမှာ သေချာတယ်လို့ ဂွာဒီယိုလာက အတည်ပြုပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပါအဝင် ရာသီကုန်အထိ အနားယူရမလားဆိုတာ စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ” အခြေအနေကောင်းပုံတော့ မရဘူး။ မနက်ဖြန်တော့ သူ ဘယ်လိုဖြစ်လဲဆိုတာ အတိအကျသိရမှာပါ။ ဒီရာသီအတွက်တော့ သိပ်မဟန်ပုံပဲ။ ပြီးခဲ့တဲ့လကတည်းက ဒူးဒဏ်ရာကြောင့် သူ ရုန်းကန်နေရတာပါ။ ဆရာဝန်ကတော့ အချိန်ယူရမယ်ပြောတယ်။ ပွဲနည်းနည်းနားရမှာတော့ သေချာတယ်”လို့ ဂွာဒီယိုလာက ပြောပါတယ်။
Nz ( ရိုးရာလေး)