ငါ့ဝမ်းပူဆာ မနေသာလို့ ကိုဗစ်လူသေတွေရဲ့အလောင်း လိုက်ကောက်သူများ

22-7-2020-yyl-028.jpg

ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေ လိုက်သယ်ရတဲ့အလုပ်ကို ဘယ်သူကများ လုပ်ချင်ပါ့မလဲ။ ကိုယ့်ကိုယ် ဘယ်အချိန် ရောဂါကူးမလဲဆိုတာ စိုးရိမ်ရသေးတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၂ ယောက်ကတော့ မိသားစု စားဝတ်နေရေး အဆင်ပြေစေဖို့ ပီရူးနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေ လိုက်သယ်ပေးတဲ့အလုပ် လုပ်နေရပါတယ်။ ဗာဂတ်စ်နဲ့ ဟိုဆေးကာပါတို့ဟာ တစ်နေ့ကို ၁၉ နာရီလောက်အထိ အလုပ်လုပ်ရပြီး နားရက်မရှိပါဘူး။

” ကျွန်တော်တို့ ရောဂါကူးခံရပြီး အိမ်ကို ရောဂါပိုးပါသွားမှာ ကြောက်မိတယ်။ အိမ်မှာ ကျွန်တော့်အမေရယ်၊ မိန်းမနဲ့ ကလေးတွေရယ် ရှိတယ်လေ”လို့ ဗာဂက်စ်က ပြောပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ ဗာဂက်စ်ဟာ ဗင်နီဇွဲလားနိုင်ငံမှာ နေတုန်းက ဈာပနလုပ်ငန်း လုပ်ခဲ့ဖူးပေမဲ့ ပီရူးနိုင်ငံကို ရောက်လာပြီးနောက်ပိုင်း ဓာတ်ငွေ့ကုမ္ပဏီတစ်ခုမှာ ယာဉ်မောင်းအဖြစ် အလုပ်လုပ်ခဲ့သူပါ။ အသက် ၂၁ နှစ်ပဲရှိသေးတဲ့ ဟိုဆေးကာပါကတော့ ပီရူးနိုင်ငံကို မရောက်ခင် ဂရက်ဖစ်ဒီဇိုင်း သင်ကြားခဲ့ပေမဲ့ ပီရူးကိုရောက်တော့ ဘားဆိုင်မှာ ဝိတ်တာ ဝင်လုပ်တယ်၊ ဘားကိုင်အဖြစ်လည်း လုပ်သေးတယ်။ ဒါပေမဲ့ တောင်အမေရိကတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာချိန်မှာတော့ ခရီးသွားတွေ ပျောက်ကွယ်သွားပြီး လူသေတွေကို သဂြိုဟ်ပေးရတဲ့ အလုပ်အကိုင်က နေ့ချင်းညချင်း အားကောင်းလာခဲ့ပါတယ်။

” အလုပ်မရှိတာ သုံးလရှိပြီ။ ကျွန်တော်တို့ စားစရိတ်၊ အိမ်ငှားစရိတ် လိုတယ်။ ဗင်နီဇွဲလားက အိမ်ကိုလည်း ပိုက်ဆံပြန်ပို့ရသေးတယ်။ ဒီအလုပ်က တော်တော်ခက်ခဲပါတယ်။ ဒါပေမဲ့ ငါ့ဝမ်းပူဆာ မနေသာဆိုတဲ့ ဆိုရိုးစကားလိုပေါ့”လို့ ဗာဂတ်စ်က ပြောပါတယ်။ ဗာဂတ်စ်နဲ့ ဟိုဆေးကာပါတို့ဟာ အလောင်းသယ်တဲ့အလုပ်ကနေ တစ်လကို အမေရိကန်ဒေါ်လာ ၅၀၀ ရပါတယ်။ ဒါဟာ ပီရူးနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာရဲ့ နှစ်ဆနီးပါး ရှိပါတယ်။ ပီရူးနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ စောစောစီးစီး လုပ်ဆောင်ခဲ့ပေမဲ့ ဗိုင်းရပ်စ်က တောမီးလို ပျံ့နှံ့သွားပြီး ကူးစက်ခံရသူ ၃၅၃,၀၀၀ ကျော် ရှိနေပါတယ်။ ဗာဂတ်စ်နဲ့ ဟိုဆေးကာပါတို့ ရောက်သွားတဲ့အိမ်တိုင်းမှာ ကြုံရတဲ့မြင်ကွင်းကတော့ တစ်မျိုးတည်းပါပဲ။

ကိုယ်ချစ်ရတဲ့သူတွေကို ဆုံးရှုံးခဲ့ရလို့ မိသားစုတွေ ငိုကြွေးနေကြတဲ့ မြင်ကွင်းပါ။ သူတို့က မိသားစုတွေကို လေးစားမှုထားပြီး ရုပ်အလောင်းတွေကို တတ်နိုင်သလောက် မြန်မြန်သွက်သွက် သယ်ပေးကြပါတယ်။ သူတို့သယ်ရတဲ့ ရုပ်အလောင်းအများစုကတော့ ဆင်းရဲသားရပ်ကွက်တွေမှာ သွားသယ်ပေးရတာပါ။ မိသားစုတွေက ဈာပန အခမ်းအနားစီစဉ်ပေးမယ့် အကျိုးဆောင်ငှားဖို့ ငွေကြေးမတတ်နိုင်ဘူး။ ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃,၀၀၀ ကျော်ရှိနေပြီး ပြည်သူ့ကျန်းမာရေးစနစ်ကလည်း ပြိုလဲလုနီးပါး ဖြစ်နေပါတယ်။ ဆင်းရဲသားတွေကတော့ ဘဝတစ်ပါးကို ကူးပြောင်းရချိန်အထိ ချို့တဲ့စွာ၊ နွမ်းပါးစွာနဲ့ပေါ့။

အသက် ၆၃ နှစ်အရွယ်ရှိတဲ့ ရာအူးလ်မှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေ ပြလာပြီး နာမကျန်းဖြစ်လာလို့ သူ့ရဲ့မိသားစုက အရေးပေါ်လူနာတင်ကား ခေါ်ခဲ့ပေမဲ့ လူနာတင်ကား ရောက်မလာခဲ့ပါဘူး။ သူ့မိသားစုကတော့ သူသေသွားတာကို ထိုင်ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။ အဲဒီညမှာပဲ ဗာဂတ်စ်နဲ့ ဟိုဆေးကာပါတို့က ရာအူးလ်ရဲ့အိမ်ကို ရောက်လာပြီး သူ့အလောင်းကို အိပ်ရာခင်းနဲ့ပတ်ပြီး သယ်ခဲ့ကြပါတယ်။ ခွေးတွေ အူနေကြတဲ့ မှောင်မည်းမည်း လမ်းကျဉ်းလေးထဲမှာ ရာအူးလ်ရဲ့အလောင်း ထည့်ထားတဲ့ အိတ်အနက်ကြီးကို သူတို့ရဲ့ဗန်ကားနောက်ထဲထည့်ပြီး မီးသဂြိုဟ်စက်ဆီ မောင်းထွက်ခဲ့ကြပါတယ်။ လီမာမြို့ရဲ့ အယ်အန်ဂျယ်သုဿန်ရဲ့ မီးသဂြိုဟ်စက်မှာ အလောင်းတွေကို သဂြိုဟ်ပေးနေသူ တော်တော်များများက ဗင်နီဇွဲလားနိုင်ငံသားတွေပါ။

” ပီရူးနိုင်ငံသားတွေက ဒီအလုပ် မလုပ်ကြဘူး။ ဒီအလုပ်က ပင်ပန်းတယ်လေ”လို့ ပြောလာသူကတော့ ဗင်နီဇွဲလားနိုင်ငံသား အာတီဂါပဲ ဖြစ်ပါတယ်။ သူ့မှာ ကလေး ၄ ယောက်ရှိတယ်။ ၃ ယောက်က ဗင်နီဇွဲလားမှာ ကျန်ခဲ့ပြီး ၂ နှစ်သမီးလေးကတော့ သူနဲ့အတူ ပီရူးနိုင်ငံကို ပါလာတယ်။ ဗင်နီဇွဲလားမှာ ကျန်ခဲ့တဲ့ ကလေး ၃ ယောက်အတွက် သူ ငွေပြန်ပို့ပေးရတယ်လေ။ သူ့ဘဝမှာ လူသေတွေ ဒီလောက်များများ မြင်တွေ့ရလိမ့်မယ်လို့ မတွေးမိခဲ့ဖူးဘူး။ ဒါပေမဲ့ ငွေလိုတော့လည်း အလုပ်လုပ်ရတာပေါ့။ အာတီဂါ တာဝန်ယူထားတဲ့ မီးသဂြိုဟ်စက်တွေကတော့ မီးခိုးငွေ့တွေ အဆက်မပြတ် ထွက်လို့ပေါ့။ မီးသဂြိုဟ်စက်နားမှာတော့ ကတ်ထူအခေါင်းတွေ အပုံလောက် ရှိနေပါတယ်။ ”ဒီမှာရှိနေတဲ့ အလောင်းတွေက အကုန်မဟုတ်သေးဘူး။ တခြားနေရာမှာ ရှိသေးတယ်။ နေရာက မဆံ့ဘူး။ အပြင်မှာလည်း ထားလို့မရဘူးလေ”လို့ အာတီဂါက ဆိုပါတယ်။

ညမိုးချုပ်လာတော့ ဗာဂတ်စ်နဲ့ ဟိုဆေးကာပါတို့က အလောင်းတစ်ဒါဇင်ကျော်ကို လိုက်သယ်ပြီး မီးသဂြိုဟ်စက်ဆီ ပို့ပေးတယ်။ သူတို့နှစ်ယောက်လုံး အရမ်းပင်ပန်းနေကြပြီ။ ဒါပေမဲ့ အလုပ်တွေက မပြီးသေးဘူး။ ည ၁၁ နာရီထိုးတော့ ဗီလာမာရီယာဒဲထရီအန်ဖို ဆေးရုံကနေ ဖုန်းဆက်တယ်။ ဆေးရုံရင်ခွဲရုံမှာ အလောင်းတွေ မဆံ့တော့လို့ အလောင်း ၁၃ လောင်း လာသယ်ပြီး ပို့ပေးပါဦးလို့ ပြောလာတာပါ။ သူတို့က ဆေးရုံသွားပြီး စာရွက်စာတမ်းရဖို့ စောင့်နေတုန်း နှာခေါင်းစည်းတွေ၊ လက်အိတ်တွေကို ချွတ်ပြီး ခဏနားတယ်။ ဖော့ဘူးထဲကနေ ကြက်သားလေးတွေ နှိုက်စားကြတယ်။ သူတို့နှစ်ယောက် ဒီနေ့ တစ်လျှောက်လုံး ဒီတစ်ခါပဲ နားရသေးတယ်လေ။ သူတို့အတွက်တော့ အခုလို ပင်ပန်းဆင်းရဲတဲ့နေ့တွေဆိုတာ နေ့တဒူဝ ကြုံတွေ့နေရတဲ့ကိစ္စပါ။ ”တစ်ခါတလေဆိုရင် နံနက် ၂ နာရီ၊ ၃ နာရီထိုးမှ အိမ်ပြန်ရောက်တယ်။ ရေချိုးပြီး ထမင်းစားပြီးရင် နံနက် ၄ နာရီထိုးနေပြီ။ မနက် ၈ နာရီလောက်ဆိုရင် အိပ်ယာထပြီး အိမ်ကထွက်တယ်။ အဲဒီလိုနဲ့ပဲ နောက်တစ်နေ့ ထပ်ကုန်သွားတာပါပဲ”လို့ ဟိုဆေးကာပါက ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ နိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ စီးပွားရေးပြိုလဲခဲ့ပြီး ငွေကြေးအဆမတန် ဖောင်းပွမှု၊ အခြေခံစားသောက်ကုန်ပစ္စည်း ပြတ်လပ်မှု စတဲ့ ကစဉ့်ကလျား အခြေအနေတွေ ကြုံတွေ့ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ပြေးခဲ့တဲ့ နိုင်ငံသား ၅ သန်းလောက်ရှိတဲ့အနက် ၈၇၀,၀၀၀ ကတော့ ပီရူးနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ အဲဒီအထဲမှာ ဗာဂတ်စ်၊ ဟိုဆေးကာပါနဲ့ အာတီဂါတို့လည်း ပါတာပေါ့။ သေခြင်းတရားနဲ့ လက်ပွန်းတတီး ရှိခဲ့ပြီးနောက်မှာတော့ ဟိုဆေးကာပါတစ်ယောက် ဘဝရဲ့ အရေးပါတဲ့အတွေးအမြင်တစ်ခုကို နားလည်သဘောပေါက်သွားခဲ့ပါတယ်။ ဒါကတော့ နေ့တစ်နေ့ချင်းစီကို ကိုယ့်ဘဝရဲ့ နောက်ဆုံးနေ့လို သဘောထားပြီး ရှင်သန်သွားတာပါပဲ။

Ref: CNN ” Desperate for work, these immigrants collect the bodies of Covid-19 victims in Peru”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top