အံ့အားသင့်ဖွယ်လုပ်ဆောင်ချက်တွေပါဝင်လာပြီဖြစ်တဲ့ Google Assistant

08-google-assistant.w710.h473.jpg

ပြီးခဲ့တဲ့ရက်ပိုင်းက ဂူးဂဲလ်က တင်ဆက်ပြသမှုတွေပြုလုပ်တဲ့ပွဲမှာ ဂူးဂဲလ်ကဖန်တီးထားတဲ့ ဥာဏ်ရည်တုစနစ်ဟာ တကယ်ကိုအံ့အားသင့်စရာတစ်ခုအဖြစ် ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ ဥာဏ်ရည်တုစနစ်ကို သရုပ်ပြဗီဒီယိုနဲ့အတူ မိတ်ဆက်သွားခဲ့ပါတယ်။

သရုပ်ပြဗီဒီယိုထဲမှာ ဂူးဂဲလ်လက်ထောက် (ဂူးဂဲလ်က ဖန်တီးထားတဲ့ ဥာဏ်ရည်တုစနစ်) က ဆံပင်ညှပ်ဆိုင်ကို ကြိုတင်စာရင်းသွင်းမှုပြုလုပ်ဖို့ ဖုန်းဆက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဖုန်းလက်ခံပြောနေတဲ့ ဆံပင်ညှပ်ဆိုင်က အမျိုးသမီးက သူဟာ လူတစ်ဦးနဲ့ ဖုန်းပြောနေတာမဟုတ်ဘဲ ဥာဏ်ရည်တုစနစ်နဲ့ ဖုန်းပြောနေတယ်ဆိုတာ ရိပ်မိပုံမရပါဘူး။ ပုံမှန်လူတွေ ပြောနေသလို စကားအဖြတ်အတောက် မှန်ကန်မှုလည်း ရှိတဲ့အပြင် “အမ် ဟမ်း” လို့ သံယောင်ပြုမှုတွေကြောင့် ပွဲတက်ရောက်သူတွေဟာ တကယ်ကို သဘောကျနှစ်ခြိုက်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ နည်းပညာနယ်မြေမှာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့တောင် ပြောလို့ရပါတယ်။ တစ်ဘက်မှာလည်း လူ့ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ခြုံပြောရရင်တော့ ဂူးဂဲလ်ရဲ့ သရုပ်ပြဗီဒီယိုက အံ့ဩမှုနဲ့ စိုးရိမ်မှုကို ညီတူညီမျှ ပေးစွမ်းနိုင်ပါတယ်။

ဂူးဂဲလ်ရဲ့ဥာဏ်ရည်တုစနစ်က ပုံစံအမျိုးမျိုးဖြစ်နိုင်တဲ့ စားသောက်ဆိုင်နေရာကြိုမှာတာမျိုးကို လုပ်နိုင်တဲ့အကြောင်း သရုပ်ပြသွားပါသေးတယ်။ ဂူးဂဲလ်ကပညာရှင်တွေရဲ့ ပြောကြားချက်အရ ဒီဥာဏ်ရည်တုစနစ်က ကန့်သတ်ချက်တစ်ခုရှိတဲ့ စကားလုံးတွေကိုသာ ကောင်းကောင်းပြန်ပြောပေးနိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ဥပမာ – “စားပွဲလိုချင်ပါသလား။ ဘယ်နှယောက်စာအတွက်ပါလဲ။ ဘယ်နေ့အတွက်လဲ။ ဘယ်အချိန်အတွက်လဲ။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်” အစရှိတဲ့ စကားတွေကိုပါ။ တစ်ဘက် က နားကြားလွဲတဲ့ အချိန်မျိုးတွေမှာလည်း နောက်တစ်ကြိမ်ပြန်ပြောတာမျိုး ပြုလုပ်ပေးတာကို တွေ့ရပါတယ်။

ဒီနေ့ခေတ်မှာ အတော်များများသော စီးပွားရေးလုပ်ငန်းအငယ်စားတွေက အွန်လိုင်းကနေ ချိန်းဆိုမှုတွေ မလုပ်နိုင်ကြသေးပါဘူး။ ကျွန်တော်တို့တွေဟာ မအားမလပ်တဲ့ကြားထဲ ဖုန်းဆက် ချိန်းဆိုမှုပြုလုပ်ရတဲ့အခါ အချိန်တွေ အပိုကုန်ကြရပါတယ်။ ဒီပြဿာနာကို ဂူးဂဲလ်ဥာဏ်ရည်တုစနစ်က ဖြေရှင်းနိုင်မှာပါလို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ ဒီလိုဖုန်းဆက်ချိန်းဆိုမှုတွေ ပြုလုပ်ဖို့အတွက် ဥာဏ်ရည်တုစနစ်ရဲ့ အသံအနေအထားကို စက်ရုပ်အသံနဲ့ တူမနေအောင် သတိထားပေးဖို့တော့ အထူးလိုအပ်ပါတယ်။ ဒါမှသာ တစ်ဖက်က စက်ရုပ်နဲ့ ဖုန်းမပြောချင်လို့ ဖုန်းချသွားတဲ့အဖြစ်မျိုးကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

Ref : Tech Insider “New Google AI can have real-life conversations with strangers.”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top