အသံအိုးခွဲစိတ်မှုကြောင့် စကားမပြောနိုင်သူကို ကူညီပေးမယ့် ကိရိယာကို ဂျပန်လူငယ်အင်ဂျင်နီယာ တီထွင်

23-2-2022-yyl24.jpg

အသံအိုးကင်ဆာရောဂါကြောင့် အသံအိုး တစ်ခုလုံး (သို့) တစ်စိတ်တစ်ပိုင်း ခွဲစိတ်ဖယ်ရှားခဲ့ရသူတွေ စကားပြန်ပြောနိုင်စေဖို့ ဂျပန်လူငယ် အင်ဂျင်နီယာတစ်ဦးက အသံအိုးအတု တီထွင်ဖန်တီးနေပါတယ်။ အသံအိုးကင်ဆာကြောင့် ခွဲစိတ်မှု ခံယူခဲ့ရသူတွေရဲ့ အခက်အခဲတွေကို ကြားသိရချိန်မှာ တာကဲယူချီနဲ့ တိုကျိုတက္ကသိုလ်ရဲ့ ဘွဲ့ရလူငယ်တစ်စုက Syrinx လို့ အမည်ပေးထားတဲ့ ကိရိယာကို တီထွင်ခဲ့ကြတာပါ။

Syrinx ဆိုတာကတော့ စက်ကို လူတွေလို စဉ်းစားနိုင်အောင် ဖန်တီးထားပြီး ဝတ်ဆင်နိုင်တဲ့ အသံအိုးဖြစ်ပါတယ်။ ရှေးရိုးစဉ်လာ အသံပြုနေတဲ့ အသံအိုးတုနဲ့ Syrinx ရဲ့ ကွာခြားချက်ကတော့ အသံဖန်တီးမှုနည်းလမ်းပါပဲ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကတည်းက အသုံးပြုခဲ့တဲ့ ရှေးရိုးစဉ်လာ အသံအိုးတုဟာ အသံဖန်တီးတဲ့ လျှပ်စစ်တုန်ခါတံ (transducer) တစ်ခုပဲ ပါဝင်ပြီး Syrinx ကတော့ အသံလှိုင်းကြိမ်နှုန်း အမျိုးမျိုး ထုတ်လွှတ်နိုင်တဲ့ လျှပ်စစ်တုန်ခါတံ ၂ ခု ပါဝင်ပါတယ်။ အဲဒီအတွက် အသုံးပြုသူဟာ လျှာ၊ နှုတ်ခမ်း လှုပ်ရှားမှုတွေကနေ အသံထုတ်လွှတ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ရှေးရိုးစဉ်လာ အသံပြုနေတဲ့ အသံအိုးတုနဲ့ယှဉ်ရင် Syrinx က လူသားအသံနဲ့ ပိုတူတဲ့အသံမျိုး ထွက်စေနိုင်မှာပါ။

ဒါပေမဲ့ Syrinx ဟာ ပုံစံငယ်အဆင့်ပဲရှိသေးပြီး နည်းပညာပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲမှုတွေ လုပ်နေဆဲပါပဲ။ ” အစတုန်းကတော့ ကျွန်တော်တို့ မှတ်ဉာဏ်တု(AI)ကို သုံးခဲ့တယ်။ အခုလက်ရှိတော့ မသုံးဖြစ်သေးဘူး။ သိပ်မကြာခင်မှာ လူသားအသံနဲ့ ပိုတူတဲ့အသံတွေ ဖန်တီးဖို့ AI ကို ပြန်သုံးဖို့ ရှိပါတယ်” လို့ တာကဲယူချီက ပြောပါတယ်။ Syrinx ဟာ အသုံးပြုသူရဲ့ နဂိုအသံနဲ့ ချိန်ညှိပေးနိုင်စွမ်းရှိလို့ အသံမှတ်တမ်းရှိမယ်ဆိုရင် အသုံးပြုသူကို နဂိုအသံနဲ့ ပိုနီးစပ်တဲ့အသံမျိုး ထွက်အောင် လုပ်ပေးနိုင်မှာပါ။

ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်နှစ်တိုင်း အသံအိုးကင်ဆာကြောင့် ခွဲစိတ်မှုခံယူရသူ ၁၈၄,၀၀၀ ကျော် ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ Syrinx ဟာ ပုံစံငယ်အဆင့်မှာပဲ ရှိသေးပေမဲ့ အာရှတိုက်မှာတော့ အသိအမှတ်ပြု ခံထားရပြီး Microsoft Imagine Cup Asia Regional 2020 နဲ့ Japan Healthcare Business Contest 2021 တွေမှာ ဆု ရရှိထားပါတယ်။

Ref: CNN “This ‘artificial larynx’ prototype aims to give cancer survivors their own voices back”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top