ယဉ်ကျေးမှုသမိုင်းတွေဟာ အဖြောင့်အတိုင်း တွေးကြည့်ရင် ကျောက်ခေတ်မှာ ယဉ်ကျေးမှုအဆင့် အနိမ့်ဆုံးဖြစ်ပြီး တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲလာရာက ဒီဘက်ခေတ် ယဉ်ကျေးမှုကို ရောက်လာတယ်လို့ ဆိုပါတယ်။
ဒါဟာ ကျွန်တော်တို့ ပုံမှန်တွေးနေကျပါ။ ဟိုးအရင်ခေတ်ကဆို လေးထောင့်သေတ္တာလေးထဲက အရုပ်တွေ မြင်နေရတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ တွေးခဲ့ပေမဲ့ ဒီဘက်ခေတ်မှာတော့ လေးထောင့်သေတ္တာ TV တင် မကတော့ဘဲ လက်တစ်ဝါးစာ ဖုန်းလေးနဲ့တင် အရာရာ လွယ်ကူမြန်ဆန်တဲ့ အခြေအနေထိ ရောက်လာပါပြီ။ ဒါဟာ တိုးတက်ပြောင်းလဲလာခြင်းပါပဲ။ ဒီလိုဆို စောစောက ကျွန်တော်ပြောခဲ့တဲ့ နည်းပညာ အဆင့်အတန်းတွေက အရင်ခေတ်က နိမ့်ကျတယ်၊ တဖြည်းဖြည်း တိုးတက်လာရင်း ဒီဘက်ခေတ်ကို ရောက်လာတယ်ဆိုတာ မှန်တယ်လို့ ထင်စရာပါ။ သို့သော်…
ကျွန်တော်တို့ ငယ်ငယ်က ကျောင်းစာတွေမှာ သင်ကြားခဲ့ရဖူးပါတယ်။ ကမ္ဘာကြီးကို ဇောက်ထိုး မိုးမျှော်ဖြစ်အောင် ပြောင်းလဲပစ်ခဲ့တာ လျှပ်စစ်ဖြစ်ပြီး လျှပ်စစ်မီးကို ရှာဖွေတွေ့ရှိခဲ့သူ၊ တီထွင်ခဲ့သူဟာ သောမတ်စ် အယ်လ်ဗာ အက်ဒီဆင် (Thomas Alva Edison) ပါတဲ့။ တက်စ်လာ (Tesla) နဲ့ အက်ဒီဆင်ရဲ့ AC, DC တွေကို ခဏထားပြီး အဲဒီခေတ်မှ လျှပ်စစ်ကို စပြီး အသုံးပြုခဲ့တယ်ဆိုတာကို ကျွန်တော်တို့ ပြန်ကန်ငြင်းကြည့်ရအောင် .. ကျွန်တော်က ဒီလိုဆိုမယ်ဗျာ .. “မဟုတ်ဘူး။ လျှပ်စစ်ကို ဟိုး ခရစ်တော် မပေါ်မီ BC လောက်ကတည်းက သုံးခဲ့တာ” ဆိုရင် … စာဖတ်သူတွေထဲက လက်ခံတဲ့သူတွေလည်း ရှိမယ်။ လက်မခံသူတွေကတော့ ပိုများမှာပေါ့လေ .. ဘာလို့ဆို လျှပ်စစ်တွေ သူတို့အရင်ခေတ်က သုံးခဲ့ကြတာ မြင်မှ မမြင်ဖူးခဲ့ကြကိုးနော်..
(ဒါပေမဲ့ လျှပ်စစ်ငြိမ်ကို စတွေ့ခဲ့တာတော့ BC 600 လောက်ကတည်းကနော်.. ပယင်းချောင်းနဲ့ ကြောင်မွှေးကို တိုက်ပြီး ငှက်မွှေးတွေကို ဆွဲတဲ့ ကိစ္စလေ .. ဒီအကြောင်း တိုက်ဆိုင်ရင် နောက်မှ တင်ဆက်ပေးပါ့မယ် .. ခုတော့ ကျွန်တော့် ဦးတည်ရာပျောက်သွားမှာစိုးလို့ နဂိုမူရင်းစာကို ပြန်သွားကြရအောင်…)
ဒီစာရေးတဲ့သူ ရူးများနေသလားပေါ့ .. ဒါပေမဲ့ တကယ်ကို လျှပ်စစ်ကို ဟိုးအရင် BC တွေကတည်းက သုံးခဲ့ကြတာ အမှန်ပါ။ “အိုခေ .. ဒီလိုဆို သက်သေပြ .. လက်ခံနိုင်လောက်စရာ သီအိုရီရှိရင် မင်းပြောတာ ငါတို့ လက်ခံပေးမယ်” လို့ ဆိုကြမလား? ဟုတ်ကဲ့ .. ကျွန်တော့် သက်သေကတော့ ဘဂ္ဂဒက် ဘက်ထရီ (Baghdad Battery) တွေပါပဲ…
ပုံမှန်အားဖြင့် သမိုင်းစာမျက်နှာတွေမှာတော့ လျှပ်စစ်ကို BC ၆၀၀ မှာ ဂရိ တွေးခေါ်ပညာရှင် သေးလိစ် (Thales of Miletus) က စတင်တွေ့ရှိပြီး ၁၈၀၀ ပြည့်နှစ်မှာ ဘက်ထရီတွေ စပေါ်ခဲ့ပါတယ် လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ၁၉၃၆ခုနှစ်မှာတော့ ဂျာမန် ရှေးဟောင်းသုတေသနအဖွဲ့ရဲ့ ကောင်းမှုနဲ့ ဒါဟာ အငြင်းပွားစရာ ဖြစ်လာပါတော့တယ်။ အကြောင်းကတော့ KhuyutRab bou’a (ဘယ်လို အသံထွက်ရမလဲတော့ ကျွန်တော်ရှာကြည့်သေးတယ်။ မတွေ့ဘူးဗျ… ဆိုတော့ ဒီတိုင်းပဲ သည်းခံကြည့်ကြပါဗျာ.. နော..) ဆိုတဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က ရွာကလေးမှာ သုတေသနလုပ်ကြရင်း အိုးလေး တစ်အိုးကို တွေ့ရာက စတာပါပဲ။
ဒီအိုးလေးကို တွေ့စတုန်းကတော့ ဘာအိုးမှန်း မသိဘူးပေါ့လေ .. ကျွန်တော်ဆို ဆော့မှာ … အင်းလေ .. အရိုးအိုးမှန်းမသိ ဘာမှန်းမသိ .. သို့သော် သူတို့ကတော့ ရှေးဟောင်းသုတေသန ပညာရှင်တွေဆိုတော့ အရိုးအိုး မဟုတ်မှန်းတော့ တန်းသိကြတာကိုး .. ဆိုတော့ အိုးကလေးကို ခွဲခြမ်း စိတ်ဖြာကြပါတယ်။ အိုးရဲ့ ပုံစံကတော့ အမြင့် ၆လက်မ သာသာလောက်ရှိပြီး တောက်ပတဲ့ ရွှံ့စေးတွေနဲ့ ပြုလုပ်ထားတာပါတဲ့။ အိုးထဲမှာတော့ အရှည် ၅ လက်မ၊ အနံ ၁.၅ လက်မရှိတဲ့ ကြေးနီပြား တစ်ချပ်ကို ခွေပတ်ပြီး ထားထားပါတယ်တဲ့။ အဲဒီ ကြေးပြားခွေရဲ့ အစပ်မှာတော့ ခဲနဲ့သံဖြူ ၆၀:၄၀ အချိုးနဲ့ ရောထားတဲ့ သတ္တုစပ်တစ်မျိုးနဲ့ ဂဟေဆော်ထားတဲ့အပြင် ကြေးနီထုလုံးရဲ့ အောက်ခြေမှာ ကြေးနာပြားတွေ ထပ်ထပ်ပတ်ထားပြီး နှုတ်ခမ်းစပ်မှာတော့ ကတ္တရာနဲ့ ရေလုံအောင် ပိတ်ထားတာကို တွေ့ရပါတယ်။ ပြီးတော့ အဲဒီ ဆလင်ဒါရဲ့ အပေါ်ဘက်ထိပ်မှာ ကတ္တရာအလွှာနဲ့ လျှပ်ကာသဘောမျိုး ပိတ်ထားပြီး အပိတ်ရဲ့ အလယ်တည့်တည့်ကနေ သံချောင်းတစ်ခုကို ဆလင်ဒါ အလယ်ခေါင်တည့်တည့်ရောက်အောင် ထည့်သွင်းထားတာပါ။
ဒီမှာ သတိပြုရမယ့်အချက် တစ်ချက်နဲ့ ထူးခြားချက် တစ်ချက် ရှိပါတယ်။ သတိပြုရမှာကတော့ ဒီအိုးလေးရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က ဖြစ်ပြီး ထူးခြားတာက စောစောက အိုးထဲ ထည့်ထားတဲ့ သံချောင်းဟာ အက်စစ်စားပြီး သံချေးတက်နေတာပါ။
တွေ့တယ်ဆိုတော့ တွေ့တယ်ပေါ့ဗျာ .. သူတို့လည်း အမှတ်တမဲ့ပေါ့ .. အဲ .. အမှတ်မမဲ့တာက အီရတ် သမိုင်းပြတိုက်က ဒါရိုက်တာ ဝီးလ်ဟမ်းမ်ကိုးနစ်ဂ် (Wilhelm Konig) ပါ။ သူက ဒီအိုးကို ၁၉၃၈ ခုနှစ်မှာ စူးစမ်းလေ့လာခဲ့ပြီး တွေ့ရသမျှ အချက်တွေကို ၁၉၄၀ ခုနှစ်မှာ စာတမ်းအနေနဲ့ ထုတ်ဝေခဲ့ပါတယ်။ အဲဒီမှာ သိထားသမျှ သမိုင်းက ကပြောင်းကပြန်တွေ ဖြစ်ကုန်တော့တာပါပဲ။ သူ့အဆိုအရ ဒီအိုးဟာ ဒီနေ့ခေတ် ဘက်ထရီအိုးတွေလို ဓာတ်ပြုခြင်းနဲ့ လျှပ်စစ်ထွက်အောင်လုပ်တဲ့ ရှေးခေတ်က ဘက်ထရီတွေလို့ ဆိုပါတယ်။ နောက်ပိုင်းမှာလည်း အီရတ်မှာ ဒီလို အိုးငယ်လေးတွေကို အများအပြား တွေ့ရှိခဲ့ပါတယ်။ သက်တမ်း တွက်ကြည့်တော့ ဒီအိုးတွေက ဘီစီ ၂၄၈နဲ့ အေဒီ ၂၂၆ ကြားကာလတွေက အိုးတွေပါ။ ထူးဆန်းတာက ကျွန်တော်တို့ သမိုင်း ကပြောင်းကပြန်ဖြစ်သွားတဲ့ အဖြစ်ဟာ ဒီနေရာမှာတင် မရပ်သေးတာပါပဲ။
ကမ္ဘာမှာအစောဆုံး ယဉ်ကျေးမှု စတင်ထွန်းကားခဲ့တယ်ဆိုတဲ့ ဆူမားရီးယန်း (Sumerian civilization) တွေ အခြေချခဲ့တဲ့ ဒေသတွေမှာ တူးဖော် စမ်းသပ်မှုတွေ လုပ်တော့လည်း ဒီလိုအိုးမျိုးလေးတွေကို တွေ့ခဲ့ရပါတယ်။ ဒီအိုးတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ကျော် BC ၂၅၀၀ လောက်က သုံးခဲ့တဲ့ အိုးတွေပါတဲ့။ ကဲ .. ဒီလိုဆို အပေါ်က ဘဂ္ဂဒက် ဘက်ထရီ ကိစ္စရှင်းသွားပါပြီ။ သူတို့လည်း သူတို့ ရှေ့က လူကြီးတွေ၊ ယဉ်ကျေးမှုတွေကနေ ဆက်ခံ သုံးစွဲလာတာပဲပေါ့ .. အဲ ..မရှင်းတာက အက်စစ်ကိစ္စ ..
တကယ်လည်း ဒီလို ဘဂ္ဂဒက်ဘက်ထရီမျိုး ပုံတူလုပ်ပြီး စမ်းသပ်ခဲ့တဲ့အခါမှာ (ကော့ပါး ဆာလ်ဖိတ်ဖျော်ရည် ထည့်ပြီး) တကယ်ကို လျှပ်စစ်ဓာတ် .၅ ဗို့ လောက် ထွက်လာပါတယ်တဲ့။ ဒါဖြင့် ရှေးခေတ်က လူတွေက ကော့ပါး ဆာလ်ဖိတ်ဖျော်ရည် ဘယ်လိုရအောင်ရှာသလဲ? နှိမ်ပြောရရင် သူတို့ သိလို့လားပေါ့ တကယ်တော့ သူတို့တွေက ကိုယ်တွေထက် ဥာဏ်ရည်မြင့်ခဲ့ပြီးသား ဖြစ်ပုံရပါတယ်။ ကော့ပါးဆာလ်ဖိတ်ဖျော်ရည် မသုံးဘဲ လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ စပျစ်ရည် (သံပုရာရည်လို့လည်းဆို) ကို သုံးပြီး စမ်းသပ်တဲ့အခါမှာတော့ .၈၇ဗို့ လောက် ထွက်လာပါတော့တယ်တဲ့။
သမိုင်းအထောက်အထား အသစ်တွေ တွေ့လာတဲ့အခါ ရှိပြီးသား သမိုင်းဟောင်းကို ပြင်ကြရပါတယ်။ သို့သော် ဒီအဆင့်မှာ အငြင်းပွားမှုတွေ အပြင်းအထန်ဖြစ်ကြတာ ဓမ္မတာပါပဲ။ ဒီလို ဓာတ်အိုးတွေကို တွေ့လို့ ကျွန်တော်တို့မတိုင်ခင် ဟိုး နှစ်ထောင်ချီကတည်းက ဘက်ထရီကို သုံးလာတယ်ဆိုတာ လက်ခံနိုင်ဖွယ်ရာ ရှိပေမဲ့ ငြင်းနေတဲ့သူတွေတော့ ငြင်းနေကြဆဲပါပဲ။ ဒါပေမဲ့ ဘက်ထရီလောက်တင် မဟုတ်ဘဲ လျှပ်စစ်မီးလုံးကိုပါ ဟိုးအရင်ကတည်းက အသုံးပြုခဲ့ကြတယ်ဆိုရင် …
ဒီအကြောင်းကိုတော့ နောက်ထပ် ဆောင်းပါးတစ်ပုဒ်အနေနဲ့ တင်ဆက်ပေးဦးမှာမို့ စောင့်ပြီးဖတ်ဖို့ မမေ့ပါနဲ့နော် …
ကိုးကား – မဖြေရှင်းနိုင်သော ကမ္ဘာကျော်ပဟေဠိများ၊ WikiPedia “Baghdad Battery” , Discovery “Ancient Batteries”, Ancient Code “ 15 Things you should know about Baghdad Battery”
Angelic Demon (ရိုးရာလေး)
One Reply to “ရှေးလူတို့ရဲ့ ဘက်ထရီ”