ကျောင်းသားရဲ့ကလေးကို ချီပြီး စာသင်ခဲ့တဲ့ ရူပဗေဒပါမောက္ခ

ZDZ3UKCAKM4L5BHTMM65YFEDOY.jpg

ခရစ်စတန်း ဘလက်ခ် (Kristen Black) ဟာ ကလေးမွေးဖို့အတွက် ကျောင်းနားခဲ့ပါတယ်။ ကလေးမွေးပြီးတဲ့ အခါမှာတော့ ကျောင်းပြန်တက်ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ အနာဂတ်အလုပ်အကိုင်ဖြစ်တဲ့ မျက်စိစမ်းသပ်သူတစ်ယောက်ဖြစ်အောင် စာဆက်လက်လေ့လာချင်ခဲ့ပါတယ်။

ဒီနှစ် နွေဦးရာသီမှာ အာကန်ဆတ်ပြည်နယ် တက္ကသိုလ်ကို ဇီဝဗေဒအဓိက ဘာသာရပ်နဲ့ ကျောင်းပြန်တက်ဖို့ စာရင်းသွင်းခဲ့တဲ့အခါ ဘလက်ခ်က အသက် ၂၁ နှစ်ရှိပါပြီ။ အခုအချိန်မှာ ရှစ်လတောင် ရှိနေပြီဖြစ်တဲ့ သူတို့ရဲ့ကလေး အစ်ဇီ (Izzy) အတွက် သူနဲ့ သူ့ရဲ့ချစ်သူဟာ နေ့ဘက် ကလေးထိန်းတစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ ဘလက်ခ်က ရူပဗေဒမိတ်ဆက် သင်ခန်းစာကို လေ့လာဖို့ လိုအပ်ချက်ရှိနေခဲ့ပါတယ်။

ပါမောက္ခ ဘရုစ်ဂျွန်ဆင် (Bruce Johnson) က ကျောင်းသားတွေကို အိမ်စာကူလုပ်ပေးဖို့ တစ်ပတ်ကို နှစ်ကြိမ် အချိန်ပိုခေါ် ပါတယ်။ အတန်းတက်တဲ့ ကျောင်းသားအယောက် ၈၀ ရဲ့အများစုဟာ ဘာသာ ရပ်ပုစ္ဆာတွေက ခက်ခဲတာကြောင့် အပိုစာလေ့လာချိန်ကို တက်ရောက်ကြပါတယ်။ သူဟာ စာသင်ချိန်တွေအတွက် စာသင်ခန်းကြီးတွေကို ကြိုတင် ဘွတ်ကင်ယူထားပါတယ်။

ဒါပေမဲ့ ဘလက်ခ်က အစ်ဇီလေးကို ကလးထိန်းဆီကနေ ပြန်ခေါ်ရမှာမို့လို့ အတန်းမတက်နိုင်ပါဘူး။ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ သူ တက်တဲ့အတန်းကို သွားတက်ဖို့လိုနေပြီလို့ ခံစားရပါတယ်။ လာမယ့်စာမေးပွဲအတွက် အထောက်အကူ လိုချင်တာလည်း ဖြစ်ပါတယ်။ သူက မစ်စတာ ဂျွန်ဆင်ကို အစ်ဇီလေးကို ခေါ်လာလို့ ရမလားလို့ မေးခဲ့ပါတယ်။

“ကျွန်မ ဒီဘာသာရပ်ကို အရမ်း အားစိုက်နေရပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ကလေးရှိတဲ့အတွက်ကြောင့် မလာနိုင်တာပါ” လို့ ဘလက်ခ်က ပြောခဲ့ပါတယ်။ အဲဒီအခါ မစ်စတာ ဂျွန်ဆင်က ကလေးခေါ်လာဖို့ အဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်။ နှစ်နာရီစာသင်ချိန်ရဲ့ တစ်ဝက်လောက်မှာ မစ်စတာ ဂျွန်ဆင်ဟာ စာသင်ခန်းကို တစ်ပတ် ပတ်ကြည့်ပြီးတော့ ဘလက်ရဲ့ စားပွဲခုံအနားမှာ ရပ်လိုက်ပါတယ်။ အစ်ဇီလေးဟာ ကလေးလေးယောက်နဲ့ မြေးခုနစ်ယောက်ရှိတဲ့ မစ်စတာဂျွန်ဆင်ကို ပြုံးပြနေခဲ့ပါတယ်။

“ချစ်စရာကောင်းတဲ့ တစ်ယောက်ယောက်က ခင်ဗျားကို ပြုံးပြလိုက်တဲ့အခါ အဲဒီအပြုံးက ခင်ဗျားကို အရည်ပျော်သွားစေမှာပါ” လို့ မစ်စတာဂျွန်ဆင်က ဒီအပတ် အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ မစ်စတာဂျွန်ဆင်ဟာ ကလေးကို ချီနိုင်မလားလို့ မေးပြီးတော့ သူဟာ ကလေးကို လေယာဉ်ပျံပုံစံ စီးစေခဲ့ပါတယ်။ “ဘယ်သူမှ စောင့်မနေချင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် ကလေးကို ချီပြီး သင်ပုန်းမှာ စာဆက်သင်ပါတော့မယ်” လို့ သူပြောခဲ့ပါတယ်။ သူဟာ ဓာတ်ငွေ့ဥပဒေသရဲ့ ပုံသေနည်းအကြောင်း ကျောင်းသားတွေကို ရှင်းပြတဲ့အခါ အစ်ဇီဟာ မိနစ်နှစ်ဆယ်လောက် ပျော်ပျော်ရွှင်ရွှင် သူ့ဆီမှာ ရှိနေခဲ့ပါတယ်။ ဘလက်ခ်က ဓာတ်ပုံတစ်ပုံ ရိုက်မိခဲ့ပါတယ်။ “ဆရာ ကလေးကို ချီထားတဲ့အချိန် ကျွန်မ မှတ်စုတွေ လိုက်ရေးနိုင်ခဲ့ပါတယ်” လို့လည်း ဘလက်ခ်က ပြောခဲ့ပါတယ်။ သူသင်ပုန်းပေါ်မှာ စာရေးနေတဲ့အချိန် သူဟာ အစ်ဇီကို ကစားဖို့ အဖုံးဖုံးထားတဲ့ မာကာတစ်ချောင်း ပေးထားခဲ့ပါတယ်။ ဘလက်ခ်က သူ့ရဲ့ကြင်နာတဲ့ အမူအရာအတွက် ကျေးဇူးတင်လို့ မဆုံး ဖြစ်နေပါတော့တယ်။

Ref: www.independent.co.uk “Physics professor takes lecture with student’s baby on his hip”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top